ခေါင်းမငုံ့၊ ဒူးမထောက်ခဲ့ကြသည့် ကျောင်းသားထု
*****
သံလွင်ခက်
မေ ၉၊ ၂၀၂၄။
ခေါင်းစွပ်အမည်းများဝတ်ဆင်ထားသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၁၀ ဦးကျော်သည် ရန်ကုန်မြို့၏ လမ်းမထက်တစ်နေရာတွင် လက်သီးလက်မောင်းတန်းကာ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့. . . ညီတယ်ဟေ့ ညီတယ်ဟေ့ “စသည့် ကြွေးကြော်သံများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်နေကြသည်။
ရန်ကုန်မြို့တွင်း လုံခြုံရေးများတင်းကြပ်ထားသည့် ကြားကပင် လူငယ်များသည် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပ ဒေကိုဆန့်ကျင်သော ပြောက်ကျားဆန္ဒပြလှုပ်ရှားမှု တစ်ခုကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသများအဖွဲ့ချုပ်၊ သပိတ်အင်အားစုများနှင့် ကျောင်း သားလူငယ်အများစု ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ် သည်။
ဆန္ဒပြပွဲများအားကောင်းခဲ့သော စစ်တပ်အာဏာသိမ်းချိန်ကစ၍ ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စဉ်ဆက်မပြတ် လုပ် ဆောင်လာခဲ့ကြသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် အာဏာ သိမ်း ၃ နှစ်ကျော်ကာလရောက်ချိန်ထိလည်း ဆန္ဒပြပွဲများ ရပ်တန့်မသွားရန် ကျောင်းသားလူငယ်များ အား စိုက်လုပ်ဆောင်ခဲ့ကြသည်။
လူထုဆန္ဒပြပွဲနှင့် လူထုလှုပ်ရှားမှုများကို လက်နက်ကိုင်တော်လှန်ရေးနှင့် စနစ်တကျပေါင်းစပ်နိုင်မှသာ စစ်အာ ဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မည်ဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးကော်မတီ က မခင်နီ က ဆိုသည်။
၄င်းက ” ဗကသများ အဖွဲ့ချုပ်အနေနဲ့ ဒီလိုမျိုးလူထုဆန္ဒ ပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ ဒါတွေက လက်နက်ကိုင်တော်လှန်ရေးနဲ့ စနစ်တကျပေါင်းစပ်နိုင်မှသာ စစ်အာ ဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆန္ဒပြပွဲတစ်ပွဲဖြစ်လာဖို့ ဆန္ဒပြပွဲတွေမတိုင်ခင်ကြားထဲမှာ တည်ဆောက်ရေးလုပ်ရတာတွေ နေရေးထိုင်ရေးအတွက်စီစဉ်ရတာတွေ အကုန်လုံးကို လုံခြုံရေးအရ တင်းတင်းကြပ်ကြပ်နဲ့ လုပ်ကြရပါတယ်။ ဒီလောက်ထိ လုံခြုံရေးတင်းကြပ်ထားတဲ့ အနေအထားတွေတောင်မှ စစ်ကောင်စီရဲ့ဖိနှိပ်မှုက အရမ်းကိုပြင်းထန်လွန်းတာကြောင့် ကျွန်မတို့ဘက်မှာလည်း အဆုံးအရှုံးတွေက အရမ်းကို ကြီးမားပါတယ်။ ဒီကာလတွေက ဗကသ သမိုင်းတစ်လျှောက် ကြမ်းတန်းခတ်ထန်ဆုံးကာလလို့ပဲ ဆိုရပါမယ်” ဟုပြောသည်။
ယခုကဲ့သို့ ကျောင်းသားလှုပ်ရှားမှုများသည် ၂၁ ရာစု နွေဉီးတော်လှန်ရေးကာလရောက်မှ ပေါ်ပေါက်လာခဲ့ခြင်းတော့ မဟုတ်ပေ။
