သမိုင်း၏မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၄
*******
ဇေယျာဦး
မေ ၁၂၊ ၂၀၂၄။
(IJBS – လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ်တွင်ဖော်ပြထား သောယခုဆောင်းပါးကို စာတမ်းရှင်ဇေယျာဦး၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်)
ကျောင်းသားလှုပ်ရှားမှုဖြစ်ပွားပေါ်ပေါက်ပုံ
*******
တပ်မတော်နည်းပညာကောလိပ်တွင် တစ်လျှောက်လုံးဖြစ်ပျက်နေခဲ့သော အခြေအနေအရပ်ရပ်ကို ပြန်လည်ထောက်ရှုမည်ဆိုပါက မတရားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။အရင်ဆုံး ကျောင်းသားနှင့် အစိုးရတို့ကြား ထားရှိခဲ့သော ပဋိဉာဉ်ကို အစိုးရဘက်မှတစ်ဖက်သတ် ချိုးဖောက်ခဲ့ပြီး တစ်ဦးတည်း သဘောဖြင့် ပြင်ဆင်ပြောင်းလဲခဲ့ခြင်း၊ ကျောင်း၏ခေါ်စာအရ သာမက ကျောင်းအာဏာပိုင်တို့၏ အထပ်ထပ်အခါခါ ပြောကြားချက်များအရထူးချွန်စွာ အောင်မြင်သော ကျောင်းသားတိုင်းကို B.Tech ဆက်တက်ခွင့်ပေး မည်ဆိုသောကတိကဝတ်ကို လက်တွေ့တွင် ချိုးဖောက်ကာ B.Tech ဆက် တက်ခွင့်ရ ကျောင်းသားများကိုအရည်အချင်းဖြင့်မဟုတ်ဘဲ အရေအတွက်ဖြင့် ဖြတ်ချနေခြင်း၊ အင်ဂျင်နီယာကျောင်းဟုအမည်ခံထားသော်လည်း လက်တွေ့ တွင် ကျောင်းအာဏာပိုင်များဘက်မှအင်ဂျင်နီယာပညာရပ်ကို အလေးမထား ဘဲ တိုက်ခိုက်ရေးလေ့ကျင့်မှုဘက်သို့သာ ပို၍အလေးထားလုပ်ဆောင်နေခြင်း၊ အင်ဂျင်နီယာကောလိပ်တစ်ခုကိုအင်ဂျင်နီယာပညာရပ်အကြောင်း လုံးဝမသိ သော တိုက်ခိုက်ရေးဘက်မှ လာသည့်ဗိုလ်မှူးကြီးတစ်ဦးက ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူနေခြင်း၊အင်ဂျင်နီယာဒီပလိုမာလက်မှတ် (အေဂျီတီအိုင် လက်မှတ်) ကိုအင်ဂျင်နီယာပညာရှင်မဟုတ်သော B.Sc (DSA) ဘွဲ့ရ ဗိုလ်မှူးကြီးတစ်ဦးကအတည်ပြုလက်မှတ်ရေးထိုးပေးခြင်း၊ ကျောင်းမတက် ချင်၍ အိမ်ပြန်သောကျောင်းသားများကို လူငယ်တစ်ဦးအတွက် ဂုဏ်သိက္ခာမဲ့ စေသော တပ်ထုတ်ပွဲကျင်းပကာအရပ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် ချမှတ်စေခြင်းဖြင့် ပြစ်ဒဏ်နှင့်ပြစ်မှုကိုမတန်တဆသတ်မှတ်ကာ ဖိနှိပ် နေခြင်း၊ ကျောင်းဆင်းပွဲ၊ ဘွဲ့လက်မှတ်ပေးအပ်ပွဲတို့ကိုမလေးမစား လုပ်ဆောင်နေခြင်း၊ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြားသော တပ်မတော်သင်တန်းကျောင်းကြီးများမှ ကျောင်းသားများနှင့်ယှဥ်၍ ခွဲခြားဆက်ဆံခံနေရခြင်း၊ နောက်ဆုံးတွင်ဘွဲ့ပေးမည့် အစီအစဥ်နှင့် ပတ်သက်၍ ကျောင်းသားများက ဖြေရှင်းပေးရန် တောင်းဆိုမှုကိုပင်
မလေးမစားဆက်ဆံကာ လျစ်လျူရှုထားခဲ့ ခြင်း စသော အခြေအနေတို့သည် နောက်ဆုံးတွင်ကျောင်းသားများခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာစေတော့သည်။ ၎င်းမှာ
“ငါတို့လူငယ်တွေကို အင်ဂျင်နီယာဘွဲ့နဲ့ မျှားပြီး စစ်သားအင်အား စုဆောင်းနေခြင်းလော”ဆိုသည့် အတွေးဖြစ်သည်။ ထိုအခြေအနေကို ယခုကျောင်းဖွင့်ခါစ အရင်ဆုံး တက်နေ သောကျောင်းသားကြီးများက စောစီးစွာ ဖြေရှင်းမထားလျှင် နောက်နှစ်၊ နောက်နှစ် များတွင်လည်း(၁၀) တန်းအောင်စ လူငယ်များကို ယခုကဲ့သို့ပင် ဆက်လက်စုဆောင်းနေကြဦးမည် ဆိုသည့်ခံယူချက်ဖြင့် စတုတ္ထနှစ် ကျောင်းသားများက သက်ဆိုင်ရာလူကြီးများထံ အကျိုးအကြောင်းကိုစာရေးတင်ပြရန် ဆုံးဖြတ်လိုက်ကြသည်။
ပထမအကြိမ်တွင် အခြားသော ဂျူနီယာကျောင်းသားများကို အသိမပေး တော့ဘဲစီနီယာကျောင်းသားကြီးများသာ စုပေါင်းလက်မှတ်ထိုး၍ ကျောင်းအုပ်ကြီးထံသို့တင်ပြကြသည်။ ဂျူနီယာကျောင်းသားများကို အသိမပေးရခြင်းမှာ အထူးသဖြင့် အပတ်စဥ်
