သမိုင်း၏မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၅
********
ဇေယျာဦး
မေ ၁၄၊ ၂၀၂၄။
(IJBS – လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ်တွင်ဖော်ပြထားသောယခုဆောင်းပါးကို စာတမ်းရှင် ဇေယျာဦး ၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်)
ထိုအချိန် တစ်ပြိုင်နက်တည်းတွင် စတုတ္ထနှစ်ကျောင်းသားများကို အလုပ်ရုံခန်းမကြီးထဲတွင် ဆက်လက်ထားရှိကာ စောင့်နေစေသည်။ ထိုနေ့ ညနေမှာပင် ကျောင်းသို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကျော်ဝင်း ရောက်ရှိလာသည်။ သို့သော် ဗိုလ်ချုပ်ကျော်ဝင်း ကိုယ်တိုင်မတွေ့ဘဲ ၎င်း၏လက်အောက် ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ကြည် (နောင်တွင် နေအိမ်အကျယ်ချုပ်ကျနေသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်သွယ်ပြောဆိုမှုများလုပ်ရန် စစ်အစိုးရက ခန့်အပ်ထားသည့် ဆက်ဆံရေးအရာရှိ ဦးအောင်ကြည်) သာ စတုတ္ထနှစ် ကျောင်းသားများနှင့် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် စတုတ္ထနှစ်ကျောင်းသားများ အဓိကထောက်ပြသည်မှာ ၁၉၉၉ ခုနှစ်က တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ(အေဂျီတီအိုင်) ဒီပလိုမာသင်တန်း ခေါ်ယူစဥ်က ကြေညာခဲ့သော သင်တန်းခေါ်စာ ဖြစ်သည်။ ထိုခေါ်စာပါ သတ်မှတ်ချက်များကို ကျောင်းသားများသဘောဆန္ဒမပါဘဲ တစ်ဖက်သတ် ပြင်ဆင်ပြောင်းလဲလိုက် ခြင်းအပေါ် ကျောင်းသားများက မေးခွန်းထုတ်ကြ သည်။ အဆိုပါခေါ်စာသည် ကျောင်းသားနှင့် အစိုးရတို့ကြား ချုပ်ဆိုခဲ့သော ပဋိဉာဉ်တစ်ခုဟုဆိုနိုင်ကြောင်း၊ ပဋိဉာဉ်တစ်ခုကို ပြင်ဆင်ပြောင်းလဲဖို့ ဆိုသည်မှာ နှစ်ဦးနှစ်ဖက်သဘောတူမှသာ ပြုလုပ်နိုင်ကြောင်း၊ ယခုအခါ အစိုးရက မိမိသဘောတစ်ခုတည်းဖြင့် ပြင်ဆင်လိုက်ခြင်းအတွက် ကျောင်းသားများ နစ်နာရကြောင်း စတုတ္ထနှစ် ကျောင်းသားများက ဥပဒေ ရှုထောင့်မှ ပြောဆိုသည်။ ထိုအချိန်တွင် ဗိုလ်မှူးချုပ်အောင်ကြည်ကိုယ်တိုင်က အဆိုပါခေါ်စာအကြောင်း သူ့အနေဖြင့် လုံးဝမသိခဲ့ရကြောင်း ဝန်ခံသွားခဲ့ရပြီး မည်သို့ဖြေရှင်းရမည်မှန်း မသိ ဖြစ်ခဲ့သည်။ ထိုနောက် တပ်မတော်တွင် ၎င်းတို့က မိဘများဖြစ်ပြီး ကျောင်းသားများက သားသမီးများသာဖြစ်ကြောင်း၊ မိဘများသည် သားသမီးများကောင်းစားရေးကိုသာ ရှေးရှုပြီး ဆောင်ရွက်လေ့ရှိကြောင်း၊ ထိုကြောင့် ကျောင်းသားများအနေဖြင့် လူကြီးမိဘ များ၏ ဆောင်ရွက်မှုအတိုင်းသာ နာခံလုပ်ဆောင်ရန် တာဝန်ရှိကြောင်း တပ်မတော် ရှုထောင့်မှနေ၍ ပြောကြားရင်း ဆွေးနွေးမှုကို အဆုံးသတ်လိုက်သည်။ ၎င်းတို့ ခေါင်းဆောင်ပိုင်းများဘက်မှ ပဋိဉာဉ်ချိုးဖောက်မှုကို တပ်မတော်တွင်း အမိန့် နာခံမှုသဘောတရားဖြင့် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ခြင်းသာဖြစ်သည်။ ထို့နောက် တွင်တော့ စတုတ္ထနှစ်ကျောင်းသားများကို ကားပေါ်သို့တက်ခိုင်းကာ ပြင်ဦးလွင် မြို့ပြင် (၃၁) မိုင်ရှိ ထိုစဥ်က ဗဟိုတပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်သို့ ခေါ်ဆောင်သွားကြတော့သည်။