ကျောင်းသားလှုပ်ရှားမှုများသည် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများထဲကပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကာလဖြစ်သည့် စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာလည်း တိုက်ပွဲဝင်ခဲ့ကြသည်။
စစ်အာဏာရှင်များ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲသွားသော်လည်း ကျောင်းသားထု၏ရပ်တည်ချက်၊ ဗကသ၏ ရပ်တည်ချက်သည် ဘယ်တော့မှမပြောင်းလဲဘဲ စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး လမ်းကြောင်းပေါ်၌ ယနေ့တိုင် မားမားမတ်မတ် ရပ်တည်ခဲ့သည်။
ဗမာပြည်လွတ်လပ်ရေးသည်လည်း ရပ်တည်ချက် မား မားမတ်မတ်ဖြင့် ရပ်တည်ခဲ့သော တိုက်ပွဲဝင်ကျောင်း သားလှုပ်ရှားမှုများကနေတဆင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ် သည်ဟု ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးထွန်းကားရေး အဓိကထားလုပ်ဆောင်နေသည့် New Myanmar Foundation အဖွဲ့ တာဝန်ခံ ဒေါက်တာ ဆန်းအောင် က ဆိုသည်။
၄င်းက ” သူတို့မှာက တစ်ဖက်ကလည်းပဲ အနှောင်အဖွဲ့လည်းကင်းတာကို။ ကင်းတဲ့အခါကြတော့ လုပ်ချင်ရင် ကျွန်တော်တို့ ရဲရဲတင်းတင်းလုပ်ကြ ကိုင်ကြတဲ့အတွက်ဆိုတော့ နိုင်ငံတကာမှာတော့ ကျောင်းသားလှုပ်ရှားမှုဟာ အလုပ်သမားလုပ်ရှားမှုကြီးလိုပဲ ပြည်သူရဲ့ဆန္ဒကို ဖော် ထုတ်တဲ့နေရာမှာ ခေတ်အဆက်ဆက်မှာတော့ ဦးဆောင် ခဲ့တယ်။ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ။ မြန်မာပြည်မှာလည်း ဒီအတိုင်းပဲ။ ပြောမယ်ဆိုရင် ဗမာပြည်လွတ် လပ်ရေးက ကျောင်းသားတွေကနေပြီးတော့ တိုက်ပွဲဝင်ကျောင်းသားလှုပ်ရှားမှုတွေကနေပြီးတော့ ပေါ်ပေါက်လာတယ်လို့ ပြောလို့ရပါတယ် ” ဟုဆိုသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ် ရေး စသည့် အချက်များအပါအဝင် မူ ၆ ချက် လမ်း ကြောင်းပေါ် ယနေ့တိုင် မားမားမတ်မတ် ရပ်တည်ခဲ့သော ကျောင်းသားသမဂ္ဂများသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးအခင်းနောက်ပိုင်း ထင်ထင်ပေါ်ပေါ် ရပ်တည်ခွင့် မရခဲ့ပါ။
ယင်းနောက် ၂၀၁၂ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း သမဂ္ဂများ ပြန်ပေါ်လာသော်လည်း အာဏာပိုင်များ၏ တရားဝင်အသိအမှတ်ပြုခြင်း၊ တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းများတွင် ပါဝင်ခွင့်မရရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထပ်တွင် ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနှင့် သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် အနည်းငယ်ရရှိခဲ့သည်။
အနည်းငယ်ရရှိခဲ့သော အခွင့်အရးများသည် ၂၁ ရာစု စစ်အာဏာသိမ်းမှုနှင့်အတူ ရေစုန်မျှောခဲ့ရပြီး ကျောင်းဝန်းအတွင်းက သမဂ္ဂရုံးခန်းများသည်လည်း ကွယ် ပျောက်ခဲ့ရသည်။