(၃) သင်တန်းသားများသည် လူအင်အား (၂၀၀၀) ကျော်ရှိပြီး လူငယ်များဖြစ်သည့်အားလျော်စွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှု များရှိလာလျှင် မလိုလားအပ်သော ပြဿနာများပေါ်ပေါက်လာမည်ကို စိုးရိမ် ခြင်း၊ စတုတ္တနှစ် ကျောင်းသားများ တောင်းဆိုသောအချက်များရရှိလျှင် စတုတ္ထနှစ် ကျောင်းသားများသာမက ကျန်သော ကျောင်းသားအားလုံးလည်းအခွင့်အရေးခံစားရမည်သာဖြစ်ခြင်းတို့ကြောင့်ပင် ဖြစ်သည်။ ထိုစဥ်က စတုတ္ထနှစ်ကျောင်းသားကြီးများ တောင်းဆိုခဲ့သော အချက်များမှာ –
(၁) တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း အေဂျီတီအိုင် (ဒီပလိုမာ)သင်တန်းအမည်ဖြင့် ခေါ်ယူခဲ့စဥ်က ပေးထားခဲ့သည့် “ဒုတိယ နှစ်သင်တန်းကို ထူးချွန်စွာအောင်မြင်လျှင် စက်မှုတက္ကသိုလ်တစ်ခုခုတွင် ဆက်လက်တက်ရောက်ခွင့်ရှိသည်” ဟူသောကတိကဝတ်ကို ဖြည့်ဆည်း ပေးရန်။
(၂) တတိယနှစ်ဆက်တက်ခွင့်ကို ရွေးချယ်ရာတွင် အရေအတွက် (ရာခိုင်နှုန်း ဖြင့်) မဟုတ်ဘဲခေါ်စာပါ ကတိကဝတ်အတိုင်း ထူးချွန်စွာ အောင်မြင်သူ တိုင်းကို တက်ခွင့်ပေးရန်။
(၃) အင်ဂျင်နီယာကျောင်းကို အုပ်ချုပ်နေသောကျောင်းအုပ်ကြီးသည် အနည်း ဆုံး Ph.D.(Engineering) အဆင့် ပညာအရည်အချင်းရှိသူ တစ်ဦးကိုသာ ခန့်ထားပေးရန်။
(၄) တပ်မတော်နည်းပညာကောလိပ်သည် နည်းပညာ (အင်ဂျင်နီယာ) ကျောင်းဖြစ်သည့်အတွက် အင်ဂျင်နီယာဘာသာရပ်ကို အလေးပေး ဆောင်ရွက်မှုများလုပ်ဆောင်ပေးရန်နှင့် နည်းပညာ (အင်ဂျင်နီယာ) ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမအင်အားကို လုံလောက်စွာ စီစဥ် ပေးရန်။
(၅) နည်းပညာဘွဲ့ (B. Tech) ကို အချိန်ကာလအားဖြင့် (၄) နှစ် တက်ရောက် ရပြီး၊အင်ဂျင်နီယာဘွဲ့ (B.E.) ကို အချိန်ကာလအားဖြင့် (၅) နှစ် တက်ရောက်ခဲ့ရသည်ဖြစ်သောကြောင့် ၎င်းဘွဲ့ကို ရရှိပြီးသော ကျောင်းသားများအား ဘွဲ့များနှင့်လျော်ညီသောရာထူးတစ်ခုခုကို သတ်မှတ်ပေးရန်။
(၆) အေဂျီတီအိုင်ဒီပလိုမာလက်မှတ်နှင့် နောင်တွင်ရရှိလာမည့် ဘွဲ့လက်မှတ် များကိုလက်ရှိကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဘိုးအောင်က လက်မှတ်ထိုး သည်မျိုးမဟုတ်ဘဲပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော အဆင့်မြင့်အင်ဂျင်နီယာဘွဲ့ရပညာရှင်တစ်ဦးဦးကသာ လက်မှတ်ရေးထိုး ပေးရန်… တို့ဖြစ်သည်။
အဆိုပါအချက်တို့ကို ပထမအဆင့်အနေဖြင့် ကျောင်းအုပ်ကြီးရုံးသို့ တင်ပြကာအကြောင်းပြန်မှုကို စောင့်နေခဲ့သည်။ တစ်ပတ်ခန့်ကြာသည့်အထိ စောင့်၍အကြောင်းမပြန်သည့်အခါ ဒုတိယအကြိမ် ထပ်တင်ကြပြန်သည်။ ဒုတိယ အကြိမ်တင်ပြမှုကိုလည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသည့်အခါတွင်တော့စတုတ္ထနှစ်ကျောင်းသားကြီးများသည် နောက်တစ်ဆင့်တက်၍ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့အတွက် အပတ်စဥ် (၂) သင်တန်း (ထိုစဥ်က တတိယနှစ်)ကျောင်းသားများနှင့် တွေ့ဆုံ၍ ၎င်းတို့လုပ်ဆောင်နေမှု အခြေ အနေနှင့် ရည်ရွယ်ချက်တို့ကိုရှင်းပြကာ နောက်တစ်ဆင့်အနေဖြင့် အဆင့်မြင့် တာဝန်ရှိသူများထံသို့တိုက်ရိုက်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ရှင်းပြ သည်။
ယခုကိစ္စသည် ပညာရေးနှင့်ပတ်သက်သည့်အတွက် အရင်ဆုံး ပညာရေးကော်မတီ ဥက္ကဋ္ဌ (ထိုစဥ်က ဒုတိယဗိုလ်ချုပ်ကြီး
