![]()
ဆောင်းလေအေးအေးက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်သို့ ဖြတ်သန်းတိုက်ခတ်နေ၏။ မြစ်အစပ် မိုးကာတဲများအတွင်းရှိ လေးကေ့ကော်ဒေသခံများ ရင်ထဲတွင် အိမ်လွမ်းစိတ်ဖြင့် ပူလောင်နေခဲ့သည်မှာ ၄ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။
လွန်ခဲ့သည့် ၄ နှစ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမတိုင်မီအထိ “လေးကေ့ကော်” ဆိုသော အမည်နာမကို ငြိမ်းချမ်းရေးသင်္ကေတ၊ ငြိမ်းချမ်းရေးမြို့တော်အဖြစ် လူသိများခဲ့၏။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးအပြီး၌ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့ အဆိုပါမြို့ကို တည်ထောင်ခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးမြို့သစ်ငယ်လေးတွင် စနစ်ကျသော အကွက်အကွင်းများ၊ သပ်ရပ်သော ပုံစံတူ နေအိမ်များနှင့် အပန်းဖြေစရာနေရာများဖြင့် လူစည်ကားစပြုလာခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ အိပ်မက်ဆိုး
သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က စတင်ခဲ့သော တိုက်ပွဲများကြောင့် သင်္ကေတ၊ ပြယုဒ်အားလုံးသည် ဇောက်ထိုးမိုးမျှော်အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
စစ်တပ်၏ အာဏာသိမ်းနောက်ပိုင်းတွင် အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် နိုင်ငံရေးလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် လူငယ်များသည် လုံခြုံမှုရှာဖွေရင်း လေးကေ့ကော်မြို့နှင့်အနီးတဝိုက်ကို ရောက်ရှိ ခိုလုံခဲ့ကြသည်။ အဆိုပါအခြေအနေတွင် ဒီမိုကရေစီအရေးဆိုသည့်စကားရပ်ကို လက်မခံသောစစ်အုပ်စု၏ တပ်များက လေးကြိမ်ထက်မနည်း ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၄ ရက်တွင်မူ စစ်အုပ်စုက လေးကေ့ကော်မြို့တွင်းသို့ အင်အားသုံးဝင်ရောက်ကာ စီးနင်းဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။
အဆိုပါ အခြေအနေကို လက်မခံနိုင်တော့သည့် အချိန် ဒီဇင်ဘာ ၁၅ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်အုပ်စုတပ်များကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ရက်တွင်ပင် ငြိမ်းချမ်းရေးမြို့တစ်ဝိုက် လက်နက်ကြီးသံများ၊ သေနတ်သံများဖြင့် သောသောညံခဲ့ရသည်။ ထို့အပြင် စစ်အုပ်စုက လေးကေ့ကော်မြို့ကို လက်နက်ကြီး၊ လက်နက်ငယ်သာမက လေကြောင်းကပါ တိုက်ခိုက်လာခဲ့သည်။

လေးနှစ်တာ ခရီးအစ
အဆိုပါ ဆက်တိုက်ပစ်ခတ်လာသော ဗုံးများ၊ ကျည်များကြားတွင် လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ ရသေ့ဂူ၊ ဖလူးကြီးနှင့် ဖလူးလေးစသော ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် သောင်ရင်းမြစ်ကမ်းနဖူးဆီ အသက်လု ထွက်ပြေးခဲ့ကြရသည်။
