လားရာမတူတော့တဲ့ နယ်ခြားစောင့်တပ်တွေ
*******
ကောင်းချစ်အောင်
မေ ၁၃၊ ၂၀၂၄။
နဝတ/နအဖ အစိုးရလက်ထက်မှာ ၂၀၀၈ အခြေခံဥပဒေကိုအသက်သွင်းပြီးတဲ့နောက် စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး ကူးပြောင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အဲဒီအချိန်တုန်းက အပစ်ရပ်ထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို စစ်တပ်ဩဇာခံနယ်ခြားစောင့်တပ် – BGF အဖြစ်ပြောင်းကြဖို့ ဖိအားပေးခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် BGF အဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြတဲ့ အဖွဲ့တွေရှိခဲ့သလို ငြင်းဆန်ခဲ့တဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ကိုလည်း မြန်မာစစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင် တိုက်ထုတ်ခဲ့ပါတယ်။
BGF အဖြစ်ပြောင်းလဲခဲ့တဲ့ အဖွဲ့အများစုဟာ စီးပွားရေးကိုပဲတစိုက်မတ်မတ်လုပ်ဆောင်ခဲ့တာ တွေ့ရပြီး ခုလက်ရှိ မှာဆိုရင်တော့ BGF တွေရဲ့ရပ်တည်ချက်တွေ လားရာတွေက ကွဲပြားလာနေပါတယ်။
သီရိပျံချီ စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် BGF
*******
နယ်ခြားစောင့်တပ် BGF လို့ပြောလိုက်ရင် အာဏာသိမ်းစစ်ခေါင်းဆောင်က သီရိပျံချီဘွဲ့ချီးမြင့်ခံထားရသူ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်က လူသိအများဆုံးနဲ့ အင်အားအကြီးဆုံးဖြစ်ပါတယ်။
တပ်ရင်း ၁၃ ရင်းအထိတဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်က တပ်ရင်းဖွဲ့စည်းပုံ ၅၂၈ ယောက် စာရင်းအပြည့်ဖြစ်ပြီး လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ တပ်သားတွေဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
၁၉၉၅ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံးအတွင်း ဘာသာရေးအကွဲအပြဲတစ်ခုဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာကရင် ရဲဘော်တွေဟာ KNU ကနေ ခွဲထွက်လာကာ ဒီမိုကရက်တစ် တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် DKBA ကိုဖွဲ့စည်းခဲ့ပါတယ်။ ကနဦးပိုင်း DKBA ဖွဲ့စည်းရာမှာ တပ်မှူးတစ်ယောက်ဖြစ်ခဲ့တဲ့ ဗိုလ်စောချစ်သူ လည်း ပါဝင် ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် မြန်မာစစ်တပ်က ထိုင်း – မြန်မာနယ်စပ်တလျှောက်က KNUရဲ့ အမာခံစခန်းကြီးတွေကို အပြင်းအထန် ထိုးစစ်ဆင်တဲ့နေရာမှာ DKBA က ပါဝင်ကူညီခဲ့ပါတယ်။ မြဝတီမြို့မြောက်ဘက်က KNU ရဲ့ ကော့မူးရာခေါ် ဝမ်ခသစ်စခန်းကြီးသိမ်းပိုက်နိုင်ခဲ့ရာမှာ DKBA ရဲ့ အကူအညီပါဝင်ခဲ့ပြီး အနီးဝန်းကျင်မှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသဟာ နောင်တစ်ချိန်မှာ ဗိုလ်စောချစ်သူရဲ့ BGFအတွက် ဗဟိုဌာနချုပ်ဖြစ်လာခဲ့ပါတယ်။
ခွဲထွက်လာတဲ့ DKBA တပ်ရင်းတွေကိုစုစည်းပြီး ၂၀၀၈ အခြေခံဥပဒေအတိုင်း ကရင်နယ်ခြားစောင့်တပ် BGF အဖြစ် ၂၀၁၀ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။
BGF ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းကတည်းက KNU အပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာမျိုးမရှိခဲ့ဘဲ စီးပွားရေးအခြေပြု တပ်အင်အားတိုးချဲ့မှုတွေသာ ဆက်တိုက်လုပ်ဆောင်လာခဲ့တာပါ။
ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးကို အဓိကတာဝန်ယူထားပြီး ဂိတ်တွေကနေတဆင့် အခွန်ငွေတွေ ရရှိသလို ရွှေကုက္ကိုလ်မြို့သစ်ကို တိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်။ ခုအချိန်မှာတော့ ရွှေကုက္ကိုလ်ဟာ တရုတ်လောင်းက စားနဲ့ လူကုန်ကူးဂိုဏ်းတွေရဲ့ ကျင်လည်ကျက်စားရာနေရာဖြစ်တယ်လို့ အမေရိကန်ရော တရုတ်နိုင်ငံကပါ ထင်ကြေးပေးမှုခံထားရတာ ဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုအပြီး စစ်အာဏာရှင်ကိုတွန်းလှန်လိုတဲ့ လူငယ်တွေ KNU ထိန်းချုပ်နယ်မြေထဲ ဝင်ရောက် လာချိန်မှာ BGF က စစ်ကောင်စီလက် အောက်ခံအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။ စစ်ကောင်စီဆီက လစာနဲ့ ရိက္ခာကို ရယူထားတဲ့ BGF တပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးရာမှာ ဒေသခံလမ်းပြအဖြစ် ပါဝင်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်း ကျားဖြန့်ပြဿာနာလှိုင်းလုံး မြန်မာနိုင်ငံကိုတိုက်ခတ်လာချိန်မှာတော့ စောချစ်သူရဲ့ နယ်ခြားစောင့်တပ်ဟာ လေသံပြောင်းလာခဲ့ပါတယ်။ ကရင်အမျိုးသားတပ်မတော်- KNA အဖြစ် သီးခြားရပ်တည် ကာ ဒေသတွင်းတိုက်ပွဲတွေမှာ ဝင်ရောက်မစွက်ဖက်တော့ဘူးလို့ ဆိုလာပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ဖွဲ့ဝင်တွေက မြဝတီမြို့အနီး သင်္ကန်းညီနောင် အခြေချ ဗျူဟာတစ်ခုလုံးကို ဧပြီ ၅ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်း-မြန်မာနယ်စပ်မျဉ်းနားအထိ တိုက်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် BGFဟာ မြဝတီမြို့ထဲ စစ်မီးကူးမလာအောင် လုံခြုံရေးအပြည့်ချထားပြီး ကာကွယ်ခဲ့ပါတယ်။ ဧပြီ ၂ ၃ရက်မှာတော့ စစ်ကောင်စီဟာ သူတို့ဆုံးရှုံးခဲ့ရတဲ့ ခလရ ၂၇၅ မှာ အလံပြန်လွှင့်တင်နေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပြန့်နှံ့လာခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်မှာ BGF ဘက်တံဆိပ် ယူနီဖောင်းဝတ်ဆင်ထားသူတွေလည်း ပါဝင်နေခဲ့တာပါ။
ကျားဖြန့်ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်နဲ့ အမေရိကန်နှစ်ခုလုံးက စောင့်ကြည့်နေချိန် BGF ရဲ့ နောက်ခြေလှမ်း အသစ်တွေကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
အပြီးတိုင်ဖျက်ဆီးခံလိုက်ရတဲ့ ကိုးကန့် BGF
*******
ရှမ်းပြည်နယ်ရဲ့ အရှေ့မြောက်ဘက်ဆုံးအစွန်အဖျားမှာရှိတဲ့ ကိုးကန့်ဒေသဟာ မြန်မာဗဟိုအစိုးရရဲ့ အာဏာစက် သက်ရောက်မှု အားနည်းရာနေရာလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုစတဲ့ တရားမဝင် ဒုစရိုက် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ၁၉၉၀ ဝန်းကျင်ကာလကတည်းက ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့တာပါ။
ဘိန်းမူးယစ်ရာဇာလို့ နာမည်ဆိုးထွက်တဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် – MNDAA ဟာ ဒေသတွင်း အင်အားကြီးမားဆုံးအဖွဲ့ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ် ပါတီ – ဗကပ ကနေ ခွဲထွက်လာပြီး မြန်မာစစ်တပ်နဲ့ နှစ်ကာလရှည်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီထား ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် ဧပြီ ၂၇ ရက်မှာ မြန်မာစစ်တပ်က ကိုးကန့်တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ ကမ်းလှမ်းရာမှာ ဖုန်ကြားရှင် က ငြင်းပယ်ခဲ့ပါတယ်။ BGF ပြောင်းလဲဖို့ စိတ်အားထက်သန်သူတွေဖြစ်တဲ့ ဦး ပယ်ဆောက်ချိန်၊ ဦးဝေရှောက်ရင် အပါအဝင် ၆ ဦးကို ကိုးကန့်အုပ်ချုပ်ရေးကော်မတီထဲကနေ ဖုန်ကြားရှင်က ထုတ်ပယ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သစ္စာဖောက်မှုနဲ့ ပြည့်နှက်နေတဲ့ ကိုးကန့်အရေးအခင်းပေါ်ပေါက် လာခဲ့ပါတယ်။