ခင်ညွန့်)၊ ကျောင်း ကို တိုက်ရိုက်ကွပ်ကဲနေသော လေ့ကျင့်ရေးအရာရှိချုပ်ရုံး (ထိုစဥ်ကဗိုလ်ချုပ် ကျော်ဝင်း)၊ တပ်မတော်နည်းပညာကောလိပ် တည်ရှိရာ ပြင်ဦးလွင်မြို့သည်မန္တလေးတိုင်းအတွင်း၌ ရှိနေသောကြောင့် ထိုစဥ်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ် ရဲမြင့်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမောင်အေးတို့ထံ မိတ္တူပို့ကာ မူရင်းကို ထိုစဥ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ လိပ်မူ၍ ကျောင်းတွင် ဖြစ်ပျက်နေသောအခြေအနေနှင့် ကျောင်းသားတို့ လိုလားသော ပြုပြင် ပြောင်းလဲမှုများကိုတင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း စတုတ္ထနှစ် ကျောင်းသားများကတတိယနှစ်ကျောင်းသားများကို ရှင်းပြသည်။ ထို့နောက် အဆိုပါ အဆင့်မြင့်အရာရှိများ၊ရုံးများထံသို့ စာပို့ရန်အတွက် အဆက်အသွယ် ရှိသူများရှိပါက ယခုကိစ္စကိုကူညီရန်လည်းပြောသည်။ တတိယနှစ် ကျောင်းသားများအနေဖြင့်လည်းစီနီယာများလုပ်ဆောင်မှုကို သဘောတူ ကြောင်းနှင့် အဆက်အသွယ်ရှိသူများကိုစုံစမ်းရှာဖွေပေးမည်ဖြစ်ကြောင်း ပြော၍ပြန်ခဲ့ကြသည်။ ထို့နောက် ရရှိသောအဆက်အသွယ်များဖြင့် အဆိုပါ ရုံးများသို့ စီစဥ်ထားသည့်အတိုင်း တင်ပြစာများပို့ဖြစ်ခဲ့ကြသည်။ သို့သော် ၎င်းစာများပို့ပြီးနောက် တစ်လခန့်ကြာသည်အထိမည်သည့်အကြောင်းပြန်မှု မျှ မရရှိခဲ့ပေ။
ဤအချိန်အတောအတွင်း၌ ကျောင်းသားလှုပ်ရှားမှုတို့၏ သဘော သဘာဝအတိုင်းကျောင်းသားချင်း သဘောထားကွဲလွဲမှုအချို့ ပေါ်ပေါက်လာ သည်။ ကျောင်း၏ ပြဿနာကိုသက်ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုရေးကိစ္စဆွေးနွေးတိုင်ပင်ကြရာတွင် ဒုတိယနှစ်ကျောင်းသား (အပတ်စဥ် ၃) များနှင့် ပထမနှစ်ကျောင်းသား (အပတ်စဥ် ၄) များကို ချန်ထားခဲ့ခြင်းအပေါ် ဒုတိယနှစ်ကျောင်းသားများကမကျေမနပ် ဖြစ်လာကြ သည်။ ဤနေရာတွင် ပထမနှစ်ကျောင်းသားများမှာကျောင်းသို့ရောက်ခါစ သက်တမ်းအားဖြင့် (၂) လခန့်သာ ရှိသေးသည့်အတွက် ကျောင်း၏အခြေအနေ ကို ကောင်းစွာမသိရှိသေးပေ။ ထို့ကြောင့် ကျောင်း၏ ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာတွင် ၎င်းတို့အား ချန်လှပ်ထားခြင်းမှာ သဘာဝကျပါသည်။ သို့သော်သက်တမ်းအားဖြင့် တစ်နှစ်ကျော်လာပြီဖြစ်သလို ကျောင်းတွင် စီနီယာနေရာ သို့လည်းရောက်ရှိလာပြီဖြစ်သည့် ဒုတိယနှစ်ကျောင်းသားများကို ကျောင်း ကိစ္စ တိုင်ပင်ဆွေးနွေးရာတွင်ချန်လှပ်ထားခဲ့ခြင်းမှာ စီနီယာကျောင်းသားကြီး များ အနေဖြင့် မရိုးသားမှု တစ်ခုခုရှိနေခြင်းကြောင့်သာ ဖြစ်မည်ဟု ဒုတိယနှစ်ကျောင်းသားများက ထင်မြင်ယူဆကြသည်။ကျောင်းတွင် ဖြစ်ပျက် သမျှ မတရားမှုနှင့် အခက်အခဲများကို အတူတကွ ရင်ဆိုင်နေရချိန်မှာပင်ကျောင်းသားအချင်းချင်း ထိုသို့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာသည်မှာ အကြောင်းမဲ့တော့မဟုတ်ပေ။
အေဂျီတီအိုင် သင်တန်းသည် (၂) နှစ်ဖြင့် ဆင်းရမည်ဖြစ်ပြီး တတိယနှစ် (B.Tech)ဆက်တက်ခွင့်ရသူများသည် အေဂျီတီအိုင် ကျောင်းဆင်းများနှင့် အဆင့်အတန်းများစွာကွာခြားသွားလိမ့်မည်ဟု ထိုစဥ်က ကျောင်းသား အများစုက လက်ခံယုံကြည်ထားကြသည်။ထို့ကြောင့် တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသားများသည် ကျောင်းသားအများစုစိုးရိမ်နေသော အေဂျီတီအိုင်လက်မှတ်ယူ၍ တပ်ကြပ်ကြီးရာထူးဖြင့် ကျောင်းဆင်းရမည့်အဖြစ်ကို ကျော်လွှားပြီးသူများဖြစ်သည့် အားလျော်စွာ ၎င်းတို့နှင့် မသက်ဆိုင် တော့သည့်
ဒုတိယနှစ်ကျောင်းဆင်းရမည့်ကိစ္စကို ထည့်သွင်းစဥ်းစားကြလိမ့် မည် မဟုတ်ဟု
ဒုတိယနှစ်ကျောင်းသားများက ယူဆကြသည်။ ကျောင်း၏ ရှေ့နောက်မညီညွတ်သောစနစ်၏အပြစ်ဟုသာ ဆိုရပေမည်။ ဤအယူအဆ ကို အခြေခံကာ ဒုတိယနှစ်ကျောင်းသားများကလည်းမိမိတို့အနေဖြင့် သီးခြား တင်ပြတောင်းဆိုမှုများ ပြုလုပ်ရတော့မည်ဖြစ်ကြောင်း
ဆွေးနွေးတိုင်ပင်ကြ တော့သည်။ ဤသို့ဖြင့် ဒုတိယနှစ် ကျောင်းသားများ၏ သီးခြားလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာတော့သည်။
ဒုတိယနှစ်ကျောင်းသား အချင်းချင်းကြား ဟောပြောစည်းရုံးမှုများကို ညစဥ် ညဉ့်နက်ချိန်များ၌ကျောင်းနောက်ဘက် ချောင်ကျသော စာသင်ဆောင် များတွင် စုဝေးဟောပြောစည်းရုံးမှုများပြုလုပ်ကာ နောက်ဆုံးတွင် ဒုတိယနှစ် ကျောင်းသားအားလုံး လက်မှတ်ရေးထိုး
တောင်းဆိုထားသည့် တောင်းဆိုလွှာ ကို ပညာရေးကော်မတီဥက္ကဋ္ဌရုံး၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ဆီသို့လိပ်မူပို့ရန် စီစဥ်ခဲ့ကြသည်။ သို့သော် ကျောင်းသားအချို့ကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ ပို့ပါကတောင်းဆိုချက်ရနိုင်မည် မဟုတ်ဘဲ ကြိုတင်နှိမ်နင်းခံရခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်ဟု
ပြော၍ ကန့်ကွက် လာကြရာ နောက်ဆုံးတွင် ပညာရေးကော်မတီဥက္ကဋ္ဌ (ထိုစဥ်က နိုင်ငံတော်အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်) ထံသို့သာ ပို့ရန် စီစဥ်ခဲ့ကြသည်။ဒုတိယနှစ်ကျောင်းသားများ၏ တောင်းဆိုချက်မှာ အနည်းငယ် ပြင်းထန်သွား ခဲ့သည်။
သို့သော်အကြောင်းမဲ့ ပြင်းထန်ခဲ့သည်တော့ မဟုတ်ပေ။ အပတ်စဥ် (၃) သင်တန်းသားများကျောင်းသို့ရောက်ရှိပြီး မကြာခင် ကာကွယ်ရေးဝန်ကြီး ဌာန တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်လှိုင်နှင့် တွေ့ဆုံစဥ်ကလည်းသင်တန်း သားအင်အား (၂၀၀၀) ကျော်ကို ခေါ်ယူနိုင်ခဲ့ခြင်းအပေါ် အားရကျေနပ်မှုရှိခဲ့ပြီးသင်တန်းသားများကို အားပေး နှစ်သိမ့်သည့်အနေဖြင့် အပတ်စဥ် (၃) မှစ၍တပ်မတော်နည်းပညာကောလိပ် ကျောင်းသားအားလုံးကို တတိယနှစ် (B.Tech)ဆက်တက်ခွင့်ပေးရန် အစီ အစဥ်ရှိကြောင်း ပြောကြားသွားခဲ့သည့် သာဓကလည်း ရှိခဲ့ဖူးသည်။ထိုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများက လတ်တလော အဆင်ပြေရေးအတွက် ရှေးရှု ကာတာဝန်မဲ့စွာ မျှော်လင့်ချက်များ၊ ကတိကဝတ်များပေးခဲ့ခြင်း၊ အထက်တွင် ဖော်ပြခဲ့သလိုသင်တန်းခေါ်စာပါ သတ်မှတ်ချက်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးမှုမရှိဘဲ တတိယနှစ်B.Tech ဆက်တက်ခွင့်ကို အရေအတွက် ဖြင့် သတ်မှတ်နေခြင်းတို့ကြောင့်ကျောင်းသားများဘက်မှ မိမိတို့အနေအထား ကို ပြန်လည်ကာကွယ်သည့် သဘောလည်းပါသည်။
၎င်းတို့တောင်းဆိုခဲ့သော အချက်များမှာ –
(၁) (က) အေဂျီတီအိုင်နှင့် B.Tech ကြား မည်သည့်အဆင့်မျှ ခံမနေဘဲ ကျောင်းသားအားလုံးကို B. Tech တက်ခွင့်ပေးရန်
(ခ) လေ့ကျင့်ရေးနှင့် စာပေတွင် စာပေပိုင်းက အားနည်းနေသည့်အတွက် စာပေပိုင်းအားယခုထက် ပိုမိုစနစ်ကျစေရန်၊ ဆရာ၊ ဆရာမအင်အား လုံလောက်မှု ရှိစေရန် နှင့်ကျောင်းသားများ အမှန်တကယ် အသုံးပြုနိုင် စေမည့်သင်ထောက်ကူပစ္စည်းများစီစဥ်ဆောင်ရွက်ပေးရန်၊ ကျောင်းသား အားလုံးကွန်ပျူတာအခြေခံကိုတတ်ကျွမ်းနိုင်စေရန်အတွက် စီစဥ်ပေးရန်
(ဂ) အေဂျီတီအိုင်ဒီပလိုမာအား နိုင်ငံတကာက အသိအမှတ်ပြုနိုင်မည့် အဆင့်မျိုးဖြစ်စေရန်အတွက် ဒီပလိုမာကို လက်မှတ်ထိုးအတည်ပြုသော ပုဂ္ဂိုလ်သည်ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့် အဆင့်မြင့် အင်ဂျင်နီယာပညာရှင်တစ်ဦးဦးသာ
ဖြစ်စေရန်
(၂) အထက်ပါတောင်းဆိုချက်များကို မလိုက်လျောနိုင်ပါက ကျောင်းသားများ ကို ငြိမ်းချမ်းစွာ
အိမ်ပြန်ခွင့်ပြုရန်။
