![]()
သံလွင်ခက်/မတ် ၁၂
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူ) အတွင်းသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်နှင့် ၁၂ နာရီ ၅၇ မိနစ်အချိန်တို့တွင် ခမရ (၂၀) မှ ပါရာမော်တာ (Paramotor) ကို အသုံးပြုကာ ရွှေကျင်မြို့နယ် (ဆောထိ)၊ အင်းကွေ့ကျေးရွာ (အောပလား) သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မေသွယ်လင်း (၄၃ နှစ်)၊ ဂေလယ်ဒါး (၆ နှစ်)၊ ဂျာရီး (၂၈ နှစ်)၊ ဒေါ်မကူ (၄၀ နှစ်)၊ မနိုစင်လင်း (၆ နှစ်)၊ ဒေါ်မူကီကီ (၄၅ နှစ်) တို့ သေဆုံးခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာတွင် အသက် ၉ နှစ်အရွယ် မောင်နိုဘယ်လင်း မှာ လက်နှင့် ခြေထောက်တို့ ပြတ်တောက်သွားသည့်အတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသက် ၃၈ နှစ်အရွယ် ဦးထွန်းဇော်ဦး မှာလည်း ပခုံးတွင် ပြင်းထန်ဒဏ်ရာရရှိကာ အခြေအနေစိုးရိမ်ရဆဲဖြစ်ပြီး၊ အသက် ၅၀ အရွယ်ရှိ ဒေါ်နန်းဌေးအောင် (ပေါင်ဒဏ်ရာ) နှင့် ဦးတီးဒါးဖိုး (ခါးဒဏ်ရာ) တို့လည်း ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။
ပြီးခဲ့သည့် မတ် ၅ ရက်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်က အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကာ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားအပြီး တပတ်အကြာတွင် ယခုကဲ့ စစ်ကော်မရှင်တပ်က အရပ်သားများကို ထပ်မံ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
