![]()
ခင်သရဖီဦးရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ အောင်ဖြူပြင်၊ ယိုးတရုတ်ကျေးရွာတို့အား စစ်ကော်မရှင်က လက်နက်ကြီးများ အပြင် လေကြာင်းမှပါ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ငါးဦး သေဆုံး ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင် ယင်းကျေးရွာများကို ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ် ပုဏ္ဏားကျွန်း ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။
“ဖိုက်တာနဲ့ ယိုးတရုတ်ကို ဗုံးနှစ်လုံး ဆက်တိုက် ချသွားတယ်။ ယိုးတရုတ် အနောက်စုရပ်ကွက်နဲ့ အရှေ့စုရပ်ကွက်ကြားမှာ ကျတယ်။ ငါးဦး သေသွားတာပါ။ တစ်မိသားစုတည်းက သေသွား တဲ့ လူတွေ များပါတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူများတွင် အမျိုးသမီး လေးဦးနှင့် အမျိုးသားတစ်ဦး ပါဝင်ပြီး အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိ သူများမှာ လက်ရှိတွင် နီးစပ်ရာ ဆေးပေးခန်းများ၌ ဆေးကုသမူ ခံယူနေကြရကြောင်း ၎င်းက ဆက်ပြောသည်။
“ဒဏ်ရာပြင်းထန်တဲ့ ကလေးတွေ လူကြီးတွေ ပါပါတယ်။ စိုးရိမ်ရပါတယ်” ဟုဆိုသည်။

ယင်းအချိန်တွင် စစ်ကော်မရှင်တပ် စစ်တွေအခြေစိုက် ခမရ ၃၄၄ မှ ဆက်တိုက်ဆိုသလို ကွမ်းတောင်ကျေးရွာအား လက်နက်ကြီး လှမ်းပစ်၍ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ အောင်ဖြူပြင်ကျေးရွာသို့ နံနက် ၁၁ နာရီ ၂၉ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း ပုဏ္ဏာကျွန်းမြို့နယ် ပန်းနီလာကျေးရွာကို ဗုံးကြဲ၍ ဒေသခံ ငါးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ပုံစာ- ယိုးတရုတ်တွင် ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူ တစ်ဦး (ပေးပို့)

