![]()

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ရှိ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ချင်းညီနောင်တပ်ဖွဲ့က တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ပြီဖြစ်သည်ဟု နိုဝင်ဘာ ၂၈ တွင် PDF Zoland ထုတ်ပြန်သည်။
ချင်းညီနောင်တပ်ဖွဲ့သည် စစ်ကော်မရှင်၏ ခြေလျင်တပ်ရင်း ခလရ ( ၂၆၉) တပ်ဖွဲ့ဝင်များနှင့် နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီမှစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များ တပ်စွဲထားသည့် စခန်းကိုပါ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲအပြီးတွင် ချင်းညီနောင်တပ်ဖွဲ့သည် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ဖော်ပြထားသော ဓာတ်ပုံများအရ သုံ့ပန်း ၂ ဦးနှင့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်း အမြောက်အများ ဖမ်းဆီးနိုင်ခဲ့ခြင်းကို တွေ့မြင်ရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တီးတိန်မြို့၏ လူအဝင်အထွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သော်လည်း ယခုအခါ အဆိုပါ ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့မှ ပြန်လည်သိမ်းယူပြီး ထိန်းချုပ်နိုင်ခဲ့ခြင်းဟု ဆိုသည်။
ချင်းညီနောင်တပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံစွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည် အသိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ စစ်ရေးအချက်အချာ အရေးပါသည့် ကနေဒီတောင်ကို ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF Zoland က ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့သေးသည်။
စစ်ကော်မရှင်တပ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော ရွေးကောက်ပွဲ ပထမအဆင့်တွင် ဟားခါးနှင့် တီးတိန်တို့၌ ကျင်းပနိုင်ရန် ကြိုးပမ်းနေသည့်အတွက် ဤဒေသ၌ စစ်ရေးပြင်းထန်မှုများ ပိုမိုမြင့်တက်လာနေခြင်းဖြစ်သည်။


Photo crd – PDF Zoland
#တီးတိန်မြို့အဝင်ဂိတ် #ချင်းညီနောင်တပ်ဖွဲ့ #ပြန်လည်သိမ်းပိုက် #ThanLwinKhetNews