ထိုအချိန်တွင် တတိယနှစ်ကျောင်းသားများမှာ ပြင်ဦးလွင်မြို့ အနောက် တောင်ဘက် (၇) မိုင်ခန့်အကွာ ဖောင်းတောရွာတွင် စစ်ဗျူဟာလေ့ကျင့်ရေး ဝင်နေရချိန်ဖြစ်သည်။ တကယ်တမ်းတွင် ကျောင်း၌ အခင်းဖြစ်ပွား သည့်နေ့က တတိယနှစ် ကျောင်းသားများအနေဖြင့် စစ်ဗျူဟာလေ့ကျင့်ရေးသတ်မှတ်ရက် ပြီးဆုံးသည့်နေ့ဖြစ် သည်။ နောက်တစ်နေ့မနက်တွင် ကျောင်းသို့ပြန်ရမည်ဖြစ် သည်။ နောက် တစ်နေ့မနက် ကျောင်းသားများက ကျောင်းပြန်ရန် ပြင်ဆင်နေ ကြချိန်တွင် ဗျူဟာအရာရှိများထံမှ အမိန့်တစ်ခုဝင်လာသည်။ စစ်ဗျူဟာလေ့ကျင့်ရေး ကာလကို နောက်တစ်ပတ် ထပ်တိုးလိုက်ကြောင်းနှင့် အခြား တစ်နေရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ပြောလာခြင်းဖြစ်သည်။ ထိုသို့ ပြောပြီး မကြာမီမှာပင် ကျောင်းသားများလက်ထဲတွင် ရှိနေသော လေ့ကျင့်ရေး သုံး ဘီအေ၆၃(G3)သေနတ်များကို လာရောက်သိမ်းယူသွားကြသည်။ အမှန်တကယ်တွင် ကျောင်းအုပ်ကြီးက ကျောင်း တွင် ဖြစ်နေသော အခြေအနေကြောင့် ထိုသို့ရက်ထပ်တိုးရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
ထိုအခြေအနေကို သံသယဖြစ်သော တတိယနှစ် ကျောင်းသားများက ကျောင်း၏ အခြေအနေကို စုံစမ်းရန် တတိယနှစ် ကျောင်းသား နှစ်ယောက်ကို ကျောင်းသို့ တိတ်တဆိတ် ပြန်လွှတ်၍ စုံစမ်းစေခဲ့သည်။ အဆိုပါ ကျောင်း သားများက ထိုနေ့ (၃၁.၅.၂၀၀၂) ညနေမှာပင် ကျောင်းသို့ရောက်ချိန်တွင် ဖမ်းဆီးခံ ပြီး၍ ပြန်လွတ်လာသော ကျောင်းသားများအပါအဝင် ဒုတိယနှစ် ကျောင်းသားအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကျောင်းတွင် ဖြစ်ပျက် သွားခဲ့သော အခြေအနေများကို ရှင်းပြခဲ့ပြီး စတုတ္ထနှစ်ကျောင်းသားကြီးများအား မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည် မသိကြောင်း၊ ကျောင်းတွင် တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ မနက်ဖြန် (၁.၆.၂၀၀၂) တွင် ယခုကိစ္စကို ကျောင်းသားများနှင့် တွေ့ဆုံဖြေရှင်း မည်ဖြစ်ကြောင်း ဒုတိယနှစ် ကျောင်းသားများထံမှ သိရသည်။ လက်ရှိ အခြေ အနေအရ အာဏာပိုင်များသည် ကျောင်းသားများကို အပတ်စဥ် တစ်ခုကို တစ် နေရာစီလူစုခွဲ၍ ပုံစံတစ်မျိုးစီဖြင့် သိမ်းသွင်းကာ ကျောင်းသားများ မူလ ဦးတည်ထားချက်များ ဝေဝါးအားပျော့သွားအောင် အကွက်ချစီမံနေကြောင်း တတိယနှစ် ကျောင်းသားများက သဘောပေါက်လိုက်သည်။ ထို့ကြောင့် တတိယနှစ် ကျောင်းသားများသည် နောက်ထပ်စစ်ဗျူဟာ (၇) ရက် ထပ်ဝင်ရန် လေ့ကျင့်ရေးဌာနမှ အမိန့်ဝင်လာသော်လည်း အဆိုပါ (၇) ရက်ကို ဆက်ဝင် တော့မည် မဟုတ်ဘဲ ဒုတိယနှစ်၊ ပထမနှစ်ကျောင်းသားများနှင့် ကျောင်းတွင် ပြန်လည်စုစည်းကာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် နှင့် တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း၊ ထိုကြောင့် ယခုညတွင်းချင်းပင် တတိယနှစ် ကျောင်းသားများကို ကျောင်းသို့ ပြန်ခေါ်လာမည်ဖြစ်ကြောင်း၊ ထိုအတော အတွင်း ဒုတိယနှစ်ကျောင်းသားများအနေဖြင့် စိတ်လိုက်မာန်ပါများ မလုပ် ကြရန်နှင့် ပထမနှစ်များကို ထိန်းသိမ်းပေးထားရန် မှာကြားပြီး အဆိုပါ တတိယနှစ်ကျောင်းသားများက စစ်ဗျူဟာလေ့ကျင့်ရေးစခန်းချရာ ဖောင်းတောရွာ ဘုန်းကြီးကျောင်းသို့ ပြန်သွားခဲ့သည်။
ရောက်လျှင် တတိယနှစ် ကျောင်းသားများကို ခရာမှုတ်တန်းစီကာ ကျောင်း၏ အခြေအနေကို ရှင်းပြပြီး ကျောင်းတွင် စီနီယာ ကျောင်းသားကြီး များ မရှိတော့ကြောင်းနှင့် မိမိတို့အနေဖြင့် ကျန်သော ဂျူနီယာကျောင်းသား များကို ထိန်းပေးရန် တာဝန်ရှိကြောင်း၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် နှင့်လည်း တွေ့ဆုံ၍ ကျောင်းကိစ္စကို ကျန်သော ဒုတိယနှစ်ကျောင်းသားများ နှင့် ညှိနှိုင်းပြီးဆွေးနွေးရန်၊ ယခုအချိန်တွင် ကျောင်းသားအားလုံး ကျောင်းတွင် စုစည်း၍ ပြဿနာကို စည်းလုံးညီညွတ်စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထိုအတွက် တတိယနှစ် ကျောင်းသားများအနေဖြင့် ညတွင်းချင်း ကျောင်းသို့ ပြန်ရမည်ဖြစ်ကြောင်း ကျောင်းမှပြန်လာသော တတိယနှစ် ကျောင်းသား များက ပြောဆိုရှင်းပြသည်။ ဤတွင်လည်း တတိယနှစ် ကျောင်းသားများကြား သဘောထားကွဲလွဲမှုအချို့ ပေါ်ပေါက်လာပြန်သည်။ အမိန့်မရဘဲ ထိုသို့ စခန်း စွန့်ခွာခြင်းသည် တပ်မတော်အက်ဥပဒေကို ချိုးဖောက်ရာကျပြီး ကြီးလေး သော ပြစ်ဒဏ်ဖြစ်၍ သေဒဏ်အထိချမှတ်နိုင်ကြောင်းကို စစ်ပညာ (၃) နှစ် အထိ သင်ကြားပြီးဖြစ်သော တတိယနှစ်ကျောင်းသားများ နားလည်ကြပါ သည်။ ထိုအခြေအနေကို အချို့မလိုလားသလို၊ ယခုမှ တတိယနှစ် B.Tech ကို စတက်ခါစ အချိန်ဖြစ်ပြီး ထိုသို့ တက်ခွင့်ရစေရန် ကျားကုတ်ကျားခဲ ကြိုးစား ထားခဲ့ရသည်ဖြစ်ရာ ထိုအခြေအနေကို အဆုံးရှုံးမခံနိုင်ကြသည့် ကျောင်းသား အချို့က ကျောင်းသို့ပြန်မလိုက်နိုင်ကြောင်း ကန့်ကွက်လာကြသည်။ ဤသို့ဖြင့် တတိယနှစ်ကျောင်းသားများကြား ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲမှု များ ပေါ်ပေါက်ကာ ကျောင်းသားအချင်းချင်း ထိုးကြိတ်ပွဲများပင် ဖြစ်ခဲ့ကြ သည်။
နောက်ဆုံးတွင်တော့ ကျောင်းသို့ပြန်မည့်ဘက်က အားသာသွားခဲ့ပြီး ညတွင်းချင်းပင် ပစ္စည်းများသိမ်းကာ ကျောင်းသို့ အပြင်း ချီတက်ခဲ့ကြတော့ သည်။ ညအချိန် တောလမ်းခရီးကို ချီတက်ရခြင်းဖြစ်၍ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ ကျန်းမာရေး မကောင်းသူများကို အလယ်တွင်ထားကာ ရှေ့နှင့်နောက်တွင် အားကောင်းသန်မာသူများ ထားပြီး တုတ်နှင့်ဓာတ်မီးများ ကိုင်ဆောင်ထားကြသည်။ ညအချိန် တောအတွင်းမှ ရန်မူလာသူများရှိပါက ကာကွယ်ရန်အတွက်သာ ပေါက်တူးရိုးများကို တုတ်အဖြစ်ဆောင်ရင်း တတိယနှစ် ကျောင်းသား (၁၀၀) ဝန်းကျင်သည် ကျောင်းသို့ အပြင်း ချီလာခဲ့ သည်။ တပ်မတော်နည်းပညာကောလိပ် ကျောင်းသားလှုပ်ရှားမှုဖြစ်စဥ်တွင် တပ်မတော် အက်ဥပဒေကို သိလျက်နှင့် ပထမဆုံးအတည့်အလင်း ချိုးဖောက် မှုကို အပတ်စဥ် (၂) (တတိယနှစ်) ကျောင်းသားများ စတင်လုပ်ဆောင်လိုက် ခြင်း ဖြစ်သည်။
တတိယနှစ် ကျောင်းသားများ ထိုသို့အာဏာဖီဆန်၍ ကျောင်းသို့ ပြန်လည်ချီတက်သွားကြောင်းကို ချီတက်ရာလမ်းတွင် စစ်ကြောင်းအတွင်းမှ ထွက်ပြေးသွားသော တတိယနှစ် ကျောင်းသားများမှတစ်ဆင့် ဗျူဟာအရာရှိ များ သိရှိသွားချိန်တွင် များစွာစိုးရိမ်သွားကြပြီး တားဆီးရန် ကျောင်းသား စစ်ကြောင်းနောက်မှ လိုက်ခဲ့သေးသည်။ သို့သော် မမီတော့ပေ။ ၎င်းတို့အတွက် တတိယနှစ်ကျောင်းသားများကို ကျောင်းထဲသို့ ပြန်မဝင်စေရန်အတွက် တားဆီးနိုင်မည့် နောက်ဆုံး နည်းလမ်းမှာ ချီတက်ရာလမ်းကြောင်းအဆုံး ကျောင်းနောက်ဘက်အဝတွင် စောင့်ဆိုင်း၍ ပိတ်ဆို့ရန် ဖြစ်သည်။ တတိယနှစ် ကျောင်းသားများ စစ်ကြောင်းသည် တောလမ်းများမှ တစ်စတစ်စ ကျောင်း အနောက်ဘက် အဝသို့ နီးကပ်လာချိန်တွင်တော့ ကျောင်းအနောက်ဘက် တောင်ကြောပေါ်တွင် မီးရောင်များကို လှမ်းမြင်နေရသည်။ ကျောင်းမှ အရာရှိများနှင့် ဗျူဟာအရာရှိများ ပူးပေါင်းကာ ကားများ၊ ဆိုင်ကယ်များ မီးအပြည့် ထိုး၍ ရပ်ထားလျက် တတိယနှစ်ကျောင်းသားများစစ်ကြောင်းကို တားဆီးရန် စောင့်နေကြခြင်း ဖြစ်သည်။ စစ်ကြောင်းနှင့် ဆုံချိန်တွင်တော့ ယခုကဲ့သို့ အမိန့်မရဘဲ သတ်မှတ်စခန်းမှ စစ်ကြောင်းအလိုက် စွန့်ခွာမှုသည် တပ်မတော်အက်ဥပဒေအရ စစ်ပုန်ကန်မှုမြောက်ကြောင်း၊ ထိုပြစ်မှုသည် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း၊ ထိုကြောင့် အချိန်မနှောင်းခင် လာရာစခန်း သို့ ပြန်လှည့်စေလိုကြောင်း၊ ယခုအထိ လုပ်ဆောင်ခဲ့မှုအားလုံးကို ခွင့်လွှတ် ကြောင်း အရာရှိများက ပြောသည်။ တတိယနှစ် ကျောင်းသားများကလည်း ကျောင်းတွင် ကျောင်းသားအားလုံး ပြဿနာဖြစ်နေချိန်ဖြစ်၍ မိမိတို့အနေဖြင့် ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း၊ စတုတ္ထနှစ် ကျောင်းသားကြီးများလည်း မည်သည့်နေရာသို့ ရောက်ရှိမှန်းမသိရကြောင်း၊ ကျန်သော ညီငယ် ကျောင်းသားများနှင့်အတူ အားလုံးကို အတူတကွ ရင်ဆိုင်ရန် ပြန်လာရခြင်း ဖြစ်ကြောင်း၊ မနက်ဖြန် လေ့ကျင့်ရေးအရာရှိချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း ကျောင်းသားများက ပြန်လည်ပြောဆိုသည်။ ဤသို့ အခြေအတင်ပြောဆိုနေကြရင်း ကျောင်းနောက်ဘက် တောင်ကြောပေါ်တွင် တစ်နာရီကျော်ကြာသွားခဲ့သည်။
အချိန်အားဖြင့် ည (၁၁) နာရီကျော်နေပြီ ဖြစ်သည်။ ဖျောင်းဖျ၍ မရသည့် အဆုံးတွင်တော့ ဗျူဟာတာဝန်ခံဗိုလ်မှူးနှင့် ကျန်အရာရှိများက မင်းတို့ ကျောင်းထဲကို ဝင်မယ်ဆိုရင် ငါတို့လည်ပင်းကို တက်နင်းပြီးမှ သွားကြဟု ဆိုကာ အကျပ်ကိုင်လာသည်။ ကျောင်းသားများကလည်း ယခုကိစ္စသည် အထက်လူကြီးများနှင့်သာ ရှင်းရမည့်ကိစ္စဖြစ်၍ ဗိုလ်မှူးတို့၊ ဗိုလ်ကြီးတို့နှင့် မသက်ဆိုင်ကြောင်း၊ ကျောင်းသားများကို ညီအစ်ကိုကဲ့သို့ စာနာသောအားဖြင့် သွားခွင့်ပြုစေလိုကြောင်း ပြန်လည်ပြောဆိုကာ တတိယနှစ်ကျောင်းသား အားလုံး ထိုနေရာမှာပင် ထိုင်ကာ အရာရှိများကို ကန်တော့လိုက်ကြသည်။ ထို့နောက် မိမိတို့ရည်ရွယ်သည့်အတိုင်း စစ်ကြောင်းကို ကျောင်းဆီသို့ ဆက်ချီ တက်ရန်သာ ပြင်နေသဖြင့် အရာရှိများလည်း ကျောင်းသားများ နောက်ဆုတ် တော့မည့်ဟန် မပေါ်တော့ကြောင်း သိမြင်သွားကြသည်။ ကျောင်းတွင် ကာလ ရှည်ကြာ လက်ပွန်းတတီးနေလာခဲ့၍ ကျောင်းသားများနှင့် ညီလို အစ်ကိုလို ဖြစ်နေခဲ့သော အရာရှိများမှာ တတိယနှစ်ကျောင်းသားများ၏ အဆိုပါတုံ့ပြန်မှု အပေါ် မည်သို့မျှမခံစားနိုင်တော့ဘဲ တားဆီးရန် ကြိုးပမ်းမှုကို လက်လျှော့သွား ကာ မိမိသက်ဆိုင်ရာအိပ်ဆောင်များသို့ အေးအေးဆေးဆေး ပြန်နေကြရန်နှင့် သူတို့အနေဖြင့် ဤကိစ္စကို ခေါင်းခံ၍သာ ရှင်းတော့မည်ဟုပြော၍ စိတ်မကောင်းစွာဖြင့်ပင် ပြန်သွားကြတော့သည်။
ခေါင်းဆောင်ပိုင်းများ၏ ပေါ်လစီအမှား၊ စနစ်အမှားတို့ အောက်တွင် အထက်အမိန့်အတိုင်း တပ်မတော်သားပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သော အဆိုပါအရာရှိများသည် ကျောင်းသားများကဲ့သို့ပင် ထိုစနစ်အမှား၏ သားကောင်ဖြစ်ခဲ့ရပြီး နောက်ပိုင်းတွင် အရေးယူခံခဲ့ရသည်။ ဤသို့ဖြင့် တတိယနှစ်ကျောင်းသားများစစ်ကြောင်းသည် ည (၁၁) နာရီခွဲလောက်တွင် ကျောင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။ ကျောင်းအဝတွင် အသင့်စောင့်နေကြသော ဒုတိယနှစ်ကျောင်းသားအချို့ကလည်း ဝမ်းသာ အားရ လာကြိုကြသည်။
