![]()

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က တရုတ်နိုင်ငံသား ၂၃ ဦး ကို နိုဝင်ဘာ ၂၈ ရက်၊ နံနက်ပိုင်းတွင် ဘုရားသုံးဆူနယ်စပ်ရှိ ထိုင်းအာဏာပိုင်များထံ တရားဝင်လွှဲပြောင်းပေးခဲ့ပြီး သက်သေအထောက်အထားများပါ အပ်နှံခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည်။
၎င်းတို့သည် KK Park ကျားဖြန့်စခန်းမှ KNU အုပ်ချုပ်ရေးနယ်မြေအတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လူ ၂၀ မှာ တရုတ်နိုင်ငံသားများအဖြစ် စာရင်းသွင်းထားကာ သုံးဦးမှာ ကိုးကန့်လူမျိုးများအဖြစ် စာရင်းသွင်းထားသည်ကို တွေ့ရသည်။
အဆိုပါ တရုတ် ၂၃ ဦးနှင့်အတူ ကွန်ပျူတာ (Desktop) ၆ လုံး၊ မိုဘိုင်းဖုန်း ၆၀၄ လုံး၊ မှတ်စုစာအုပ် (စာရွက်စာတမ်း) တစ်အုပ်၊ ဘဏ်ကတ် ၁၆ ခု၊ USB Flash Drive (128/ Kingston) တစ်ခု၊ နိုင်ငံကူးလက်မှတ် (Passport – တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ခြောက်ခု၊ VIP ကတ် (ဈေးဝယ်/အသင်းဝင်ကတ်) တစ်ခု စသည့် သက်သေအထောက်အထားများကိုလည်း ကေအဲန်ယူဘက်က ထိုင်းတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။

KNU သည် မင်းလက်ပံ ကျားဖြန့်စခန်းတွင် ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများအတွက်လည်း သက်ဆိုင်ရာ သံရုံးများနှင့် တက်ကြွစွာ ချိတ်ဆက်ဆောင်ရွက်နေသည်ဟုဆိုသည်။
နိုဝင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှစ၍ မဲဆောက်မြစ်ကမ်းဘေးတွင် ရှိနေသည့် နိုင်ငံခြားသားများအတွက် အသေးစိတ် ဖော်ထုတ်ရေး အချက်အလက်များကို တောင်းခံရန် သံရုံးအများအပြားကို KNU က ယင်းနေ့ ၁၁:၃၀ နာရီခန့်တွင် ဆက်သွယ်ခဲ့သည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာ ၂၈ ရက်၊ နေ့လယ်အထိ နိုင်ငံ ၁၈ နိုင်ငံမှ အဆိုပါ လူ ၃၉၂ ဦး တို့မှာ မဲဆောက်မြစ်ကမ်းဘေးတွင် ဆက်လက် ရှိနေကြပြီး KNU အဖွဲ့က ရေ၊ စားစရာနှင့် အခြေခံလိုအပ်ချက်များ ပံ့ပိုးပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU သည် စုစုပေါင်း ကျားဖြန့်လုပ်သား ၇၈၂ ဦးကို နိုဝင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ထိုင်းသို့ လွှဲပြောင်းပေးခဲ့ပြီး တရုတ် ၆၉၂ ဦး၊ ထိုင်း ၅၁ ဦး၊ ဗီယက်နမ် ၂၆ ဦး၊ လာအို ၁၃ ဦးတို့ပါဝင်သည်ဟု သိရသည်။

ဓာတ်ပုံ – ထိုင်းသတင်းမီဒီယာ
#ကေကေပါ့ခ် #ဘုရားသုံးဆူ #ကျားဖြန့်တရုတ် #KNU #ThanLwinKhetNews
