![]()
မူယန်း/မတ် ၁၂
စက်သုံးဆီ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း အကြိမ်ကြိမ် တန်းစီဝယ်ယူမှုကို ထိန်းချုပ်ရန်အတွက် ယနေ့ (မတ် ၁၂) မှ စတင်ကာ ဖုန်း အပ်ပလီကေးရှင်း (Application) စနစ်ဖြင့် စိစစ်ရောင်းချသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါစနစ်သည် ဆီလက်ကျန် အခြေအနေနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ နည်းပညာအသုံးပြု၍ စောင့်ကြည့်ကြပ်မတ်မှုတစ်ရပ် ဖြစ်ကြောင်း သိရသည်။

ယခုစနစ်သစ်အရ ယာဉ်ပိုင်ရှင်များအနေဖြင့် သီးသန့် Register (မှတ်ပုံတင်ခြင်း) ပြုလုပ်ရန် မလိုအပ်ဘဲ၊ ဆီဆိုင်ဝန်ထမ်းများက ယာဉ်၏ Wheel Tax Barcode ကို Scan ဖတ်စစ်ဆေးပြီးမှသာ ရောင်းချပေးမည်ဖြစ်သည်။
စက်သုံးဆီ ဝယ်ယူရာတွင် မော်တော်ယာဉ်များအနေဖြင့် မိမိတို့ယာဉ်ရှိ Wheel Tax Barcode ကို Scan ဖတ်စစ်ဆေးခံရမည်ဖြစ်ပြီး၊ ဆိုင်ကယ်များအတွက်မူ သက်ဆိုင်ရာ အရောင်းဆိုင်များတွင် QR Code သီးသန့်ထုတ်ယူကာ ဝယ်ယူရမည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။
စနစ်အတွင်း စစ်ဆေးချက်အရ တစ်ရက်လျှင် တစ်ကြိမ်သာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်အကြိမ်ထက် ပိုမိုဝယ်ယူရန် ကြိုးပမ်းပါက System က အလိုအလျောက် တားမြစ်မည်ဖြစ်သည်။

အဆိုပါ နည်းပညာအသုံးပြု ထိန်းချုပ်သည့်စနစ်ကို လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီး (၄) မြို့၌ စတင်စမ်းသပ် ဆောင်ရွက်လျက်ရှိပြီး၊ စမ်းသပ်ကာလ ပြီးဆုံးပါက ကျန်ရှိသည့် မြို့ကြီးများသို့ပါ ဆက်လက်တိုးချဲ့ ကျင့်သုံးသွားရန် စီစဉ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ Online Monitoring Center မှတစ်ဆင့် စက်သုံးဆီ ဖြန့်ဖြူးမှု လုပ်ငန်းစဉ်တစ်ခုလုံးကို အချိန်နှင့်တပြေးညီ (Real-time) စောင့်ကြည့်ကြပ်မတ်နေပြီး၊ ဆီဆိုင်များ၏ ရောင်းချမှုအခြေအနေကိုလည်း ဤစနစ်ဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#စစ်ကော်မရှင် #စက်သုံးဆီ #Applicationsystem #ThanLwinKhetNews
