မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား
(သတင်းဆောင်းပါး)
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများတွင် နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်မှာ လေးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း မကြာသေးမီက နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြရာ ထိုတွေ့ဆုံမှု၌ စစ်တပ်အချင်းချင်း ပူးပေါင်းမှု မြှင့်တင်ရေးနှင့် မြေရှားသတ္ထုတူးဖော်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းချိန်ကတည်းက အိန္ဒိယမှ စစ်ဘက်နှင့် အရပ်ဘက်သံတမန်များ နှစ်စဉ်နီးပါး လာရောက်ခဲ့သော်လည်း ယခုကာလတွင် နှစ်နိုင်ငံဆက်ဆံရေးကို သိသာစွာ ပိုမိုတိုးမြှင့်လာသည်ကို တွေ့မြင်ရသည်။
စစ်လက်နက်ရောင်းချမှုနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု
မြန်မာစစ်တပ်သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ခံနေရသော်လည်း အိန္ဒိယကမူ စစ်လက်နက်ပစ္စည်းများကို ပုံမှန်ရောင်းချပေးနေခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း ကလေး-တမူးလမ်းကြောင်းမှတစ်ဆင့် စစ်လက်နက်ပစ္စည်းများကို မြန်မာစစ်တပ်က သယ်ယူပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုပစ္စည်းများတွင် ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါနည်းပညာကဲ့သို့သော အဆင့်မြင့်ပစ္စည်းများ ပါဝင်ပြီး ယင်းနည်းပညာသည် အနိမ့်ပိုင်းနှင့် အလယ်အလတ်အမြင့်ပိုင်းရှိ ဝေဟင်ပစ်မှတ်များ (လေယာဉ်နှင့် ဒရုန်းများကဲ့သို့) ကို ခြေရာခံရှာဖွေနိုင်စွမ်းရှိသည်။
ယခုရက်ပိုင်းအတွင်းတွင်လည်း မြန်မာစစ်တပ်၏ အကြီးပိုင်းရာထူးတစ်ခုဖြစ်သည့် ကစထ ၁မှူး (ကနဦး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယစစ်ဦးစီးချုပ်နှင့် တွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် အိန္ဒိယနှင့် ထိစပ်နေသည့် စစ်ကိုင်း၊ ချင်းစသည့် ဒေသများကို စစ်ရေးကွပ်ကဲရသူလည်း ဖြစ်သည်။
တစ်ပြိုင်တည်းမှာပင် အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင်က နယ်စပ်ဒေသသို့ လာရောက်ပြီး လုံခြုံရေးကိစ္စ အရှိန်မြှင့်တင်မည်ဟု ပြောဆိုလာခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်း မြန်မာစစ်တပ်၏ ထိုးစစ်များ ပိုမိုတွေ့မြင်လာရနိုင်ခြေရှိသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
အိန္ဒိယ၏ ရပ်တန့်ခဲ့သော ‘အရှေ့မျှော်မူဝါဒ’
အိန္ဒိယဗဟိုအစိုးရသည် အာသံ၊ မဏိပူရ်၊ မီဇိုရမ်တို့ကဲ့သို့ ကုန်းတွင်းပိတ်ပြည်နယ်များ၏ စီးပွားရေးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံမှတစ်ဆင့် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိနေပြီဖြစ်သည်။ ယင်းမူဝါဒကို သုံးသပ်သူများက အိန္ဒိယ၏ အရှေ့မျှော်ဝါဒ (Act East Policy) အဖြစ် သတ်မှတ်သည်။
အိန္ဒိယသည် ပင်လယ်ထွက်ပေါက်ရရှိစေမည့် ကုလားတန်ဘက်စုံစီမံကိန်းနှင့် ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းမစီမံကိန်းတို့ကို အကောင်အထည်ဖော်နေခဲ့သည်။
သုံးနိုင်ငံကုန်သွယ်ရေးစီမံကိန်းတွင် မြန်မာနိုင်ငံထဲမှ ကလေး-တမူးဒေသ၊ ပုလဲ-ဂန့်ဂေါလမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှတစ်ဆင့် မြဝတီအထိ ပါဝင်သည်။ သို့သော် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစ၍ နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သောကြောင့် ဤစီမံကိန်းမှာ ရပ်တန့်သွားခဲ့သည်။
အိန္ဒိယနယ်စပ်မှ ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ပါဝင်သည့် ကုလားတန်စီမံကိန်းမှာလည်း ၂၀၂၃ ခုနှစ် အစောပိုင်းအထိ လည်ပတ်ခဲ့သော်လည်း နှစ်ကုန်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လက်ရှိတွင် စီမံကိန်းနေရာများကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။
အကျိုးစီးပွားစီမံကိန်းများအတွက် စစ်တပ်ဘက် အလေးပေးလာခြင်း
လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် စစ်မှုထမ်းဥပဒေကြောင့် တိုးလာသည့် တပ်သားအသစ်များနှင့်အတူ ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းလာနေသည်။
ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းရှိ လားရှိုးနှင့် နောင်ချိုမြို့များကို ပြန်လည်ထိန်းချုပ်ထားပြီး စစ်ကိုင်း၊ ချင်းဒေသများကိုလည်း လာမည့်လပိုင်းများအတွင်း ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံမှုတွင် နယ်မြေတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
မြန်မာစစ်တပ်က ပြန်လည်ထိန်းချုပ်သွားနိုင်ပါက ရပ်ဆိုင်းထားရသည့် သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းမကြီးကို ပြန်လည်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ ကန်ဒေါင့်ရွာကို စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင်နေသလို စစ်တပ်ထိန်းချုပ်ထားသည့် ကလေးဝ-ယာကြီးလမ်းကိုတော့ အိန္ဒိယက ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်ဖောက်လုပ်နေပြီ ဖြစ်သည်။
ထို့အပြင် အိန္ဒိယက စစ်ကော်မရှင်နှင့် ထပ်မံပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းနှစ်ခုလည်း တိုးလာခဲ့သည်။
ပထမတစ်ခုမှာ ဒုတိယကမ္ဘာစစ်တွင် အသုံးပြုခဲ့သည့် နာမည်ကျော် လီဒိုလမ်းမကြီးကို ပြန်လည် စတင်ရန်ဖြစ်သည်။ လီဒိုလမ်းမသည် အိန္ဒိယ-မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမဖြစ်ပြီး လမ်းနေရာအများစုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေများ ဖြစ်နေသည်။
ဒုတိယတစ်ခုမှာ မြန်မာနိုင်ငံရှိ မြေရှားသတ္ထုတူးဖော်ရေးစီမံကိန်းဖြစ်သည်။ မြေရှားသတ္ထုအများစုကို KIA လက်ရှိထိန်းချုပ်ထားသည့် ပန်ဝါဒေသတွင် အများဆုံးတူးဖော်လုပ်ကိုင်နေပြီး တရုတ်ဘက်သို့ တင်ပို့နေခြင်းဖြစ်သည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ကချင်ပြည်နယ်ဘက်သို့လည်း စစ်ကူအင်အား အများအပြားပို့နေပြီး ဗန်းမော်နှင့် ဖားကန့်တို့တွင် မြေပြင်ထိုးစစ်များ ပြန်လည်စတင်လာသည်ကို တွေ့ရသည်။
အကျိုးစီးပွားစီမံကိန်းများကြောင့် အာဏာသိမ်းစစ်တပ်ဘက် အလေးပေးလာသည့် အိန္ဒိယအတွက် လာမည့်နှစ်ကုန်ပိုင်း တိုက်ပွဲများသည် အဆုံးအဖြတ်ကာလလည်း ဖြစ်နေပါသည်။