ဩဂုတ်လ ၆ ရက်မှာ မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့စက်ရုံလို့ ယူဆထားတဲ့ နေရာတစ်ခုကို ဝင်ရောက်ရှာဖွေဖို့ မြန်မာစစ်တပ်က ဝရမ်းထုတ်ခဲ့ပါတယ်။ ၈ ရက်မှာတော့ ဖုန်ကြားရှင် နေအိမ်ကို ရဲတွေရောက်ရှိလာကာ မြန်မာ စစ်တပ်ရဲ့ ကိုးကန့်တိုက်ခိုက်မှု စစ်ဆင်ရေး စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အာဏာသိမ်းစစ်ခေါင်းဆောင် ဖြစ်လာမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကိုးကန့်ထိုးစစ်ကိုကွပ်ကဲရတဲ့ အမှတ် – ၂ စစ်ဆင်ရေး အထူး အဖွဲ့မှူး – ကစထမှူး အဖြစ် တာဝန်ယူထားခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့ထိုးစစ်ကို အသည်းအသန်ခံနေရချိန်မှာ ပယ်ဆောက်ချိန်နဲ့ ဝေရှောက်ရင်တို့ဟာ ကိုးကန့်ဒေသ ယာယီကော်မတီကိုဖွဲ့စည်းပြီး အာဏာသိမ်းခဲ့ပါတော့တယ်။ MNDAA တပ်ဖွဲ့ဟာ ကိုးကန့်ဒေသကို စွန့်လွှတ် လိုက်ရပြီး ခေါင်းဆောင်တွေလည်း တရုတ်ဘက်ထွက်ပြေးခဲ့ရသလို တချို့ကတော့ ဖုန်ကြားရှင်ရဲ့ သမက်ဖြစ်သူ ဦးစိုင်းလင်းရဲ့ မိုင်းလားဒေသထဲ ခိုလှုံခဲ့ကြရပါတယ်။
ဒီဇင်ဘာမှာတော့ မြန်မာစစ်အစိုးရရဲ့အလိုဆန္ဒအတိုင်း အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ကိုးကန့် BGF ပေါ်ပေါက် လာကာ ဝေရှောင်ရင်ရဲ့ ညီဖြစ်သူ ဦးဝေဆန်း(ခ) ဝေဟွိုင်းရန်က ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ပယ်ဆောက်ချိန်ကို ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ်အပ်နှင်းခံရပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဩဇာခံတွေဟာ ကာစီနို၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပြည့်နှက်နေတဲ့ စီးပွားရေးအင်ပါယာတစ်ခု တည်ထောင် နိုင်ခဲ့ပါတယ်။
ဒါတွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမတိုင်ခင်အထိလို့ ပြောနိုင်ပါတယ်။ လောက်ကိုင် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကြောင့် တရုတ်နိုင်ငံက ကန်ဒေါ်လာ ဘီလီယံနဲ့ချီ နှစ်တိုင်းထိခိုက်နေရပါတယ်။
အဲဒါကြောင့် အောက်တိုဘာ ၂၇ ရက်မှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ကျားဖြန့်အမြစ်ဖြတ်ရေး ရည်ရွယ်ချက် ပါဝင်တဲ့ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်ဂိတ်မှာရှိတဲ့ ရဲတပ်ဖွဲ့ကို လျှပ်တပြက် စတင်တိုက်ခိုက်ခဲ့ပြီး အငိုက်မိသွားတဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက စခန်း ၃၀၀ ကျော် ဆုံးရှုံးလိုက်ရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာတော့ ဦးပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရဘက်က ဝရမ်းထုတ်ခဲ့ပါ တော့တယ်။ စစ်ကောင်စီဟာ ပယ်ဆောက်ချိန်တို့ကို လောက်ကိုင်မြို့ကနေကယ်ထုတ်ပေးခဲ့ပြီး နေပြည်တော်မှာ ၁ လကျော်ကြာ အကာအကွယ်ပေးထားခဲ့ပေမယ့်လည်း ဇန်နဝါရီ ၃၁ ရက်မှာတော့ တရုတ်အစိုးရဆီ လက်လွှဲပေးခဲ့ ပါတယ်။ လွှဲပြောင်းပေးတဲ့အထဲမှာ ကိုးကန့်BGF အကြီးအကဲ ဝေဟွိုင်းရန်လည်း ပါဝင်ခဲ့ပါတယ်။
ဇန်နဝါရီ ၅ ရက်မှာ လောက်ကိုင်မြို့ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီနဲ့ ကိုးကန့်BGF တပ်ဖွဲ့ဝင် စုစုပေါင်း ၂,၄၀၀ ကျော် လက်နက်ချခဲ့ပြီးတဲ့နောက်မှာတော့ ကိုးကန့်နယ်ခြားစောင့်တပ် နိဂုံးချုပ်သွားခဲ့ပါတယ်။
