![]()
KNU မှ ဝင်ရောက်ရှင်းလင်းခဲ့သော ကရင်ပြည်နယ်ဘက်ခြမ်း မင်းလက်ပံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်းမှ နိုင်ငံခြားသား ၃၀၀ ကျော်မှာ ယနေ့ညပိုင်းအထိ လွှဲပြောင်းလက်ခံမည့် ထိုင်းအာဏာပိုင်များ ရောက်ရှိလာခြင်း မရှိသေးသဖြင့် သောင်ရင်းမြစ်ကမ်းဘေးတွင် သောင်တင်နေကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟု KNU က သတင်းထုတ်ပြန်သည်။
အဆိုပါဝင်းအတွင်းမှ လွတ်မြောက်လာသူများအတွက် လက်ရှိတွင် စားနပ်ရိက္ခာနှင့် အမိုးအကာများကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်မှ တာဝန်ယူ ဖြေရှင်းပေးနေရသည်ဟု ဖော်ပြထားသည်။ ဆောင်းရာသီ အအေးဒဏ်ကြားတွင် ယာယီတဲများထိုးကာ ခိုလှုံနေရသူ စုစုပေါင်း ၃၉၂ ဦးခန့်ရှိပြီး တရုတ်၊ အီသီယိုးပီးယား၊ မလေးရှား၊ ကင်ညာ၊ ဗီယက်နမ်နှင့် ထိုင်ဝမ် အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ နိုင်ငံခြားသားများ ပါဝင်နေသည်။ တရုတ်နိုင်ငံသား ၁၉၉ ဦး၊ အီသီယိုးပီးယား ၇၆ ဦး၊ မလေးရှား ၃၃ ဦးနှင့် ကင်ညာ ၃၂ ဦးတို့မှာ အများဆုံးပါဝင်သည်ဟု သိရသည်။
KNU အနေဖြင့် လက်ရှိတွင် လုံခြုံရေးဆိုင်ရာ ကြီးမားသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ဆိုထားသည်။ စစ်တပ်၏ Y12 လေယာဉ်များသည် နိုဝင်ဘာ ၂၆ ရက် ညပိုင်းက ဝင်းအနီးတစ်ဝိုက်သို့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သလို ယနေ့အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများလည်း ဆက်တိုက်ရှိနေသဖြင့် အခြေအနေ တင်းမာ၍ အန္တရာယ်များသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ထို့အပြင် ငွေလိမ်ဂိုဏ်းလုပ်သားအများစုမှာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို စာရင်းပေးသွင်းရန် ငြင်းဆန်နေကြခြင်းကလည်း KNU ၏ စိစစ်ရေးလုပ်ငန်းစဉ်များကို နှောင့်နှေးစေသည်ဟု သိရသည်။
နိုဝင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သော လွှဲပြောင်းရေးအစီအစဉ်တွင်လည်း စာရင်းမသွင်းရသေးသူများက လူအုပ်ကြားသို့ ဝင်ရောက်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့မှုများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လုပ်ငန်းစဉ်များ ပြတ်တောက်ခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့သည် ထိုင်းအာဏာပိုင်များလက်ထဲသို့ ရောက်ရှိမည်ကို စိုးရိမ်ကြောက်ရွံ့နေကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုနေ့ နေ့လယ်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်များက ဝင်းအနီးတစ်ဝိုက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိခဲ့သည်ဟြ သိရသည်။ ထိုသို့သော အခြေအနေများကြားမှပင် KNU က လူဦးရေ ၁၄၅၁ ဦးကို စိစစ်မှတ်တမ်းတင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသား ၁၃၃၃ ဦး (အမျိုးသား ၇၀၂၊ အမျိုးသမီး ၆၃၁ ဦး) မှာ အများဆုံးဖြစ်ပြီး၊ တရုတ် ၇၉ ဦး၊ မလေးရှား ၂၂ ဦး၊ ဗီယက်နမ် ကိုးဦး၊ အီသီယိုးပီးယား လေးဦးနှင့် ကင်ညာ သုံးဦးတို့ ပါဝင်နေသည်။ မြန်မာနိုင်ငံသား ၁၃၀၀ ကျော်ဆိုရာတွင် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသော နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု သိရသည်။
နိုဝင်ဘာ ၂၅ ရက် နံနက်အစောပိုင်းကလည်း ကျားဖြန့်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ တိုက်ခိုက်မှုများကြောင့် ကျည်စထိမှန်ကာ လူနေဆောင် ပြတင်းပေါက်မှန်များ ကွဲအက်ရာမှ တရုတ်နိုင်ငံသား ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများကို ဝင်းအတွင်းရှိ ဆေးရုံ၌ ချက်ချင်းပို့ဆောင်ကုသပေးခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ထားသည်ဟုလည်း KNU က ဆိုသည်။
KNU အနေဖြင့် သိမ်းဆည်းရမိသော သက်သေခံ ဖုန်းပုံး လေးပုံးနှင့် ကွန်ပျူတာ Motherboard ၇၀ ခုတို့ကို ယနေ့ နံနက်ပိုင်းက ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။ သို့သော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူများအတွက်မူ သက်ဆိုင်ရာ နိုင်ငံများနှင့် အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) က စီးနင်းထိန်းချုပ်ခဲ့တဲ့ မြန်မာ- ထိုင်းနယ်စပ်၊ မြဝတီမြို့နယ် မင်းလက်ပံရှိ DKBA အောက် လည်ပတ်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိရာ ဝင်းကို နိုဝင်ဘာ ၂၁ ရက်က စီးနင်းထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
#ကျားဖြန့် #နိုင်ငံခြားသားများ #သောင်ရင်းမြစ်ကမ်း #သောင်တင်နေဆဲ #ThanLwinKhetNews