“သုံးနှစ်ကျော်ကျော်တုန်းကတော့ ပြန်ရတော့ ကိုယ့်အိမ်လေးဆီကို။ ကိုယ့်နေရာလေးမှာ ကိုယ်ပြန်ရတဲ့အခါကျတော့ နည်းနည်း အပျက်အစီးရှိပေမယ့်လည်း ပြင်စရာရှိတာ ပြင်တာပေါ့။ ပြင်စရာရှိတာ ပြင်ပြီးတော့ ၆ လအကြာမှာ ပြန်ပြေးရတယ်။ ပြန်ပြေးရတဲ့အချိန်မှာ တစ်ခါပြေး နှစ်ခါပြေး ဆိုတော့ လူရဲ့ စိတ်ဓာတ်တွေကလည်း ချုံးချုံးကျတယ်” ဟု ပလောတပို့စစ်ရှောင်စခန်းတာဝန်ခံ နော်ဖော်လွဲက စစ်ဘေးရှောင်များ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ရင်ဖွင့်ပြောပြသည်။
လေးနှစ်တာ သံသရာနှင့် ကုန်ဈေးနှုန်းဒဏ်
၄ နှစ်တာ ကာလအတွင်း လေးကေ့ကော်ဒေသစစ်ဘေးရှောင်များသည် နေရာအသီးသီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ လက်ရှိအချိန်တွင် ဒုတိယအကြိမ်ပြန်လည် ခိုလှုံနေရသော ပလောတပို့စစ်ရှောင်စခန်းတစ်ခုတည်းမှာပင် အိမ်ထောင်စု ၆၉၀ မှ လူဦးရေ ၂,၀၀၀ ကျော် ရှိနေသည်။ ၎င်းတို့အနက် ၁၈ နှစ်အောက် ကလေးငယ် ၈၀၀ ခန့် ပါဝင်သည်။
အဆိုပါအရေအတွက်သည် လက်ရှိ လေးကေ့ကော်ဒေသစစ်ဘေးရှောင်အရေအတွက်၏ သုံးပုံတစ်ပုံခန့်ရှိသည်ဟု ၎င်းက ပြောသည်။
“ဒီ နှစ်သစ်မှာ ဖြစ်ချင်တာကတော့ အမြန်ငြိမ်းချမ်းဖို့ပဲပေါ့နော်။ ဒါပေမဲ့ အခု ဒီလိုမျိုး အခက်အခဲတွေကြားမှာ ကိုယ်ကသာ ငြိမ်းချမ်းချင်တာ ကျွန်မတို့ ဒီ စစ်ဘေးရှောင်မှာက ကြားနေရတာက လက်နက်သံတွေက ပိုပြီးတော့တောင် စိပ်လာတယ်။ သေနတ်သံ၊ စက်လက်ဆွဲသံတွေကအစ နီးနီးကပ်ကပ် တအားကြီး နီးတဲ့အတွက် တချို့ အသက်ကြီးရွယ်အိုတွေ ဒီဘက်က သူတွေက ကြောက်ရွံ့လာတယ်” ဟု နော်ဖော်လွဲက လက်ရှိအခြေအနေကို ဆိုသည်။

စားဝတ်နေရေးနှင့် အလုပ်အကိုင် အကျပ်အတည်း
စစ်ဘေးရှောင်များအတွက် စိန်ခေါ်မှုက အဆိုပါ စစ်ပွဲတစ်ခုတည်း မဟုတ်ပေ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကလည်း စိန်ခေါ်မှုတစ်ခုဖြစ်လာသည်ဟု ဆိုကြသည်။
“ဒီနှစ်ပိုင်းမှာက ကျားဖြန့်တွေများတဲ့ ဒေသအတွင်းဆိုတော့ နှိမ်နင်းရေးလုပ်တော့ ထိုင်းက လမ်းတွေလည်း ပိတ်တယ်။ ဒီဘက်အခြမ်းသွားလာရေးမှာလည်း ကားလမ်းပေါ်တင် တိုက်ပွဲက ဆက်တိုက်ဆိုတော့ ကုန်စည် စီးဆင်းမှုက အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေက မြင့်တက်လာတယ်။ ဒီမှာ ဝယ်စားရတဲ့ ဟာတွေက ဥပမာ ထိုင်းဘက်က ပတ်လာတဲ့ ဟာတွေကိုပဲ ဝယ်ရတဲ့အခါကျတော့ ကုန်ဈေးနှုန်းတွေကလည်း မြင့်လာတယ်” ဟု နော်ဖော်လွဲက ဆိုသည်။
စစ်ရှောင်သက်တမ်းကြာလာသည်နှင့်အမျှ အလှူရှင်များ၏ ထောက်ပံ့မှု လျော့နည်းလာခြင်းနှင့် စစ်ရှောင် လူဦးရေတိုးပွားလာခြင်းက စားနပ်ရိက္ခာ အခက်အခဲကို ပိုမိုကြီးထွားစေသည်ဟု ဆိုသည်။
“ဒီနှစ်က ခါတိုင်းနှစ်တွေနဲ့ မတူတာက ဒီတစ်ခါ စစ်ဘေးရှောင်လာရတာက ဖလူး၊ မင်းလက်ပံ၊ လေးကေ့ကော်က လူတွေသာ မကဘဲနဲ့ ရွှေ့ပြောင်းလုပ်သားတွေပါ ကျွန်မတို့ ကမ့်ထဲကို ရောက်လာတော့ အိမ်ထောင်စုလည်း ပိုများလာတယ်။ စစ်ရှောင်တွေလည်း ပိုများလာတယ်။ ပိုများလာတာနဲ့အမျှ စားနပ်ရိက္ခာက ပိုအခက်အခဲဖြစ်လာတယ်” ဟု နော်ဖော်လွဲက ရှင်းပြသည်။

အလုပ်အကိုင်မရှိ၊ အလှူရှင်များကိုသာ မျှော်လင့်နေရဆဲ