စစ်အာဏာသိမ်းမှုနှင့်တူ ကျောင်းသားအပေါ် အကာကွယ်ပေးခဲ့သည့် ကျောင်းဝန်းအတွင်းက သမဂ္ဂအဖွဲ့အစည်းများမရှိတော့သည့်အတွက် ကျောင်းသားများအပေါ် အာဏာပိုင်များကဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု တက္ကသိုလ်ကျောင်းသားများက ဆိုသည်။
တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မမြသစ္စာက ” ကျောင်းသားတွေရမယ့်အခွင့်အရေးကို ဒီသမဂ္ဂဆိုတာ ရှိတဲ့အတွက် ကိုယ်တွေကို သူတို့က လေးစားမှုတစ်ခုဆိုတာထားတယ်။ အခု အဲ့လို သမဂ္ဂအဖွဲ့အစည်းတွေ မရှိတော့တဲ့အတွက် တက္ကသိုလ်ဆိုတဲ့ ပရဝဏ်ထဲဝင်ပြီဆိုတာနဲ့ ဘယ်သူ့အဖေခေါ်ရ အမေခေါ်ရမယ့် ဘဝကို ပြန်ရောက်သွားပြန်ရော။ အခု ပိုဆိုးတာက စစ်တပ်ထဲ မဖြစ်မနေ ဝင်ရမယ်ဆိုပြီးတော့ ပြောတဲ့အတွက် CDM လုပ်ထားတဲ့ ကျောင်းသားတချို့က စစ်တပ်ထဲမဝင်ချင်တဲ့အတွက်ကြောင့် ကျောင်းကိုပြန်တက်ကြဖို့အတွက် သူတို့အတွေးတွေတောင် အဲ့လိုမျိုးတွေ လိုက်ပြီးတော့ ပြောင်းလဲနေတယ်။ အဲ့တာတွေပေါ့နော်။ ဖိနှိပ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အတွေးတွေနဲ့ ကိုယ်ရှင်သန်ခွင့်မရှိဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ကျောင်းများပြန်လှန်ဖွင့်လှစ်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကျောင်းသားထုအပေါ် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်များကို ဆက်တိုက် လုပ် ဆောင်ခဲ့သည်။
ယင်းအပြင် တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံတစ်ဝန်းက စာသင်ကျောင်း၊ တက္ကသိုလ်များတွင် စခန်းချ၊ တပ်စွဲမှုများလုပ်ဆောင်ခဲ့သောကြောင့် ကျောင်းသားများအနေဖြင့် ကျောင်းပရဝဏ်တွင်း လွတ် လပ်စွာသွားလာခွင့်၊ ပညာသင်ကြားခွင့်များမရှိဘဲ အကြောက်တရားများဖြင့်သာ နေ့စဉ်ဖြတ်သန်းနေကြရသည်။
တစ်ဖက်တွင်လည်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ ကျောင်းမတက်ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများတွင်ပါဝင်နေသည့် ကျောင်းသားများအနေဖြင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေသည်ဟု ကျောင်းသားများက ဆိုသည်။
၂၀၂၃ ဇူလိုင်လတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ အာဏာသိမ်းမှုဖြစ်ပြီးနောက် တိုက်ပွဲများ ကျယ်ပြန့်လာသည့်မြန်မာနိုင်ငံတစ်ဝန်း ကျောင်းတက်နိုင်သူ အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ ကျောင်းတက်နိုင် သည်ဟု ဖော်ပြထားသည်။
စစ်အာဏာရှင်လက်အောက် ကျရောက်နေသည့် ကျောင်း သားများကို ပညာသင်ကြားပေးနိုင်ရန် တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေ စဉ်းစားသင့်သည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမင်းခန့်ကျော်လင်း က ဆို သည်။