၎င်းတို့တောင်းဆိုချက်များမှာ အနည်းငယ် ပြင်းထန်သော်လည်း အဆိုပါ တောင်းဆိုချက်များမရပါက လုပ်ဆောင်မည့် နောက်ထပ် အစီအစဥ်၊ တစ်နည်းအားဖြင့် Plan B ကိုဒုတိယနှစ်ကျောင်းသားများက စဥ်းစားထားပြီး ဖြစ်သည်။ ထိုအချက်က စတုတ္ထနှစ်ကျောင်းသားများနှင့် အဓိကကွာခြားသည့် အချက်ဖြစ်သည်။ စတုတ္ထနှစ် ကျောင်းသားများက၎င်းတို့တောင်းဆိုသော အချက်များကို ပြန်လည်တုံ့ပြန်မှုများ မရရှိသည့်အခါမည်သို့ဆက်လုပ်ရမည် ကို ကြိုတင်စဥ်းစားထားခြင်းများ မရှိခဲ့သည့်အတွက်ထိုင်စောင့်နေရုံမှတစ်ပါး အခြားလမ်းရွေးစရာ မရှိသော်လည်း ဒုတိယနှစ်ကျောင်းသားများကဒုတိယ လမ်းကို ရွေးထားပြီး ဖြစ်သည်။ ၎င်းမှာ ၎င်းတို့တောင်းဆိုချက်များ မရပါကဤကျောင်းကို ဆက်မတက်ဘဲ မိမိသဘောနှင့်မိမိ အိမ်ပြန်ရေးဖြစ်သည်။
ထိုအစီအစဥ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်ဒုတိယနှစ်ကျောင်းသားများသည် ၎င်းတို့ကြား တာဝန်ခွဲဝေမှုကို စနစ်တကျသတ်မှတ်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် ထိုစဥ်က ကျောင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) များကို ကျောင်းသို့ စတင်ရောက်ချိန် မှစ၍ ကျောင်းအာဏာပိုင်များကသိမ်းယူထားရာ ကျောင်းသားများအနေဖြင့် မိမိတို့သဘောဖြင့် မိမိတို့ အိမ်ပြန်မည်ဆိုပါကမှတ်ပုံတင်ရှိရန် လိုအပ်လာပြီ ဖြစ်ရာ အဆိုပါမှတ်ပုံတင်များကို ကျောင်းလေ့ကျင့်ရေးဌာနမှ မရ၊ရသည့် နည်းဖြင့် ပြန်ယူ၍ ကျောင်းသားများလက်ထဲသို့ ပြန်ဝေပေးနိုင်ရေးတာဝန်၊ လက်ရှိလုပ်ဆောင်မည့် လုပ်ငန်းများအား ကျောင်းသားအချင်းချင်းကြား အကျေအလည်နားလည်လက်ခံလာစေရန် ရှင်းလင်းစည်းရုံးရေးတာဝန်၊ အဆင့်မြင့်တာဝန်ရှိသူများထံသို့တောင်းဆိုလွှာရောက်ရှိ တင်ပြနိုင်ရန် စီစဥ် ဆောင်ရွက်ရေးတာဝန်၊လုပ်ငန်းစီမံချက်များရေးဆွဲရေးတာဝန်၊ အစည်းအဝေး မှတ်တမ်းများ ထိန်းသိမ်းရေးတာဝန်
စသဖြင့် လုပ်ငန်းတာဝန်အသီးသီးကို မိမိတို့ စွမ်းဆောင်နိုင်မှုအလျောက်အဖွဲ့လိုက်ခွဲဝေယူခဲ့ကြသည်။
ဤတွင် အပတ်စဥ် (၂) သင်တန်းသားများ တစ်နည်းအားဖြင့် ထိုစဥ်ကတတိယနှစ်ကျောင်းသားများမှာ အထက်ပါ သီးခြားလှုပ်ရှားမှု နှစ်ခုကြားတွင် မည်သည့်ဘက်သို့ရပ်တည်ရမည်ကို စဥ်းစားလာရတော့သည်။ အပတ်စဥ် (၁) သင်တန်းသား(စတုတ္ထနှစ်)များက
၎င်းတို့ လုပ်ဆောင်နေမှု အခြေအနေများကို ခေါ်ယူရှင်းပြခဲ့စဥ်က တတိယနှစ်ကျောင်းသားအများစုက လက်ခံသဘောတူခဲ့ ပြီးဖြစ်၍ မိမိတို့အနေဖြင့် သီးခြားတောင်းဆိုမှုပြုလုပ်စရာ မလိုတော့ဟု နားလည်ထားခဲ့သော်လည်း ဒုတိယနှစ်ကျောင်းသားများကအထက်ပါကဲ့သို့ သီးခြားတောင်းဆိုမှုများ လုပ်ဆောင်လာသည့်အခါ တတိယနှစ်ကျောင်းသားအချင်းချင်းကြား ဆွေးနွေးတိုင်ပင်မှုများ လုပ်လာရတော့သည်။အဆိုပါ လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ညဘက် စာသင်ခန်းဝင်ချိန် (night study) အပြီးတွင်ကျောင်းနောက်ဘက် ချောင်ကျသော စာသင်ခန်း တစ်ခန်းဖြစ်သည့် drawing room တွင်ပထမဆုံး အစည်းအဝေးခေါ်ယူခဲ့ကြ သည်။
တတိယနှစ်ကျောင်းသားများသည် ဒုတိယနှစ်ကျောင်းသားများ လုပ်ဆောင်သကဲ့သို့ကျောင်းသားများအား တစ်ခန်းဝင်၊ တစ်ခန်းထွက် လိုက်လံစည်းရုံးမှုများ မပြုလုပ်ဘဲကျောင်းအရေးကို စိတ်ပါဝင်စားသူများသာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန်ခေါ်ယူခဲ့သဖြင့် တက်ကြွသူ၊ စိတ်ပါဝင်စားသူအချို့သာ အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့ကြသည်။ သို့သော် ကျောင်းသားတို့ ထုံးစံအတိုင်း အစည်းအဝေးတွင်သဘောထားကွဲလွဲ မှုများ ပေါ်ပေါက်ခဲ့သည်။ အဓိကအားဖြင့် အုပ်စုနှစ်စု ကွဲခဲ့သည်။ပထမတစ်စု က စတုတ္ထနှစ် ကျောင်းသားများ တောင်းဆိုမှုကို ထောက်ခံပြီး ဒုတိယနှစ်ကျောင်းသားများ၏ တောင်းဆိုမှုအပေါ် လိုလိုလားလား မရှိကြသလို မိမိတို့