ထိုနေ့ညတွင် တတိယနှစ် ကျောင်းသားအချို့နှင့် ဒုတိယနှစ် ကျောင်းသား များ လျှိုဝှက်တွေ့ဆုံကာ လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့မည့်အချိန်တွင် ပြောဆိုမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။ ယခုဖြစ်စဥ်သည် မျှော်မှန်းထားသည့်အချိန်ထက် စောစွာပေါ်ပေါက်လာသည့် အတွက် မည်သို့ဆက်လုပ်သင့်ကြောင်းကိုလည်း စဥ်းစားမရဖြစ်ခဲ့ကြသည်။ တစ်ယောက်တစ်ပေါက် ဆွေးနွေးငြင်းခုံကြရင်း ထိုညက အဖြေမထွက်ကြ သည့်အတွက် နောက်နေ့မနက်တွင် ထပ်မံတွေ့ဆုံညှိနှိုင်းကြသည်။ ဤတွင် အဖြေတစ်ခု ထွက်လာသည်။ မည်သည့်ကျောင်းသားကို မေးမေး၊ အဖြေက တစ်မျိုးတည်း ဖြစ်နေရမည်။ ၎င်းမှာ ယခုတောင်းဆိုခဲ့သော အချက်များ မရရှိ ပါက ကျောင်းသားများ ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့်ရရေးဖြစ်သည်။ တစ်ပြိုင်နက် တည်းတွင် အိမ်ပြန်ရောက်ချိန်တွင် မည်သို့ဆက်လုပ်ကြမည်ကိုလည်း ဆွေးနွေးကြသည်။ လူကြီးများက အိမ်ပြန်ခွင့်မပေးခဲ့လျှင်လည်း မိမိတို့ သဘောနှင့် မိမိတို့ အိမ်ပြန်မည်။ အိမ်ပြန်ရောက်လျှင်လည်း ယခုကိစ္စကို လက်လျှော့မသွားဘဲ ဆက်လက်လှုပ်ရှားမည်။ ထိုလှုပ်ရှားမှုတွင် တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများပင် မဟုတ်တော့ဘဲ ကျန်သော တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားများနှင့် ဆက်လက်ပူးပေါင်းကာ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟူ၍ပင် ဆွေးနွေးခဲ့ကြသည်။
ထိုအချိန်က မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားများနှင့်လည်း အဆက်အသွယ်ရကာ ၎င်းတို့တွင်လည်း မကျေနပ်ချက်အချို့ ရှိနေကြောင်းကို သိခဲ့ရသည်။ ဤသို့ဖြင့် ကျောင်းမှ အိမ်သို့ပြန်ရောက်ပြီး၍ တစ်လခန့်အကြာမှ စ၍ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့ကို ကျောင်းသားများ အနေဖြင့် ပုံမှန်ဖတ်ရန်၊ သတင်းစာထဲတွင် “တင့်နိုင်ကျော် အမေ စိတ်ပူနေ သည်၊ အမြန်ပြန်လာပါ”ဟူသော ကြော်ငြာပါလာပြီး (၁၀) ရက်မြောက်နေ့တွင် အောက်မြန်မာပြည်မှ ကျောင်းသားများက ရန်ကုန်တွင်လည်းကောင်း၊ အထက်မြန်မာပြည်မှ ကျောင်းသားများက မန္တလေးတွင်လည်းကောင်း စုရုံးကြ ရန်ပင် သဘောတူခဲ့ကြသည်။ “တင့်နိုင်ကျော်” ဆိုသည်မှာ တပ်မတော် နည်းပညာကောလိပ်ကို အတိုကောက်ခေါ်သည့် တ.န.က ဟူသော နာမည် အား စကားဝှက်အဖြစ် သုံးသည့်သဘောဖြစ်သည်။ ထိုအချိန်က လူငယ်များပီပီ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြရင်း ပေါ်လာသော နောက်ဆုံးအစီအစဥ် ဖြစ်သည်။ လက်တွေ့ကျသည်၊ မကျသည်ကို အသက် (၂၀) သာသာမျှသာ ရှိသေးသော လူငယ်များ ထိုစဥ်က မစဥ်းစားနိုင်ခဲ့ကြပေ။
ထိုနေ့မနက်တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကျင့်/ချုပ်)နှင့် တွေ့ရမည့်အချိန်ကို ကျောင်းသားများ စောင့်နေကြတော့သည်။ သို့သော် မနက်ပိုင်း တစ်ပိုင်းလုံး ကုန်လွန်သွားသည်အထိ ကျင့်/ချုပ်ထံမှ တွေ့ဆုံပွဲ အတွက် ခေါ်သည့်အမိန့်ရောက်မလာသေး။ ထိုနေ့က ၂၀၀၂ ခုနှစ်၊ ဇွန်လ (၁) ရက်၊ စနေနေ့ဖြစ်ရာ ကျောင်းအပြင်တွင် ဧည့်တွေ့လာသော ကျောင်းသား မိဘအချို့မှာ မနေ့ကတည်းက ရောက်နေကြသည်။ ကျောင်းသားများနှင့် တွေ့ခွင့်မရတော့ပေ။ ကျောင်းကိုလည်း ပြင်ဦးလွင် မြို့ပေါ်ရှိ တပ်များနှင့် နီးစပ်ရာမြို့များမှ တပ်များက ပတ်ပတ်လည်ဝိုင်း၍ ကင်းပုန်းများချထားသည် ဟု သိရသည်။ ပြင်ဦးလွင်မြို့ကိုလည်း မြို့ဝင်မြို့ထွက်များကို တင်းတင်း ကျပ်ကျပ်ပိတ်ဆို့ကာ ဖုန်းလိုင်းများကိုပင် ယာယီဖြတ်တောက်ထားသည်ဟု လည်း သိရသည်။ ဤအခြေအနေအောက်တွင် ကျောင်းသားများသည် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တွေ့ဆုံနိုင်ရန် နေ့လယ်စာစားပြီး ဆက်စောင့်နေကြပြန်သည်။
