သံတောင်ကြီးက အမျိုးသမီး ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
*****
သံလွင်ခက်
မေ ၁၁ ၊ ၂၀၂၄။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့က ဒေသခံ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၁၀ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် သံတောင်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်က အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ၉ နာရီကျော်ကျော်လောက်ပဲ ဖြစ်ဦးမယ်ထင်တယ်။ သူတို့လက်နက်ကြီး တစ်ချက်နှစ်ချက် ပစ်ပြီးတာနဲ့ သူတို့ ကားနဲ့လာပြီးတော့ လာဖမ်းသွားတာ။ သူ့ကိုလာဖမ်းတယ်ပဲသိတယ်။ ဘာကိစ္စလဲတော့မသိဘူး” ဟုဆို သည်။
ဖမ်းဆီးပြီးနောက်ပိုင်းတွင်လည်း မည်သည့်နေရာတွင် ထားရှိထားသည်ကို မသိရှိရဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်လည်း သံတောင်ကြီးမြို့ ရပ်ကွက် ၁ နှင့် ၂ က အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
တောင်ငူ – သံတောင်ကြီးလမ်းတလျှောက်တွင် သံတောင်ကြီး၊ ၁၃ မိုင် ၊ ၇ မိုင်၊ ၄ မိုင်စသည့် စစ်ကောင်စီတပ်ဖွဲ့များ၏ ဂိတ်စခန်းများရှိပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများထံက သိရသည်။
ယင်းအပြင် အဆိုပါဂိတ်များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဖမ်းဆီး၊ စစ်ဆေးရိုက်နှက်ခြင်းနှင့် ငွေကြေးကောင်ခံမှုများ လုပ်ဆောင်လျက်ရှိသည်။