![]()
သံလွင်ခက်/မတ် ၁၂
အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုနှင့်အတူ အရှေ့အလယ်ပိုင်းစစ်ပွဲ အခြေအနေများကြောင့် အီရန်အမျိုးသားအသင်းသည် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ကြေညာလိုက်သည်။
အီရန်၏နေရာတွင် အစားထိုးရန် အီရတ်၊ ယူအေအီးနှင့် အီတလီအသင်းတို့ နာမည်ထွက်နေသော်လည်း ဒေသတွင်းစစ်မီးကြောင့် ခရီးသွားလာရေး အခက်အခဲများ ရှိနေသည်။
ဖီဖာ (FIFA) အနေဖြင့် ၎င်းတို့၏ စည်းမျဉ်းအရ လစ်လပ်သွားသောနေရာအတွက် မည်သည့်အသင်းကိုမဆို ရွေးချယ်ပိုင်ခွင့်ရှိနေသည်။
အမေရိကန်က အီရန် ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဒေသတွင်း စစ်မီးမွှေနေခြင်းကြောင့် ယခုနှစ်နွေရာသီတွင် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အီရန်အားကစားဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ထို့ကြောင့် အီရန်၏နေရာတွင် မည်သည့်အသင်းက အစားထိုးဝင်ရောက်လာမည်နည်းဆိုသည့် မေးခွန်းမှာ အားကစားလောကတွင် စိတ်ဝင်စားစရာ ဖြစ်လာသည်။
” ဒီအကျင့်ပျက်ခြစားနေတဲ့ အစိုးရ (အမေရိကန်) က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ထားတဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာမဆို ကမ္ဘာ့ဖလားကို သွားရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး ” ဟု အီရန်အားကစားဝန်ကြီး အာမက် ဒွန်ယာမာလီက ဗုဒ္ဓဟူးနေ့တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
လာမည့် ဇွန်လ ၁၁ ရက်တွင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ကမ္ဘာ့ဖလားသို့ အီရန်အမျိုးသားအသင်း စေလွှတ်မည်မဟုတ်ကြောင်း တရားဝင် ကြေညာလိုက်ခြင်းဖြစ်သည်။
အီရန်ဘက်က “လုံခြုံရေး အာမခံချက်မရှိခြင်း” နှင့် “နိုင်ငံရေးဆိုင်ရာ တရားမျှတမှု” တို့ကို အကြောင်းပြကာ ယခုကဲ့သို့ သပိတ်မှောက် (Boycott) ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အသင်းအား ပြိုင်ပွဲဝင်ခွင့်ပြုမည်ဖြစ်ကြောင်း မိမိကို အာမခံချက်ပေးခဲ့သည်ဟု ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ထုတ်ဖော်ပြောကြားပြီး နာရီပိုင်းအကြာတွင် ဒွန်ယာမာလီ၏ နုတ်ထွက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်၏ နုတ်ထွက်မှု အတည်ဖြစ်သွားပါက ၎င်းတို့၏နေရာတွင် မည်သည့်နိုင်ငံက အစားထိုးဝင်ရောက်မည်နည်းဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာသည်။
အာရှဇုန်ခြေစစ်ပွဲ အောင်မြင်ထားသော အီရန်အသင်းသည် အုပ်စုအဆင့်တွင် ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်တို့နှင့်အတူ လော့စ်အိန်ဂျလိစ်နှင့် စီယက်တဲလ်မြို့များတွင် ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသူဖြစ်သည်။