ထိုအချိန်တွင် စတုတ္ထနှစ် ကျောင်းသားကြီးများ၏ အိပ်ဆောင်သို့ ကားကြီး များ ရောက်လာကာ ကျောင်းသားများ၏ သေတ္တာနှင့် အသုံးအဆောင်ပစ္စည်း များ လာသိမ်းယူကြောင်း သိရသည်။ ထိုအချိန်က စတုတ္ထနှစ်ကျောင်းသားများ ကို ပြင်ဦးလွင်မြို့ပြင်ရှိ (၃၁) မိုင် ဗဟိုလျှပ်စစ် နှင့် စက်မှုအင်ဂျင်နီယာတပ်တွင် တစ်ပတ်စဥ်လုံး ထိန်းသိမ်းထားခြင်း ခံနေရချိန်ဖြစ်သည်။ ကျင့်/ချုပ်နှင့် တွေ့ရ မည့်အချိန်ကို စောင့်နေစဥ် ထိုသို့ စီနီယာကျောင်းသားကြီးများ၏ ပစ္စည်းများ ကို လာသယ်ယူသော ကားကြီးများကို တွေ့လိုက်ရသောအခါ ကျောင်းသား အချို့ ဒေါသထွက်ကြတော့သည်။ ထိုသို့ သယ်ယူပြီး တစ်နာရီခွဲခန့်အကြာတွင် တော့ ကျောင်းသားအချို့သည် ထိန်းမရတော့ဘဲ အခုပဲ ကျင့်ချုပ်နှင့် တွေ့ခွင့်ရ ရန် ကျောင်းအိပ်ဆောင်များမှ လူစုပြီး ချီတက်မည်ဟုဆိုကာ ခရာများကို ဆက်တိုက်မှုတ်ကြတော့သည်။ ထိုအချိန်က ကျောင်းသားတပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးများတွင် ခရာတစ်စုံစီရှိကြရာ အဆိုပါခရာများကို ကျောင်းသားများ က ပြိုင်တူမှုတ်၍ အချက်ပေးကာ ချီတက်ရန် လှုံ့ဆော် ကြတော့သည်။ အဆိုပါ ဒုတိယနှစ်ကျောင်းသားအချို့ စမှုတ်လိုက်သော ခရာသံက ကျန် ကျောင်းသား တပ်ခွဲများဆီသို့ ကူးစက်သွားကာ ကျန် တပ်ခွဲများကလည်း ခရာများ ဆက်တိုက်မှုတ်ကာ လူစုကြသည်။ ထိုစဥ်က ကျောင်းသား (၃၀၀၀) ကျော် အင်အားနှင့်အတူ ကျောင်းသား တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အသီးသီးက ပြိုင်တူမှုတ်လိုက်သော ခရာသံများ၊ အော်ဟစ်လှုံ့ဆော်သံများမှာ ကြောက်ခမန်းလိလိ ဖြစ်သွားကာ ကျောင်းသားများလည်း စိတ်ကြွ၍ နီးစပ်ရာ တပ်ခွဲများမှ လမ်းမပေါ်သို့ တက်ကာ လူစုကြတော့သည်။
သို့နှင့် ကျောင်းနောက်ဘက် တောင်ခြေတပ်ရင်းများဘက်မှ ကျောင်းသား များသည် ခရာများပြိုင်တူမှုတ်ရင်း စစ်ရေးပြကွင်းဘက်သို့ သွားသော ကျောင်း လမ်းမကြီးအတိုင်း ချီတက်လာကြသည်။ လမ်းတွင် နီးစပ်ရာတပ်ခွဲများမှ ကျောင်းသားများက လူစု၍ စောင့်နေကြသည်။ မပါဝင်သော ကျောင်းသား အနည်းငယ်ရှိခဲ့ကြသော်လည်း အများစုက ချီတက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြ သောကြောင့် ကျောင်းသားအင်အား (၃၀၀၀) နီးပါးရှိခဲ့သည်။ ထိုအင်အားဖြင့် စစ်ရေးပြကွင်းသို့သွားရာ လမ်းမကြီးအတိုင်း ချီတက်လာကြရာ ကျောင်းသား အချို့က ချီတက်နေရင်းနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် တွေ့ဆုံစကားပြောခွင့်ရချင် ရ၊ မရရင်လည်း အဆိုပါ လမ်းမကြီးအတိုင်း ကျောင်းမုခ်ဝဘက်သို့ ဦးတည်ကာ ကျောင်းအပြင် သို့ ဆက်လက်ချီတက်သွားမည်ဟုပင် ပြောလာသည်များရှိသည်။
ထိုအချိန်တွင် ကျောင်း၌ အုပ်ချုပ်မှုယန္တရားအားလုံး ရပ်ကုန်ပြီ ဖြစ်သည်။ စောစောပိုင်းက အခြေအနေကို ထိန်းပေးရန် ကျောင်းသားအိပ်ဆောင်များ အနီးတွင် တာဝန်ယူစောင့်ကြပ်နေကြသော လေ့ကျင့်ရေးအရာရှိအချို့လည်း ကျောင်းသားများ၏ ထိန်းမရနိုင်တော့မည့် အခြေအနေကို ရိပ်စားမိကာ ဝေးရာသို့ ရှောင်သွားကြတော့သည်။ ကြိုတင်မျှော်မှန်းမထားဘဲ တပ်မတော် နည်းပညာကောလိပ် ကျောင်းသားများ၏ ချီတက်ဆန္ဒပြမှုကြီး ပေါ်ပေါက်လာ တော့သည်။ စိတ်ခံစားမှုအရှိန်အမြင့်ဆုံးသို့ တက်နေပြီဖြစ်သော ကျောင်းသား ထု၏ အခြေအနေမှာ ဘာမဆိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြသည်။ ပါးစပ်မှ လည်း ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရန်နှင့် တောင်းဆိုချက်များ ရရှိရန် “တို့အရေး”ကြွေးကြော်သံများ ကြွေးကြော်လာကြသည်။
