![]()
နှစ်ဦးဝေ
သမံတလင်းပေါ်က မိုးကာစပြာတွေထက်မှာ မြက်ဖြာတစ်ထပ် ထပ်ခင်းထားပေးမယ့် မနီလာအတွက်တော့ အနွေးဓာတ်ကို မခံစားရသေးပါဘူး။ ကြုံ့နေအောင် ဒူးပိုက် ထိုင်နေတဲ့ သူ့ခန္ဓာပေါ်မှာ စောင်တစ်ထည် ရှိနေပေမယ့် အအေးဒဏ်က ကျောစိမ့်အောင် ခံစားနေရဆဲပါ။
ဒါတောင် နေဝင်စ မှောင်ရီမသန်းခင်အချိန်ပဲ ရှိပါသေးတယ်။
“ညကဆို အိပ်လို့တောင် မရဘူး။ ကျောတွေ အောင့်တာ၊ အောက်က သမံတလင်းဆိုတော့ မြန်မြန်မိုးလင်းချင်တာပဲ သိတယ်။ နေ့ခင်းဘက်ဆိုလည်း လေတအား တိုက်တယ်” လို့ အသက် ၃၅ နှစ်အရွယ် မနီလာက ဆိုပါတယ်။
သူက နှစ်လသာရှိသေးတဲ့ ကိုယ်ဝန်ကို ဆောင်ထားရသူ အမျိုးသမီးလည်း ဖြစ်တာကြောင့် လက်ရှိရောက်နေတဲ့ နေရာမှာ ကျန်းမာရေးအတွက်ရော တစ်ဖက်ကမ်းမှာ ကျန်ခဲ့တဲ့ အမျိုးသားအတွက်ပါ စိတ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
သူရောက်နေတဲ့ နေရာကတော့ ကရင်ပြည်နယ်ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်တိုင်း ထိုင်းဘက်ကို တိမ်းရှောင်ရတဲ့အခါမှာ စစ်ဘေးရှောင်တွေကို ထားလေ့ရှိတဲ့ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းနွားခြံလို့ လူသိများတဲ့ နေရာပါ။
နွားမွေးမြူရာ ခြံတစ်ခုလည်း ဖြစ်တာကြောင့် ဘေးအကာတွေ မရှိတဲ့ သမံတလင်းပေါ်မှာ မနီလာအပါအဝင် စစ်ဘေးရှောင် ၁၅၀ ခန့် ရှိနေပါတယ်။
အရေးပေါ် ပြေးလာကြရတာဖြစ်တာကြောင့် ကလေးနဲ့ မိခင်တွေ များတာကိုလည်း တွေ့ရပါတယ်။ ကလေးငယ်တွေ ပြေးလွှားဆော့ကစားနေသံတွေက သူတို့ မိခင်တွေနဲ့ လူကြီးတွေ ခံစားနေရတဲ့ စစ်ဘေး အပူသောကမီးကိုတော့ မငြှိမ်းနိုင်ဘူးဆိုတာ စစ်ရှောင်တွေရဲ့ ညှိုးငယ်နေတဲ့ မျက်နှာမှာ ပေါ်နေပါတယ်။
အသက် ၅၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်စိုးဟာလည်း တစ်ဖက်ကမ်းမှာ အမျိုးသား ကျန်ခဲ့ပြီး ထိုင်းဘက်ခြမ်းကို ဝရုန်းသုန်းကား ပြေးရင်း ပါလာခဲ့ရသူပါ။
“လက်နက်ကြီးကျတော့ ပြေးနိုင်သူတွေက ပြေးပေါ့။ မပြေးနိုင်တဲ့ သူတွေလည်း ရွာထဲမှာ ကျန်ခဲ့သေးတယ်။ လေဖြတ်နေတဲ့ သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နေမကောင်းဖြစ်နေသူတွေ ကျန်ခဲ့သေးတယ်။ နောက်ပြီးတော့ ကျမတို့ ဒီဘက်ကို ရောက်ပြီး ထိုင်းဘက်က ပိတ်ချလိုက်တော့ တစ်ဖက်ကမ်းမှာ ကျန်ခဲ့တဲ့သူတွေလည်း ရှိတယ်” လို့ ပြေးခဲ့ရတဲ့ နေ့က ဖြစ်စဉ်ကို ပြန်ပြောင်းပြောပါတယ်။