တတိယနှစ်များအနေဖြင့် ကြားနေစောင့်ကြည့်နေရုံ အနေအထားဖြင့်သာ ရပ်တည်သင့်ကြောင်းပြောလာကြသည်။ ၎င်းကို ဒုတိယအုပ်စုက သဘော မတူပေ။ မိမိတို့တတိယနှစ်ကျောင်းသားများအနေဖြင့် သီးခြား တောင်းဆိုမှု များ မပြုလုပ်သော်လည်းတောင်းဆိုမှုပြုလုပ်နေကြသော ကျောင်းသား အပတ်စဥ် နှစ်ခုစလုံးနှင့် လိုအပ်သည်များချိတ်ဆက် ညှိနှိုင်းဆောင်ရွက် သင့်ကြောင်း၊ လိုအပ်ပါက တစ်စည်းတစ်လုံးတည်းရပ်တည်သင့်ကြောင်း ထောက်ပြပြောဆိုကြသည်။ ဤသို့ဖြင့် ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲကြရင်း မည်သည့်အဖြေမှ မထွက်ဘဲ အစည်းအဝေး ပြီးဆုံးခဲ့သည်။ သို့သော်တက်ကြွသော တတိယနှစ် ကျောင်းသားအချို့က ဒုတိယနှစ် ကျောင်းသားများနှင့် တွေ့ဆုံကာညှိနှိုင်းတိုင်ပင်မှုများ ဆက်လုပ်ခဲ့ကြသည်။ ထိုအစည်းအဝေးသည်တပ်မတော်နည်းပညာကောလိပ် ကျောင်းသား လှုပ်ရှားမှုဖြစ်စဥ်အတွက် တတိယနှစ်(အပတ်စဥ် ၂) ကျောင်းသားများကြား ဆွေးနွေးတိုင်ပင်ခဲ့သော ပထမဆုံးနှင့်
နောက်ဆုံးစည်းဝေးပွဲဖြစ်သည်။
ဤသို့ဖြင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများကြား တိတ်တဆိတ်အစည်းအဝေးများ၊ ဆွေးနွေးတိုင်ပင်မှုများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့သည်။စတုတ္ထနှစ်ကျောင်းသားကြီးများကလည်း တောင်းဆိုလွှာကို ဆက်တိုက်တင်နေတော့သည်။
ဒုတိယနှစ် ကျောင်းသားများကလည်း အပြိုင် တင်ကြသည်။ အဆိုပါတောင်းဆိုလွှာများကိုမန္တလေးတိုင်းမှူးအဆင့်မှစ၍ အဆင့်ဆင့်သော လူကြီးများက သိရှိနေပြီဖြစ်ကြောင်းသတင်းအချို့လည်း ပြန်ကြားလာရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ့တပ်မတော် စစ်စခန်းအချို့အား ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုကဝင်ရောက်တိုက်ခိုက်ရာတွင် ထိုင်းစစ်တပ်များပါဝင်နေသည်ဟု မြန်မာအစိုးရဘက်မှပြောဆိုမှုကြောင့် ထိုင်း-မြန်မာနယ်စပ် စစ်ရေးတင်းမာနေ ပြီး မြန်မာ့တပ်မတော်အတွင်း
တန်းပြည့်စစ်မှုထမ်းချိန်ကာလ သတ်မှတ်ထား ချိန်လည်း ဖြစ်သည်။10 အဆိုပါကိစ္စကြောင့်တပ်မတော်ခေါင်းဆောင်များ အလုပ်ရှုပ်နေကြကြောင်းကိုလည်း တစ်စွန်းတစ်စကြားသိရသည်။
ထိုအတောအတွင်း တောင်းဆိုချက်များမရလျှင် မိမိတို့သဘောနှင့် မိမိတို့ အိမ်ပြန်မည်ဟူသောဒုတိယနှစ်ကျောင်းသားများ အစဖော်လိုက်သည့်ကိစ္စကဒုတိယနှစ်ကျောင်းသားများကြား၌သာမက ကျန်သော ကျောင်းသားများကြား၌လည်း တက်တက်ကြွကြွ ဆွေးနွေးလာကြသည်။ ဤတွင်လည်း သဘော ထားကွဲလွဲမှုများရှိလာကြပြန်သည်။ ကျောင်းသားအချို့က ပြင်ဦးလွင်မြို့မှ မန္တလေးအထိ ခြေလျင်ချီတက်လမ်းလျှောက်သွားပြီး မန္တလေးရောက်မှ လူစုခွဲ၍ အိမ်ပြန်ကြမည်ဟု ဆိုကြသလိုအချို့ကလည်း စနေ၊ တနင်္ဂနွေ ပိတ်ရက်တစ်ရက်ရက်တွင် out pass နှင့်ရောထွက်ပြီးမိမိအစီအစဥ်ဖြင့် အိမ်ပြန်သင့်သည်ဟု ဆိုကြသည်။ အိမ်ပြန်ရန် ဦးတည်ချက်ချင်း တူညီနေကြသော်လည်း ပြန်ရန် ရွေးသောလမ်းမှာ မတူနိုင်ဘဲ ဖြစ်နေသည်။ အိမ်ပြန် ရောက်လျှင်မည်သို့ဆက်လုပ်မည်ကိုကား ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်။
