![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ နှစ်ရွာအား စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ခုနစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၄၅ မီနစ်ခန့်တွင် ကျောက်တော်မြို့နယ်ရှိ ကန်စောင်တောင်နှင့် ကြောင်ဖိုကျေးရွာကို ဗုံးတစ်လုံးစီ တချိန်တည်းတွင် ကြဲချခဲ့သည်ဟု ကျောက်တော်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“တစ်ချိန်တည်းမှာ ဗုံးနှစ်လုံး ချသွားတာပါ။ ကန်စောက်တောင်အနားကို တစ်လုံး၊ ကြောင်ဖိုကျေးရွာကို တစ်လုံး ချသွားတယ်။ ကန်စောက်တောင်နားမှာ သွားလာနေတဲ့ လူတွေလည်း ဒဏ်ရာ ရသွားတယ်။ ဒဏ်ရာရတဲ့လူကလည်း ထပ်တိုးလာနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
သေဆုံးသူများတွင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား နှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူများတွင်လည်း အသက်မပြည့်သေးသည့် ကလေးငယ်များပါဝင်သည်ဟု သိရသည်။ ထို့အပြင် ယင်းကဲ့သို့ ဗုံးကြဲချခဲ့သည့်အတွက် နေအိမ်များမှာလည်း လုံးဝ ပျက်စီးသွားသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ရခိုင်တွင် လေကြောင်းမှလည်းကောင်း ရေတပ်မှလည်းကောင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် စစ်ဘေးရှောင်များ တိုးလာနေသည့်အပြင် ရေတပ်နှင့် လေတပ်ကြောင့် ထိခိုက်သေဆုံးသူ ဦးရေမှာလည်း နေ့စဉ် မြင့်တက်နေသည်။
