![]()
မူယန်း/မတ် ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဆုံဆည်းမြိုင်အခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (D.K.B.A.) သည် ၎င်းတို့၏ လက်အောက်ခံ တပ်ရင်းတစ်ခုမှ အရာရှိနှစ်ဦးကို အဖွဲ့အစည်းဝင်အဖြစ်မှ အပြီးပိုင် ထုတ်ပယ်လိုက်ကြောင်း ယမန်နေ့ (မတ်လ ၁၁ ရက်) တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပယ်ခံရသူများမှာ D.K.B.A. အမှတ် (၁) စစ်ကွပ်ကဲရေးလက်အောက်ခံ၊ အမှတ် (၉၁၅) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး စောထို့လွီ (ကိုယ်ပိုင်အမှတ် – က/၀၂၃၅) နှင့် ဗိုလ်ကြီး စောကရင်လေး (ကိုယ်ပိုင်အမှတ် – က/၁၀၆၄) တို့ ဖြစ်ကြောင်း သိရသည်။
D.K.B.A. ၏ ထုတ်ပြန်ချက်အရ အဆိုပါ အရာရှိနှစ်ဦးအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကို သွေဖည်ခြင်း၊ မိမိအား ပေးအပ်ထားသည့် တာဝန်များကို ကျော်လွန်ဆောင်ရွက်ခြင်း၊ အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်မှုများ ရှိနေခြင်း တို့ကြောင့် အဖွဲ့အစည်းမှ ထုတ်ပယ်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်
အဆိုပါ အရာရှိနှစ်ဦးသည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်းစောင့်ကြည့်သူအချို့က ယူဆနေကြသည်။
အသက် ၂၇ နှစ်အရွယ် ကရင်လူငယ်တစ်ဦးကမူ “ဒါက တော်လှန်ရေးမှာ DKBA ရဲ့ လက်ရှိနိုင်ငံရေး နဲ့ သူ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြလိုက်တာပဲ” ဟု သုံးသပ်ပြောကြားသည်။
လက်ရှိတွင် DKBA သည် စစ်ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီး NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။
သို့သော်လည်း နွေဦးတော်လှန်ရေးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေများ ရှုပ်ထွေးလာသည်နှင့်အမျှ DKBA ၏ ရပ်တည်ချက်အပေါ် ကရင်လူထုအကြား မကြာခဏ မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။