ဤအတောအတွင်း အဆိုပါ အိမ်ပြန်ရတော့မည်ဆိုသော သတင်းက ကျောင်းသို့ရောက်ခါစပထမနှစ်ကျောင်းသားများ (အပတ်စဥ် (၄) သင်တန်း သားများ) ကြားတွင်လည်း ပျံ့နှံ့လာရာအကျိုးအကြောင်းဖြစ်စဥ်ကို ကောင်းစွာ နားမလည်သေးသော ပထမနှစ်ကျောင်းသားအချို့က၎င်းတို့မိဘများထံ ဖုန်း ဆက်ရာတွင်လည်းကောင်း၊ မိသားစုများနှင့်ဧည့်တွေ့ရာတွင်လည်းကောင်း မကြာခင် ကျောင်းမှ ကျောင်းသားအားလုံးအိမ်ပြန်ရတော့မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားလာတော့သည်။ အဆိုပါဖြစ်စဥ်ကိုအရာရှိအချို့လည်း ရိပ်မိနေပုံပေါ်သည်။ ကျောင်းသားများကလည်း ကျောင်း၏ နေ့စဥ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုများမှ တစ်စတစ်စ နောက်ဆုတ်လာခဲ့ကြသည်။ မနက် PTပြေးချိန်များတွင် လူမစုံတော့သလို၊ တပ်တွင်း လုပ်အားပေး (fatigue) လုပ်ချိန်များ၊ night studyဝင်ချိန်များတွင်လည်း လူမစုံတော့ပေ။ သို့သော် အရာရှိများသည် ကျောင်းသားများထိုသို့ပြုမူလာမှုအပေါ် ခါတိုင်း ကဲ့သို့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူမှုများသိပ်မလုပ်ကြတော့ပေ။
အဆိုပါကာလများက တတိယနှစ် ကျောင်းသားများသည် တတိယနှစ် စစ်ပညာသင်တန်းကာလဖြစ်သည့်အတွက် ကျောင်းပြင်ပသို့ အချိန်ပြည့်နီးပါး ထွက်နေရသည်ဖြစ်ရာ ကျောင်းနှင့်ပူးတုံခွာတုံ ဖြစ်နေသည်။ ထို့နောက် စစ်ပညာသင်တန်း၏အပိတ် မိုင်ရှည်ချီတက်ပွဲနှင့်စခန်းကုန်းတိုက်ပွဲ လေ့ကျင့်ရေးအတွက် ကျောင်းအနောက်ဘက် ရွာများနှင့်တောစခန်းများဆီသို့ ထွက်ခွာသွားသည်။
ထိုအချိန်တွင် ကျောင်းသားများသည် နောက်ဆုံးတောင်းဆိုလွှာကို တင်ပြီး တစ်လတိတိစောင့်ကြည့်ကာ မည်သည့်တုံ့ပြန်မှုမျှမရပါက အိမ်ပြန် ရန် စီမံကိန်းကိုစတင်အကောင်အထည်ဖော်တော့မည်ဟု ပိုင်းဖြတ်ထားကြ သည်။ ထိုအတောအတွင်းကျောင်းသားအားလုံး အိမ်ပြန်တော့မည်ဟူသော သတင်းကို ပထမနှစ်ကျောင်းသားများကမိသားစုများနှင့် ပြောဆိုရာမှတစ်ဆင့် မန္တလေးစစ်ထောက် လှမ်းရေးဆီသို့သတင်းရောက်ရှိသွားခဲ့သည်။ သတင်းအရ တပ်မတော် ထောက်လှမ်းရေးများကကျောင်းအုပ်ကြီးဆီသို့ လာရောက် တွေ့ဆုံ အကြောင်းကြားတော့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်၊မေလ (၃၁) ရက် နေ့ မနက်တွင် ကျောင်းသားများကို တန်းပေါင်းစီကွင်းတွင် အရေးပေါ်ခရာမှုတ်၍ တန်းစီခိုင်းကာ ကျောင်းသားအဆောင်များအတွင်းသို့ ရုတ်တရက်ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ကြသည်။ လှုပ်ရှားမှု နှင့်ပတ်သက်သောစာရွက်စာတမ်းအချို့ကို ကျောင်းသားများ သေတ္တာထဲမှ တွေ့ရှိသွားကြသည်။ ထို့နောက်
ကျောင်းသားများတန်းပေါင်းစီသော စစ်ရေးပြကွင်းအတွင်း ကျောင်းအုပ်ကြီးဗိုလ်မှူးကြီးဘိုးအောင် ကိုယ်တိုင်ဦးစီးကာ ကျောင်းသား တစ်ဦးချင်းစီကိုခေါ်ယူစစ်ဆေးတော့သည်။
နာမည်ထွက်သော ကျောင်းသားများကို ကျောင်းသားအားလုံး ရှေ့တွင် ထိုးကြိတ်ရိုက်နှက်မှုများပြုလုပ်ကာ ကျောင်းအချုပ်ခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားကြသည်။ ထိုအချိန်ကကျောင်းတွင်ရှိနေသော ကျောင်းသားများမှာ စတုတ္ထနှစ်၊ ဒုတိယနှစ်နှင့် ပထမနှစ်ကျောင်းသားများဖြစ်ပြီး ထိုးကြိတ် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများမှာဒုတိယနှစ်ကျောင်းသား များ ဖြစ်နေသည်။ တစ်ချိန်တည်းတွင် အခြားအရာရှိများက စတုတ္ထနှစ်ကျောင်းသားအချို့ကိုလည်း တန်းစီရာမှ ခေါ်ထုတ်ကာ စစ်ဆေးမေးမြန်းနေ သည်။
ထို့နောက်နာမည်ထွက်သော ကျောင်းသားအချို့ကို ဆက်လက် မေးမြန်းစရာများ ရှိသေးသည်ဟုဆိုကာကားပေါ်သို့ တင်ခေါ်သွားကြတော့ သည်။ တကယ်တမ်း အဆိုပါ ကျောင်းသားကြီးများကိုကျောင်းပြင်ပရှိ အခြား တပ်ရင်းအချုပ်များသို့ တစ်ခါတည်း ပို့လိုက်ကြခြင်း ဖြစ်သည်။