ထိုအချိန်တွင် ထိုစဥ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲမြင့်သည် သက်တော်စောင့်စစ်သားများနှင့်အတူ ကျောင်းသား စစ်ကြောင်းနှင့် ပေ (၂၀၀) ခန့်အကွာ လမ်းမကြီးပေါ်တွင် ထိုးရပ်လာကာ ကျောင်းသားများကို နောက်ပြန်ဆုတ်ရန် အမိန့်ပေးသည်။ ကျောင်းသားများက မဆုတ်သောအခါ ခါးကြားကပစ္စတိုကို ထုတ်၍ “မင်းတို့ကောင်တွေ ငါ့ကို ဘာမှတ်နေလဲ၊ မန္တလေးတိုင်းမှူး မင်းတို့ကို အမိန့်ပေးနေတာကွ” သေနတ်ဖြင့် ခြိမ်းခြောက်ပြောဆိုသည်။ သူနှင့်အတူပါလာသော သက်တော်စောင့်စစ်သား များကလည်း သေနတ်များကို ကျောင်းသားများဘက်သို့ အသင့်ချိန်ရွယ်ထား ကြသည်။ သို့သော် သေနတ်နှင့် နိစ္စဓူဝဘဝတွင် ရင်းနှီးနေခဲ့သော စစ်ကျောင်းသားများမှာ ယင်းကဲ့သို့ သေနတ်ပြခြိမ်းခြောက်မှုကို မကြောက်ကြ သည့်အပြင် ပို၍ပင် ဒေါသထွက်သွားကြကာ ကျောင်းသားအချို့က တိုင်းမှူးကို ပြန်လည်အော်ဟစ်ဆဲဆိုကာ စစ်ကြောင်းအတွင်းမှထွက်၍ အုတ်ခဲကောက် ကာ သေနတ်ဖြင့်ပစ်လျှင် ပြန်ထုမည်ဟု ကြုံးဝါးကြသည်။ စိတ်ခံစားမှု အပြင်းထန်ဆုံး ဖြစ်နေသည်မှာ ဒုတိယနှစ်ကျောင်းသားများ ဖြစ်သည်။ အဆိုပါ ကျောင်းသားများကို စီနီယာ တတိယနှစ် ကျောင်းသားများက အော်ဟစ်အမိန့် ပေး၍ ထိန်းလိုက်ရသည်။
စစ်ကြောင်းတွင်ပါလာသော တတိယနှစ် (အပတ်စဥ် ၂) ကျောင်းသားကြီး များက ရှေ့သို့ထွက်ကာ ယခုအချိန်တွင် ကျောင်းယန္တရားများအားလုံး ရပ်တန့် ကုန်ပြီဖြစ်၍ မိမိတို့အား မည်သည့်အရာရှိကမှ အမိန့်ပေးထိန်းချုပ်ဖို့ မဖြစ်နိုင် တော့ကြောင်း၊ သို့သော် ကျောင်းသားများအနေဖြင့် အထိန်းအကွပ်မဲ့၊ စည်းကမ်းမဲ့များဖြစ်လာလျှင် မူလဦးတည်ချက်ပျောက်ဆုံးပြီး နှိမ်နင်းခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် မည်သည့်အရာရှိစကားကိုမျှ နားမထောင်လျှင်ပင် စီနီယာကျောင်းသားကြီးများ၏ စကားကို နားထောင် ရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ ယခုအချိန် ပစ်ခတ်နှိမ်နင်းလျှင် မိမိတို့ စီနီယာကျောင်းသားများက ကျောင်းသားအားလုံးရှေ့က အရင်ဆုံး ရင်ဆိုင်၍ အပစ်ခံမည့်သူများ ဖြစ်နေသောကြောင့်ဖြစ်ကြောင်း ပြောကာ စည်းကမ်း တကျတုံ့ပြန်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကျောင်းသားစစ်ကြောင်း ကြီး တစ်ခုလုံး၏ ရှေ့တွင် တတိယနှစ် ကျောင်းသား (၁၅) ယောက်ခန့်က လက်ချင်းတွဲကာ ပိတ်ထားလိုက်ပြီး နောက်မှ ကျောင်းသားများစစ်ကြောင်း ရှေ့သို့ ကျော်တက်ပြီး စည်းမဲ့ကမ်းမဲ့မလုပ်ရန် တားဆီးလိုက်ကြသည်။ တစ်ချိန် တည်းတွင် ကျောင်းသားစစ်ကြောင်းကြီးကလည်း ရှေ့သို့ပင် ဆက်လက် ချီတက် လာခဲ့သည်။ တိုင်းမှူးလည်း ၎င်းအနေဖြင့် ထိန်းဖို့ရာ အခြေအနေ မဟန်တော့မှန်း ရိပ်စားမိကာ ကားပေါ်သို့တက်၍ ဆူပူကြိမ်းမောင်းရင်း ပြန်လှည့်သွားတော့သည်။
တိုင်းမှူးပြန်လှည့်သွားပြီး မကြာခင်မှာပင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းသည် ရှေ့ နောက်၊ ဘေးဘီ ဝဲယာတွင် လက်နက်ကိုင်စစ်သားများဝန်းရံကာ ယာဉ်တန်းကြီးဖြင့် ကျောင်းသားများ ချီတက်လာရာဆီသို့ ဦးတည်လာနေတော့သည်။ ကျောင်းစစ်ရေးပြကွင်း အစပ် သို့ ရောက်ချိန်တွင် ကျောင်းသားစစ်ကြောင်းကြီးကလည်း ရပ်လိုက်သည်။ ကျောင်းသားများ၏ ချီတက်စစ်ကြောင်းကြီးနှင့် ပေ (၁၀၀) ခန့်အကွာတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၏ ယာဉ်တန်းလည်း ရပ်လိုက်သည်။ ထို့နောက် လက်နက်ကိုင်စစ်သည်များက ကျောင်းသားစစ်ကြောင်း၏ ရှေ့နောက် ဝဲယာ တွင် နေရာယူလိုက်ကြပြီး ကျောင်းသားများကို ကျည်အသင့် ထိုးထားသော စက်သေနတ်များဖြင့် အသင့်ချိန်ရွယ်လိုက်ကြသည်။