“ဟိုဘက်မှာ လူတွေက ဘယ်လိုတွေနေကြလဲ၊ အိပ်လို့လည်း မပျော်ဘူး။ ဒိန်း ဒိန်းဆိုတာနဲ့ ရင်က တုန်နေပြီ။ ဟိုဘက်မှာ ကိုယ့်လူတွေက ကျန်နေခဲ့တော့လေ တအားစိတ်ပူတယ်” လို့ သူက ရတက်မအေးနိုင်ဘဲ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေါ်စိုးအပါအဝင် စစ်ဘေးရှောင်တွေအတွက် အဓိက လိုအပ်နေတာက အနွေးဓာတ်ပေးနိုင်မယ့် အနွေးထည်တွေနဲ့ စောင်တွေပါ။ ဒါ့အပြင် နေ့စဉ် တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လိုအပ်တဲ့ သွားတိုက်ဆေး၊ သွားပွတ်တံလိုမျိုးနဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုကြပါတယ်။
“ခုဆို ရောက်တာ သုံးရက်ပြည့်ပြီ။ ရေကန်တွေရှိပေမယ့် မိန်းကလေးတွေ အများစုက ရေမချိုးရသေးဘူး။ အမြန်ထပြေးလာရတော့ ရေချိုးဖို့အတွက် ရေလဲထမီတွေ ပါမလာဘူး” လို့ အသက် ၂၀ အရွက် မင်းလက်ပံဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
စားနပ်ရိက္ခာအတွက် ဆန်နဲ့ အခြေခံစားကုန်တွေကို လတ်တလောမှာ လှူဒါန်းသူတွေနဲ့ ထိုင်းအစိုးရဘက်က ထောက်ပံ့ပေးတာတွေ ရှိနေပေမယ့် ရေရှည်အတွက်ဆိုရင်တော့ လိုအပ်ချက်တွေ ရှိလာနိုင်ပါသေးတယ်။
“ပြန်ချင်တာပဲ သိတယ်။ အားနာလို့လေ။ ထမင်းက ကိုယ့်အတွက် သပ်သပ်ကြီး ပြင်ဆင်နေရတော့ ကိုယ့်တစ်ယောက်တည်းအတွက် ပင်ပန်းလို့လေ။ အဲဒါကြောင့်မို့” လို့ပြောလာသူကတော့ အစ္စလာမ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဇင်မာပါ။
သူကတော့ ခင်ပွန်းနဲ့ အသက် ၂ နှစ်ခွဲအရွယ်ကလေးငယ်တို့နဲ့အတူ ကရင်ပြည်နယ်ဘက်ခြမ်း မင်းလက်ပံမှာ ထမင်းကြော်ဆိုင်လေး ဖွင့်ပြီး စီးပွားရှာနေသူပါ။
လွန်ခဲ့တဲ့ ၂ ရက်လောက်က တိုက်ပွဲပြင်းထန်ပြီး မင်းလက်ပံရွာထဲကို ကျလာတဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် ၂ နှစ်အရွယ် ကလေးငယ်ရဲ့ လုံခြုံရေးအတွက် ထိုင်းဘက်ကမ်းကို ကူးပြီး ထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့် အစ္စလာမ်လူမျိုးဖြစ်တဲ့ သူတို့အတွက် အစားသောက် သီးသန့် စီစဉ်ပေးနေတာကိုပဲ အားနာစိတ်နဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
“မြဝတီ တံတားထိပ်မှာက အစ်မ ရှိတယ်။ ဘယ်လို ပြန်ရမလဲပဲ စဉ်းစားနေတာ။ အခုက လမ်းတွေ အကုန်ပိတ်နေပြီ။ ကလေးဆေးခန်းရက်ချိန်းရှိတာကို လမ်းက ပိတ်ချလိုက်တော့ ဘယ်လိုမှ ထွက်လို့မရတော့ဘူး။ မင်းလက်ပံမှာ ဆက်နေဖို့ကလည်း နောက်တစ်ခါ ဒီလို ထပ်ပြေးနေရဦးမှာကို မလိုချင်ဘူး” လို့ သူ့ဆန္ဒကို ပြောပါတယ်။
ဒါပေမယ့် သူအပါအဝင် မနီလာတို့အတွက်တော့ ဘယ်အချိန်မှာ လုံခြုံတဲ့ ရပ်ဝန်းထဲ ပြန်နေထိုင်ရမလဲဆိုတာတော့ မခန့်မှန်းနိုင်သေးတဲ့ အခြေအနေပါ။ လက်ရှိမှာတော့ မိသားစု မတူပေမယ့် တစ်ဦးနဲ့ တစ်ဦး အားပေးနှစ်သိမ့်ရင်း လက်နက်ကြီးသံ တညံညံဖြစ်နေတဲ့ မြန်မာပြည်ဘက်ခြမ်း မြစ်တစ်ဖက်ကမ်းကို ပြန်နိုင်မယ့် အချိန်ကိုပဲ မျှော်လင့်လို့နေပါတယ်။
#သတင်းဆောင်းပါး #သောင်ရင်းတစ်ဖက်ကမ်း #စစ်ရှောင်ညများ #နှစ်ဦးဝေ #ThanLwinKhetNews