၄င်းက ” ကျောင်းတက်ခြင်း မတက်ခြင်းအလျောက် တစ်ဖက်မှာ ကျောင်းသားထုအခွင့်အရေး အကြီး အကျယ် ချိုးဖောက်ခံနေရတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုရင်တော့ နိုင်ငံတကာအစုအဖွဲ့တွေပဲ ဒါတွေက မဖြစ်မနေစဉ်းစားသင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေးပျောက်ဆုံးမှုသည် အကြီးအကျယ် ဖြစ်တယ်ပေါ့။ တစ်ဖက်မှာလည်း NUG က သူတို့ တတ်နိုင်သ လောက်လုပ်တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားထုကို လွှမ်းခြုံတဲ့အနေအထားတော့ရှိမနေဘူး။ ဒါကတော့ ကျောင်းမတက်တဲ့ ကျောင်းသားတွေအတွက်ဖြစ်တည်မှုပေါ့။ တစ်ဖက်မှာလည်း ကျောင်းတက်နေတဲ့ကျောင်းသားတွေက လူသားဒိုင်းတို့ ဖိနှိပ်မှုတို့နဲ့ရင်ဆိုင်နေရတယ်။ ဒါကြီးကိုဖြေရှင်းနိုင်ဖို့ဆို သေချာတယ် ကျွန်တော်တို့ အစုအဖွဲ့တင်မဟုတ်ပါဘူး။ နိုင်ငံ တကာအစုအဖွဲ့တွေအနေနဲ့ ကျောင်းသားထုအပေါ်မှာ စစ်အာဏာရှင်အောက်မှာရှိတဲ့ ကျောင်းသားတွေ ပညာရေးပေးနိုင်တဲ့ အနေအထားကို ဘယ်လိုသွားမလဲ ဘယ်လိုမျိုး ကယ်ထုတ်ကြမလဲ ဒါတွေကိုတော့ ကျွန်တော်တို့ မဖြစ်မနေ စဉ်းစားသင့်တယ်လို့ ယူဆတယ် “ဟုဆိုသည်။
၁၉၃၆ ခုနှစ် မေလ ၈ ရက်တွင် စတင်သန္ဓေတည်ခဲ့သော ဗကသများအဖွဲ့ချုပ်သည် ပြည်သူလူထုက မွေးထုတ် ပေးခဲ့သည့် ပြည်သူ့ရင်သွေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နယ်ချဲ့လက်အောက်ခံဘဝ၌လည်း ပြည်သူလူထုအင် အားဖြင့် တိုက်ပွဲဝင်အောင်ပွဲဆင်ခဲ့ကြသည်။
ယင်းနောက် ဖက်ဆစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲများတွင်လည်း ပြည်သူလူထုနှင့်အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်မှာ ၈၈ နှစ်ပြည့်ခဲ့ပြီ လည်းဖြစ်သည်။
ခေတ်အဆက်ဆက် မတရားမှုကိုခေါင်းငုံမခံဘဲ တော်လှန်ပုန်ကန်ခဲ့ကြသည့် သမဂ္ဂများအပေါ် စစ်အာဏာရှင်များက အနုနည်း၊ အကြမ်းနည်းများဖြင့် သွေးမြေကျ အောင် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်မှုများလုပ်ဆောင်နေသော်လည်း တိုက်ပွဲအလံကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။
သမိုင်းတစ်လျှောက် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရန် အသင့်အနေအထားတွင်ရှိခဲ့သည့် ကျောင်းသားထုသည် အာဏာရှင်များ၏ အငြိုးထားမှုကိုလည်း ခံခဲ့ရသည်။
ယင်းအပြင် အာဏာရှင်များသည် သမိုင်းကြောင်းအရ မှတ်တမ်းတစ်ခုဖြစ်သော သမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီးကာ ကျောင်းသားထုသမိုင်းကို မှေးမှိန်အောင် ပျောက်ပျက်အောင် လုပ်ဆောင်ခဲ့ကြသည်။
အာဏာရှင် ဦးနေဝင်းလက်ထက် အာဏာရှင်စနစ်ကို ရဲဝံ့စွာတွန်းလှန်ခဲ့သော ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦး ဖမ်းဆီးခံရပြီး ၁၉၇၆ ဇွန်လ ၂၆ ရက်တွင် အင်းစိန်ထောင်၌ ကြိုးပေး ကွပ်မျက်ခံခဲ့ရသည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။
