![]()
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် မူးတိမ်ရွာစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PLA က ထုတ်ပြန်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပေါ်ဦးစစ်ကြောင်း၊ တန့်ဆည်မြို့နယ် – ပကဖ၊ ရွှေဘိုခရိုင် အမှတ် -၂၅ တပ်ရင်း၊ ဓူဝံရေဦးမြို့နယ်အဖွဲ့၊ ဝံသပါလရေဦးမြို့နယ်အဖွဲ့နှင့် Drone force Taze အဖွဲ့တို့က ပူးပေါင်း၍ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
PLA ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲသည် ယနေ့ နံနက် ၄ နာရီခွဲခန့်မှ နံနက် ၈ နာရီကျော်အထိ ၄ နာရီကြာ ပြင်းထန်ခဲ့ပြီး မူးတိမ်ပျူရွာစခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။
သိမ်းပိုက်ရရှိသည့် မူးတိမ်ရွာစခန်းသည် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့် တပ်စွဲထားသည့် စခန်းဖြစ်ပြီး တန့်ဆည်နယ်မြေတွင် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းတချို့ ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု PLA က ဆိုသည်။
စစ်ကောင်စီဘက်မှလည်း ယင်းတိုက်ပွဲအတွင်း နံနက် ၉ နာရီခန့် တွင် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကန့်ဘလူမြို့နယ်ရှိ ခလရ ၆၀၀၆ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကဘဲရွာတွင် စစ်တပ်နှင့် ပျူစောထီး အင်အား ၂၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည်။
#တန့်ဆည် #မူးတိမ်ရွာ #ပျူစခန်း #သိမ်းပိုက်ခံရ #ThanLwinKhetNews