တော်လှန်ရေးဘက် ရပ်တည်ခဲ့တဲ့ ကရင်နီ BGF
********
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ကနေခွဲထွက်လာတဲ့ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ် ဦး – ကလလတ ဟာ မြန်မာစစ်တပ်နဲ့ ၁၉၉၄ ခုနှစ်မှာ အပစ်ခတ်ရပ်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာတော့ နအဖအစိုးရရဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲရေးကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး အမှတ် ၁၀၀၄နဲ့ ၁၀၀၅ နယ်ခြားစောင့်တပ်ရင်း ၂ ခု ဖြစ်လာခဲ့ပါတယ်။
ကလလတဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာဖြစ်ပွားခဲ့တဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာဖြစ်စဉ်မှာလည်း ရဲဘော် ၄ ဦး သေဆုံးခဲ့ရပါတယ်။ မိုဆိုရွာဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုစုပေါင်း ၄၉ ဦးကို ကား ၆ စီး၊ ထော်လာဂျီ၊ ဆိုင်ကယ် ၅ စီးနဲ့အတူ မီးရှို့သတ်သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်မှာ ကလလတ ဟာ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့မရဲစခန်းနဲ့ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁ ရက်ကျမှသာ ကလလတဟာ စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက် ထုတ် နေပြီလို့ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
လက်ရှိမှာလည်း ကရင်နီတပ်မတော် – KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တို့နဲ့အတူ စစ်ရေးလှုပ်ရှားလျက် ရှိနေပါတယ်။
ငြိမ်းချမ်းရေးမူကို လက်ကိုင်ထားနေဆဲ ကချင် BGF
******
ကချင်ပြည်နယ် အထူးဒေသ – ၁ အဖြစ်သတ်မှတ်ခံထားရတဲ့ ပန်ဝါအခြေစိုက် ကချင်ဒီမိုကရေစီသစ် တပ်မတော်- NDAK ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခဲ့ပါတယ်။
အမှတ် ၁၀၀၁၊ ၁၀၀၂နဲ့ ၁၀၀၃ တပ်ရင်း ၃ ရင်း ပါဝင်ပြီး ပန်ဝါ၊ ကန်ပိုက်တီနဲ့ ချီဖွေမြို့နယ်တွေမှာ အဓိက စစ်ရေး လှုပ်ရှားနေပါတယ်။ ကချင်ပြည်နယ်မှာ လူမျိုးစုအလိုက် ပြည်သူ့စစ်တပ်ဖွဲ့တွေများပေမယ့် NDAK သာ BGF အဖြစ် တည်ရှိနေတာပါ။
NDAK ခေါင်းဆောင် ဦးစခုန်တိန်ယိန်းဟာ အသက်အရွယ်ကြောင့် ကချင်အထူးဒေသ – ၁ အဖွဲ့ချုပ် ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့သလို ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပါသေးတယ်။
ဦးစခုန်တိန်ယိန်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကထုတ်ပြန်တဲ့ သဝဏ်လွှာမှာလည်း စစ်တိုက်ပြီး နိုင်ငံတော်အရေး ဖြေရှင်းလို့မရဘူးလို့ သူ့ရဲ့သဘောထားကို ဖော်ပြခဲ့ပါတယ်။ မတ်လ ၇ ရက်မှာ အရှိန်မြှင့်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ရဲ့ ထိုးစစ်မှာလည်း လက်ရှိအချိန်အထိ စစ်ကောင်စီဘက်ကနေ ပါဝင်တိုက် ခိုက်တာမျိုး မတွေ့ရသေးပါဘူး။
နယ်စပ်ဒေသတွင်း အင်အားချိန်ခွင်လျှာထိန်းညှိပေးထားတဲ့ နယ်ခြားစောင့်တပ်တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ရပ်တည် ချက်တွေ ကွဲပြားလာတာကို တွေ့ရပါတယ်။ ၂၀၂၃ နှောင်းပိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ဘက်ပေါင်းစုံက ထိုးစစ်တွေ အားကောင်းလာမှုနဲ့အတူ ယိုယွင်းလာတဲ့စစ်ကောင်စီတပ်ဟာ နယ်စပ်ဒေသကို ထိန်းချုပ်နိုင်မှု ဆုတ်ယုတ်လာနေပါတယ်။