ကျုံအိတ်တံတားမိုင်းခွဲခံရပြီးနောက် မိုးကောင်း – ရွှေရောင်ပြ လမ်းပိုင်းကသွားလာနေ
*******
သဇင်
မေ ၁၃၊၂၀၂၄။
ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မွန်ပြည်နယ် ဘီးလင်းနှင့် သထုံအစပ် ရွှေရောင်ပြကျေးရွာအနီးရှိ ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံပြီးနောက် ခရီးသည်တင်ယာဥ်များသည် မိုးကောင်း – ရွှေရောင်ပြ ခရိုင်ချင်း ဆက်လမ်းပိုင်းကိုအသုံးပြု၍ သွားလာနေကြသည်ဟု ကားသမားများထံကသိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက် မနက်ပိုင်းက မိုင်းခွဲခံရမှုကြောင့် တံတားပြိုကျပျက်စီးချိန်ကစပြီး ရွှေရောင်ပြကျေးရွာအနီးရှိလမ်းပိုင်းကနေ သထုံမြို့နယ် မိုးကောင်းကျေးရွာဘုရားအနီး ခရိုင်ချင်းဆက်လမ်းမှ ပြန်ထွက်ကာ သွားလာနေကြခြင်းဖြစ်သည်။
အဆိုပါလမ်းပိုင်းတွင်မောင်းနှင်နေသည့်ယာဥ်မောင်း ၁ ဦးက “မနေ့ နေ့လယ်လောက်ကစပြီး ခရိုင်ချင်းဆက် လမ်းကနေ ကားသေးတွေဖြတ်သွားနေကြတယ်။ တချို့က ရွှေရောင်ပြကနေဝင်၊ တချို့က ဒေါက်ရပ်စာသင် ကျောင်းဘေးကဝင်တယ်။ ပြီးရင် လမ်းပေါ်ရောက်ပြီးဆိုရင် ဒုံးဝန်းလမ်းကနေ ထွက်ရင်ထွက်၊ မဟုတ်ရင် မိုးကောင်းလမ်းကနေ ထွက်ပြီးသွားလို့ရတယ်”ဟုဆိုသည်။
ယင်းခရိုင်ချင်းဆက်လမ်းသည် လမ်းကျဉ်းသည့်အတွက် ကားအသေးလောက်သာ သွားလာနိုင်ပြီး ယခုတွင် ကုန်ကားကြီးများပါ ဝင်ရောက်လာမောင်းနှင်လာကြသည့်အတွက် လမ်းပိတ်ဆို့မှုများနှင့်ပါ ကြုံတွေ့နေရသည်ဟု ခရိုင်ချင်းဆက်လမ်းကြောင်းတွင် ပိတ်မိနေသူယာဥ်မောင်း ၁ ဦးက ပြောသည်။
၎င်းက “တောလမ်းက ပတ်သွားနေရတာ။ တချို့နေရာတွေဆိုရင် ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးရှောင်လွတ်ရုံပဲ ရှိတဲ့ နေရာတွေရှိတယ်။ လမ်းကကျဉ်းတော့ ကားကြီးတွေသွားမရဘူးပြောထားကြတာကို Express ကားရော ၁၂ ဘီးကားတွေပါ ဝင်လာတဲ့အခါကျတော့ လမ်းတွေပိတ်ကုန်တာ။ မနေ့ကဆို ညအိပ်စောင့်ရတဲ့ ကားတွေလည်းရှိတယ်။ ဒီနေ့မနက်မှာလည်း ၃ နာရီလောက် လမ်းကြောင်းပိတ်သွားသေးတယ်” ဟုဆိုသည်။
ယင်းအပြင် စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်သည့် ဘီးလင်း ကျုံအိတ်တံတားအား KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက ဒုတိယအကြိမ်မိုင်းခွဲဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ခရိုင်ချင်းဆက်လမ်းက ဖြတ်သန်းသွားလာရာ၌ လုံခြုံမှုမရှိသော်လည်း ယင်း အခြေအနေများကြားကပင် ဖြတ်သန်းသွားလာနေကြရသည်ဟု ခရီးသည် ၁ ဦးက ဆိုသည်။
၎င်းက “ကားတွေပိတ်နေတဲ့ကြားက အသံတွေကလည်း အုံးကနဲ အုံးကနဲ ပဲ။ ဘာမှမတတ်နိုင်ဘူး။ ကားကလည်း ဖြည်းဖြည်းချင်း တစ်ဘီးချင်းလှိမ့်ပြီးသွားနေရတာ။ လမ်းပေါ်ရောက်နေတော့ ဆက်သွားရုံအပြင် ဘာမှမတတ် နိုင်ဘူး” ဟုဆိုသည်။
ယခုအတိုင်းဆက်လက်သွားလာနေမည်ဆိုပါက လမ်းပိတ်ဆို့မှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ပြီး ကုန်ကားနှင့် ကားကြီးများကို အချိန်ခွဲလွှတ်ပေးရန် သက်ဆိုင်ရာဂိတ်တာဝန်ရှိသူများက စီမံပေးစေချင်သည်ဟု ယာဥ်မောင်း ၁ ဦးကဆိုသည်။
ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမိုင်းခွဲခံရပြီးနောက် ရန်ကုန် – မော်လမြိုင် နှင့် မော်လမြိုင် -ရန်ကုန် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲနေပြီဟု သိရသည်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က အများပြည်သူ အားထားအသုံးပြုနေသည့် ကျုံအိတ်တံတားအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲသဖြင့် ကမ်းကပ်ခုံ ၁၀၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့ပြီး ယာယီလမ်းလွဲနှင့် မူလပျက်စီးသွားသည့်တံတားနေရာကို ဘေလီတံတားအသစ် အမြန် တည်ဆောက်ရန် သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီတာဝန်ရှိသူများကို မှာကြားခဲ့သည်ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါကျုံအိတ်တံတားကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မိုင်းခွဲခဲ့သည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်စီးခဲ့ပြီး တံတားပြိုကျချိန်၌ ကား ၂ စီးတံတားအောက်ပြုတ်ကျခဲ့သဖြင့် လူသေဆုံးမှုလည်း ရှိခဲ့သည်။
ဓာတ်ပုံ-ပေးပို့။
ပုံစာ – မေလ ၁၂ ရက်က ကျေးရွာချင်းဆက်လမ်းပိုင်းတွင် ပိတ်မိနေသည့်ကားများ။