ထို့နောက် စတုတ္ထနှစ်ကျောင်းသားများကို သီးခြားခေါ်ထုတ်ကာ ထိုစဥ်က ကျောင်းတွင်အခမ်းအနားရှိတိုင်း သုံးနေကျဖြစ်သော အလုပ်ရုံခန်းမကြီးထဲသို့ ပို့လိုက်ကြသည်။တစ်ပြိုင်နက်တည်းတွင် ဒုတိယနှစ်နှင့် ပထမနှစ် ကျောင်းသားများကိုလည်းလက်တွေ့အလုပ်ခန်းကြီးထဲသို့ပို့ကာ အပြင်မှ သော့ခတ်ထားလိုက်ကြသည်။ ထိုသို့ပိတ်လှောင်လိုက်သည်မှာ မနက်ပိုင်း တန်းစီကွင်းတွင် တန်းစီပြီးချိန် (၁၀) နာရီလောက်မှစ၍ညနေ (၃) နာရီ ထိုးချိန် အထိ ပိတ်လှောင်ထားဆဲဖြစ်သည်။ ရာသီဥတုက ပူပြင်းနေချိန်တွင်အခန်း တွင်း ပိတ်လှောင်ခံထားရခြင်း၊ နေ့လယ်စာထမင်းလည်း မစားရသေးခြင်းတို့ ကြောင့်ထိုသို့ပိတ်လှောင်ထားမှု အချိန်ကြာလာသောအခါ ကျောင်းသားများ မခံမရပ်နိုင်ဖြစ်လာသည်။တန်းစီကွင်းအတွင်း ၎င်းတို့မျက်စိရှေ့တွင် သူငယ်ချင်း ကျောင်းသားများထိုးကြိတ်ရိုက်နှက်ခံရပုံများကို မြင်ရကတည်းက မခံမရပ်နိုင်ဖြစ်နေခဲ့သောကျောင်းသားများသည် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားမှုကို ခံလိုက်ရသောအခါပို၍ဒေါသဖြစ်လာကြတော့သည်။ ထို့နောက် အခန်းထဲမှနေ၍ တံခါးများကို ဆူညံစွာထုရင်းတံခါးဖွင့်ပေးရန် ပြိုင်တူအော်ဟစ်တောင်းဆိုကြတော့သည်။ အင်အား (၃၀၀၀) ဝန်းကျင်ရှိသော ကျောင်းသားများ၏ ထိုသို့ဆူညံစွာ အော်ဟစ်နေမှုကို ကျောင်း အာဏာပိုင်များကကြာကြာလျစ်လျူရှုမနေဝံ့တော့ပေ။
ထိုအချိန်တွင် ကျောင်းသို့ ပြင်ဦးလွင် တပ်နယ်မှူးနှင့်အတူ အခြား တာဝန်ရှိသူများရောက်ရှိနေကာ ကျောင်းသားအရေးအတွက် ခေါင်းချင်းဆိုင် ဆွေးနွေးနေကြချိန် ဖြစ်သည်။ကျောင်းသားများ၏ အော်ဟစ်ဆူညံနေမှုကို ထိန်းမရတော့သည့်အဆုံးကျောင်းအာဏာပိုင်များက အခန်းတံခါးကို ဖွင့်ပေး လိုက်ကြသည်။ တံခါးဖွင့်ဖွင့်ချင်းကျောင်းသားများက တန်းစီကွင်းတွင် ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးခေါ် ဆောင်သွားသောသူငယ်ချင်းကျောင်းသား များကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ကျောင်းအာဏာပိုင် များက ပြန်မလွှတ်ပေးနိုင်ကြောင်း ပြောဆိုသည့်အခါ ကျောင်းသားများကမိမိတို့ကိုယ်တိုင် အချုပ်ခန်းတံခါး ဆွဲဖွင့်မည်ဆိုကာ ဖမ်းဆီးခံကျောင်းသား များကိုထားရှိသည်ဟု ထင်ရသော ဗဟိုကင်းကို သွားဝိုင်းရန် ပြင်ကြတော့ သည်။ ထိုလုပ်ရပ်ကများစွာအန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်သည်။ တပ် တစ် တပ်တွင် ဗဟိုကင်းသည် တပ်၏ပြယုဂ်နေရာလည်းဖြစ်သလို လက်နက်များ သိမ်းဆည်းထားရှိရာ နေရာလည်းဖြစ်သည့်အတွက်အချက်အချာကျသည်။ ထို နေရာသို့ သွားဝိုင်းရန် အားထုတ်ခြင်းသည် တပ်ကို စီးနင်းရန်ကြိုးစားခြင်းပင် ဖြစ်သည်။
မည်သို့မျှ ထိန်းမရတော့သည့် ကျောင်းသားလူအုပ်ကြီးကို ဟန့်တားရန် သက်ဆိုင်ရာအစောင့်စစ်သားများက သေနတ်ကို မိုးပေါ်ထောင်၍ ဖောက်လိုက်သည်။သေနတ်သံကြားလိုက်ရသောအခါ ကျောင်းသားများမှာ မကြောက်သည့်အပြင်ပို၍ဒေါသထွက်သွားကြပြီး ထိန်းမနိုင်သိမ်းမရ ပိုဖြစ် သွားကြသည်။ အခြေအနေကိုရိပ်မိလိုက်သော ပြင်ဦးလွင်တပ်နယ်မှူးနှင့် ကျောင်းအုပ်ကြီးက ကျောင်းသားများကိုလေသံပျော့ပျောင်းစွာ ဖျောင်းဖျကြ သည်။ ထိုသို့ဖျောင်းဖျမှုကြောင့် ကျောင်းသားများငြိမ်သွားကြသော်လည်း ဖမ်းဆီးခံကျောင်းသားများအား ပြန်လွှတ်ပေးရန်ကိုသာ
ဆက်လက်တောင်းဆို နေကြသည်။ တပ်နယ်မှူးနှင့် ကျောင်းအုပ်ကြီးက ကျောင်းသားများအားမိမိ အဆောင်အသီးသီးသို့ ပြန်ကြရန် တိုက်တွန်းနေသော်လည်း ကျောင်းသားများ ကဖမ်းဆီးခံသူငယ်ချင်းများ လွှတ်ပေးမှသာ ပြန်မည်ဟုဆို၍ နောက်ဆုံးတွင် ဖမ်းဆီးထားသောကျောင်းသားများကို အချုပ်ခန်းအတွင်းမှ လွှတ်ပေးလိုက်ရတော့သည်။
ဆက်လက်ဖော်ပြပါမည်။