ဒေသတွင်း နေ့စဉ်နှင့်အမျှသော တိုက်ပွဲများကြောင့် အလုပ်အကိုင် ရှားပါးမှုကလည်း ကြီးမားသော ပြဿနာတစ်ခုဖြစ်သည်။ တိုက်ပွဲများကြောင့် မလုပ်ကိုင်နိုင်သော၊ လုပ်ကိုင်ပြီး မရိတ်သိမ်းရဲသော စိုက်ပျိုးရေးလုပ်ငန်းခွင်များကြောင့် နေ့စားအလုပ်သမားများအတွက် အလုပ်အကိုင် ပိုမိုရရှိရန် ခက်ခဲလာခဲ့သည်။
Every Time
“ဒီအချိန်ဆို ပြောင်းချိုးရမယ့်အချိန်၊ ပဲရိတ်ရမယ့်အချိန်၊ ဒီ တိုက်ပွဲတွေ ဖြစ်တဲ့အခါကျတော့ ပြောင်းလည်း မချိုးရဘူး။ ပဲတွေ မရိတ်ရတဲ့အခါကျတော့ ဒီနေ့စားအလုပ်သမားဘဝနဲ့ စားဝတ်နေရေးဖြေရှင်းနေရတဲ့ စစ်ဘေးရှောင်တွေအတွက်က အရမ်းကို အခက်အခဲ ဖြစ်လာတယ်” ဟု နော်ဖော်လွဲက ပြောသည်။
အဆိုပါ အခြေအနေများကြားတွင် နိုင်ငံတကာအကူအညီများ လျော့ပါးလာသည့်အပြင် စစ်ဘေးရှောင်အရေးကူညီနေသူများနှင့် ချိတ်ဆက်ရာတွင်လည်း လောက်ငှအောင်ကူညီရန်မှာ အခက်အခဲကြုံတွေ့လာရသည်ဟု စစ်ရှောင်စခန်းတာဝန်ခံများက ပြောသည်။
လော့ခေါ်စစ်ရှောင်စခန်းတာဝန်ခံ ဒေါ်အယ်ဝါးက “ကျွန်မတို့ တောင်းဆိုချင်တာကတော့ ကျွန်မတို့လည်း စစ်ရှောင်လာခဲ့တာလည်း လေးနှစ်ကျော်ပြီပေါ့နော်။ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်လို့ ရတဲ့ အခြေအနေ မရှိဘူး။ အဲတော့ ကိုယ့်အိမ်ကိုယ့်ရာပြန်သွားလို့ မရခင်မှာပဲ အမြဲတိုင်း အလှူရှင်ကို လိုအပ်ပါတယ်။ အလှူရှင်ကိုပဲ မှီခိုနေကြရပါတယ်။ ကျေးဇူးပြု၍ ဝိုင်းဝန်းပြီးတော့ ကူညီထောက်ပံ့ပေးပါလို့ အနူးညွှတ်တောင်းပန်ချင်ပါတယ်” ဟုပြောသည်။
ဝမ်းစာအပူ ဘယ်လိုဝိုင်းကူမလဲ
နွေဦးတော်လှန်ရေး၏ အစောပိုင်းကာလမှ လေးကေ့ကော်ဒေသတိုက်ပွဲသည် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
အဆိုပါအချိန်မှစ ယနေ့အချိန်အထိ ၄ နှစ်ဆိုသော အချိန်ကာလသည် လူတစ်ယောက်၏ ဘဝတစ်စိတ်တစ်ပိုင်းကို ပြောင်းလဲပစ်ပေးနိုင်သော ပမာဏတစ်ခုဖြစ်သည်။
၎င်းကာလအတွင်း သောင်ရင်းမြစ်ကမ်းအနီးရှိ လေးကေ့ကော်ဒေသခံ ကလေးငယ်များမှာ ဒရုန်းအန္တရာယ်၊ လေယာဉ်အန္တရာယ်များကြားတွင် ပညာရေးဆုံးရှုံးခဲ့ရသည်။
လူငယ်နှင့် လူကြီးများမှာ တိုက်ပွဲများ၊ မြေမြုပ်မိုင်းများကြားတွင် အလုပ်အကိုင်မဲ့ရသည်။ အချို့မှာ ကိုယ်လက်အင်္ဂါနှင့် အသက် ဆုံးရှုံးကြရသည်။ အိုမင်းမစွမ်းသူများနှင့် သက်ကြီးရွယ်အိုများမှာ လက်နက်ကြီးသံ၊ လက်နက်ငယ်သံများ၊ ဗုံးသံများကြားတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်။

ထိုသို့သောအခြေအနေများကြားတွင် ဒီမိုကရေစီအရေးနှင့်အတူ မြို့လုံးကျွတ် စစ်ဘေးဒဏ်သင့်ခဲ့ရသော လေးကေ့ကော်ပြည်သူများ၏ ပြင်းပြသော မျှော်လင့်ချက်မှာ”အမြန်ဆုံး အိမ်ပြန်ရမယ်” ဟူသည်ပင် ဖြစ်သည်။
အဆိုပါ အိမ်ပြန်လမ်းအိမ်မက်များကြားမှ လက်တလောကြုံတွေ့နေရသော လေးကေ့ကော်ပြည်သူတို့၏ ဆောင်းရာသီကာလ ဝမ်းရေးအပူမီးကိုမူ ဝိုင်းဝန်းကူညီပေးရန် လိုအပ်လျက်ရှိနေသည်။
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