အဖြစ်နိုင်ဆုံး အခြေအနေမှာ အာရှခြေစစ်ပွဲ ရလဒ်များအတိုင်း အဆင့်ဆင့် တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် တိုက်ကြီးများအကြား ရှုံးထွက်ပွဲစဉ် (Play-off) တွင် အသာရနေသော အီရတ်အသင်းသည် အီရန်၏ ကမ္ဘာ့ဖလား လက်မှတ်ကို ဆက်ခံရမည်ဖြစ်ပြီး၊ ပြုတ်သွားခဲ့သော ယူအေအီး (UAE) အသင်းသည်လည်း ရှုံးထွက်ပွဲစဉ် ကစားရန် အခွင့်အရေး ပြန်လည်ရရှိလာမည်ဖြစ်သည်။
အီရတ်အသင်း နည်းပြ ဂရေဟမ် အာနိုးကလည်း “အီရန်သာ နုတ်ထွက်မယ်ဆိုရင် ကျွန်တော်တို့က ပင်မပြိုင်ပွဲကို တိုက်ရိုက်တက်ရောက်ပြီး ယူအေအီးကို ရှုံးထွက်ကစားခွင့်ပေးတာက အသင့်တော်ဆုံးပါပဲ” ဟု ဆိုကာ ဖီဖာအနေဖြင့် အမြန်ဆုံး ဆုံးဖြတ်ပေးရန် တိုက်တွန်းထားသည်။
သို့သော်လည်း ဖီဖာ၏ ကမ္ဘာ့ဖလား စည်းမျဉ်း အပိုဒ် ၆.၇ အရ “အဖွဲ့ဝင်နိုင်ငံတစ်ခုခု နုတ်ထွက်ခြင်း သို့မဟုတ် ထုတ်ပယ်ခံရခြင်း ဖြစ်ပေါ်ပါက ဖီဖာသည် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Sole Discretion) ဖြင့် အဆိုပါကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အခြားနိုင်ငံတစ်ခုနှင့် အစားထိုးခြင်း အပါအဝင် လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်သည်” ဟု ဖော်ပြထားသည်။
ဤနေရာတွင် “ကိုယ်ပိုင်ဆုံးဖြတ်ခွင့်” ဆိုသည်မှာ ဖီဖာအနေဖြင့် မည်သည့်မူဘောင်အတွင်းမှမဆို ရွေးချယ်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။
တစ်နည်းအားဖြင့် အီရတ်ကဲ့သို့ အာရှဇုန် (AFC) မှ အသင်းကိုသာ ရွေးချယ်ရမည်ဟု ကန့်သတ်မထားခြင်း ဖြစ်သည်။
ကမ္ဘာ့မီဒီယာတစ်ခုဖြစ်သော ‘The Athletic’ ကလည်း ဖီဖာတွင် အစားထိုးမည့် စံနှုန်းအတိအကျ မရှိသည့်အတွက် ရှုံးထွက်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သည့် ဘိုလီးဗီးယား သို့မဟုတ် ဆူရီနမ်းတို့ တက်လာနိုင်သလို၊ ခြေစစ်ပွဲရှုံးသော်လည်း ဖီဖာအဆင့်အမြင့်ဆုံး ဖြစ်နေသည့် အီတလီအသင်းကို အစားထိုးခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
နိဂုံးချုပ်အနေဖြင့် ဖီဖာသည် အီရတ်၊ ယူအေအီး သို့မဟုတ် စီးပွားရေးနှင့် လူကြိုက်များမှုကို ကြည့်ကာ အီတလီ သို့မဟုတ် တရုတ်အသင်းကို ရွေးချယ်လျှင်ပင် ဥပဒေကြောင်းအရ ပြဿနာမရှိပေ။
သို့သော် ဖီဖာ၏ ဆုံးဖြတ်ချက်မှာ မရေမရာ ဖြစ်နေဆဲဖြစ်ပြီး၊ အသင်းပေါင်း ၄၈ သင်းဖြင့် ပထမဆုံးအကြိမ် ကျင်းပမည့် ယခုကမ္ဘာ့ဖလားသည် နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုများကြောင့် ပြိုင်ပွဲမစတင်မီကပင် သမိုင်းတလျှောက် အရှုပ်ထွေးဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
ရည်ညွှန်းကိုးကား- The Chosun Daily