ယနေ့ ၂၁ ရာစု နွေဦးတော်လှန်ရေးကာလများတွင်လည်း ၈၈ ကျောင်းသားဟောင်း ကိုဂျင်မီအပါအဝင် ကိုဖြိုးဇေယျာသော်တို့ကို စစ်အုပ်စုက ကြိုးပေးသတ်ဖြတ်ခဲ့သည်။
ထို့ပြင် ပဲခူးခရိုင် ဗကသ ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်၊ ဗကသ ကျောင်းသားဟောင်း မင်းဘုန်းမဟာ အပါအဝင် နိုင်ငံ ရေးအကျဉ်းသားတချို့ကို ဒိုက်ဦး၊ ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ပြောင်းစဉ် လမ်းတွင် ကားမှောက်ချိန် ထွက်ပြေးရန်ကြိုးစားသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ရသည်။
အဆိုပါ သေဆုံးဖြစ်စဉ်များရှိခဲ့သလို ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို မတရားပုဒ်မတပ်ကာ နှစ်ရှည်ထောင်ဒဏ်ဖြင့် အကျဉ်းချမှုများကိုလည်း စစ်ကောင်စီတပ်ကလုပ်ဆောင်ခဲ့သည်။
ယခုကဲ့သို့ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရသော်လည်း ဗကသ၊ တကသ၊ အကသ စသည့် သမဂ္ဂအဖွဲ့အသီးသီးကတော့ တူတာတွဲလုပ် မတူတာခွဲလုပ် မူဝါဒအရ စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရန် ကြိုးစားလျက်ရှိသည်။
တန်းတူညီမျှသည့်အခွင့်အရေးနှင့်အတူ ဖက်ဒရယ်နိုင်ငံ တော်သစ်ကြီးဆီချီတက်ဖို့သည် သမဂ္ဂများ၏ ရည်မှန်း ချက်ဖြစ်သည်ဟု မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စာပေနှင့် အနုပညာ တာဝန်ခံ မချောစုဟန်က ဆို သည်။
၄င်းက ” ဗကသ၊ တကသတွေရဲ့ ဘုံရည်မှန်းချက်က တော့ အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ပြီး တိုင်းရင်း သားတွေကော အကုန်လုံးတန်းတူညီမျှတဲ့ အခွင့်အရေးနဲ့အတူတူ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဖက်ဒရယ်နိုင်ငံ တော်သစ်ကြီးကို အတူတူချီတက်ချင်ပါတယ်။ ချီတက် နေတဲ့ လမ်းကြောင်းကိုပဲ ကျွန်တော်တို့အနေနဲ့အတူတကွ သွားနေပါတယ်။ ဒါကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်း ချက်ကြီးပါ။ ၂၁ မှာ ကျွန်တော်တို့ကျောင်းသားတွေ ယုံ ကြည်ထားတာတစ်ခုရှိပါတယ်။ အာဏာရှင်ကို ပြည်သူ လူထုကစီရင်မယ့် တရားစီရင်ရေးခုံရုံးပေါ်မှာ မတင်နိုင်မချင်း ကျွန်တော်တို့ကျောင်းသားတွေဟာ ဘယ်တော့မှ ကျောင်းပြန်တက်မယ့် ကျောင်းသားတွေ မဟုတ်ဘူးဆိုတာက လူထုတစ်ရပ်လုံး ခံယူထားတဲ့ ခံယူချက်ဖြစ်ပါတယ် “
စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုသည့် စစ်သုံးစစ်ဖြင့် အခိုင်အမာထောက်တိုင်ပြုတည်ဆောက်ထားသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖြုတ်ချနိုင်ရန် ဗကသအဖွဲ့ချုပ်နှင့် ကျောင်းသားထုကတော့ တော်လှန်အလံကိုင်စွဲကာ ကြွေးကြော်သံများနှင့်အတူ လမ်းမထက်တွင် ယနေ့တိုင်ချီတက်နေဆဲဖြစ်တော့၏။