ဗိုလ်ချုပ်ကျော်ဝင်းသည် နောက်လိုက်အရာရှိများခြံရံလျက် ကျောင်းသား များရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ၎င်းနှင့် အတူ မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲမြင့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်၊ အရပ်ဝတ် ကင်မရာသမားများ၊ ထောက်လှမ်းရေးဘက်ကဟု ထင်ရသော အရာရှိများ လည်း ပါလာသည်။ ထို့နောက် ကျောင်းသားများနှင့် ခြေလှမ်း (၁၀) လှမ်းခန့် အကွာတွင် ရပ်ကာ ကျောင်းသားများကို စိုက်ကြည့်နေသည်။ ခဏအကြာ တွင်တော့ –
“ကဲ … အာဂကျောင်းသားကြီးတွေပေါ့လေ။ ငါတို့တွေ တက္ကသိုလ်ကောလိပ်ကျောင်းသား ဆန္ဒပြပွဲမျိုးစုံကို နှိမ်နင်းခဲ့ ဖူးတယ်၊ သေနတ်တစ်ချက်နှစ်ချက်ဖောက်လိုက်ရင် ထိန်းလို့ ရတာချည်းပဲ၊ အခု မင်းတို့ဟာက သေနတ်ဖောက်လည်း ထိန်း မရဘူး၊ မကြောက်ဘူး၊ အေး … ဘယ်ကြောက်ကြမလဲ … မင်းတို့မှာက ငါတို့သင်ပေးထားတဲ့ စစ်ပညာတွေရှိနေမှကိုး။ အခု မင်းတို့ကလည်း ဆန္ဒပြကျောင်းသားတွေ လုပ်လာကြ တယ်ပေါ့။ ဒါပေမဲ့ ရိုးရိုးကျောင်းသားမဟုတ်ဘူး … စစ်အင်ဂျင်နီယာကျောင်းသားတွေ… ဒီတော့ မင်းတို့ကို ရိုးရိုး G3 (ဘီအေ၆၃) သေနတ်လောက် နဲ့ မပစ်ဘူး…အဆင့်မြင့်မြင့် ဟောဒီအတွဲလိုက်ပစ်တဲ့ အဆင့်မြင့် အူစီတွေနဲ့ပဲ ပစ်မယ်။”
ဟု အစချီပြောရင်း ကျောင်းသားစစ်ကြောင်းကို ရှေ့နောက်ဝဲယာမှ လက်နက်ကိုင်စစ်သားများက ကျည်အတွဲလိုက်လွယ်လျက် အသင့်ချိန် ရွယ်ထားသော စက်သေနတ်များကို လက်ညှိုးထိုးပြလိုက်သည်။
“တိုင်းပြည်မှာ ပြဿနာတွေရှုပ်နေတဲ့အချိန် မင်းတို့က တစ်မှောင့်… အခု မင်းတို့ကိစ္စကို အပြီးအပြတ်ဖြေရှင်းဖို့ ငါ့ကို အာဏာကုန် လွှဲအပ်လိုက်တယ်၊ အဲဒီတော့ မင်းတို့အားလုံးကို ငါ ပစ်သတ်လို့ ရတယ်၊ အဲလိုပစ်သတ်လိုက်ရင် ရာဇဝင်မှာကျော်ဝင်းက မင်းတို့ အင်ဂျင်နီယာကျောင်းသားတွေကို ဒီလို နှိမ်နင်းခဲ့ပါတယ်ဆိုတဲ့ စကားကျန်ခဲ့တာကလွဲလို့ ကျော်ဝင်း ဘာမှမဖြစ်ဘူး … ဒါပေမဲ့ … မင်းတို့ကို ငါ အဲဒီလိုမလုပ်ပါဘူး … အခု မင်းတို့ ဘာဖြစ်ကြတာလဲ။ မင်းတို့နဲ့ ငါ အခုပဲ ဒီနေရာ မှာ ဆွေးနွေးမယ် … ကဲမင်းတို့ ပြောကြ” ဟုဆိုကာ ကျောင်းသားများနှင့် ဆွေးနွေးမှုကို စတင်လမ်းဖွင့်ပေးလိုက်သည်။
ထိုအချိန်တွင် ကျောင်းသားစစ်ကြောင်းတစ်ခုလုံးက မတ်တတ်ရပ်လျက် အနေ အထား ဖြစ်နေသည်။ ဆွေးနွေးမှုက အချိန်ကြာမြင့်နိုင်သည် ဖြစ်သောကြောင့် ကျောင်းသားအားလုံးကို ယခုရပ်နေသည့်ပုံစံအတိုင်းပင် ထိုင်နိုင်ကြောင်း ဗိုလ်ချုပ်ကျော်ဝင်းက ပြောသည်။ ကျောင်းသားများလည်း လက်ရှိ ရောက်နေ သော စစ်ရေးပြကွင်းအစပ် ကျောင်းလမ်းမကြီးပေါ်တွင် ထိုင်လိုက်ကြသည်။ တပ်မတော်နည်းပညာကောလိပ် စစ်ရေးပြကွင်းအစပ် လမ်းမကြီးပေါ်တွင် ကျောင်းသားများနှင့် ကျောင်းတာဝန်ခံ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် တို့၏ ကျောင်းကိစ္စ ဆွေးနွေးမှု စတင်နိုင်ခဲ့သည်။ ဤနေရာတွင် အပြန်အလှန် ပြောဆိုချက်များကို အသေးစိတ်မထည့်တော့ဘဲ လိုရင်းအချက်များကိုသာ တင်ပြပါမည်။ လေ့ကျင့်ရေးအရာရှိချုပ်က ကျောင်းသားတစ်ဦးချင်း ဆွေးနွေး ပါ ဆိုလာသည့်အတွက် ကျောင်းသားများထဲမှ ကျောင်းသား (၇) ဦးက အလှည့်ကျမတ်တတ်ထ၍ ဆွေးနွေးတင်ပြကြသည်။
ဇာတ်သိမ်းပိုင်း ဆက်လက်ဖော်ပြပါမည်။