![]()

ခင်သရဖီဦး
ရခိုင်ပြည် ၊ မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ အမျိုးသား ၄ ဦးသေဆုံး ပြီး ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံ များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၇ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး တစ် လုံးကြဲချတိုက်ခိုက်ခဲ့ဟု အသက် ၂၀ အရွယ် မင်းပြားမြို့ခံ အမျိုးသမီး တစ်ဦး ကဆိုသည်။
” ၈နာရီ လောက်မှ ဂျက်နဲ့ လာချတာပါ။ မြို့သစ်ရပ်ကွက်၊ ခဝါသည်တန်းက မိုးထီအောင် စာသင်ကျောင်း အနီးအနားကို ကျပါတယ်။ အဲဒီမှာ အနီးအနားက လူတွေလည်း သေဆုံး ဒဏ်ရာရ ရှိသွားပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် မင်းပြားဒေသခံများဖြစ်သော ဦးမောင်သန်းဌေး(၄၆)နှစ်၊ ခိုင်စန်းရွှေ(၁၇နှစ်)နှင့် မြေပုံမြို့နယ်မှ စစ်ဘေးလာရှောင်နေရသော အလယ်ကျွန်းကျေးရွာမှ ဦးဦးမောင်သန်း(၅၃နှစ်)နှင့် သားဖြစ်သူ ကိုသန်းမောင်ဌေး (၃၀နှစ်) တို့ သေဆုံးခဲ့သည်။
ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့မှ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၇ ဦး၊ မြေပုံ မြို့နယ်မှ အမျိုးသမီးတစ်ဦးနှင့် ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦး ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ” စာသင်ကျောင်းအနီးအနားကို ကျတာပါ။ အကုန်လုံးက လန့်သွားတယ်။ အသံကြားလိုက်တာနဲ့ ချပြီးနေပြီ။ နေ့ဝင်စဆိုတော့ ဘယ်သူမှလည်း မအိပ်ကြသေးဘူးလေ။ နေအိမ်တွေကလည်း ပျက်စီး သွားတယ်” ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် လူနေအိမ်သုံးလုံး ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ် အနေဖြင့် ယမန်နေ့ တရက်တည်းတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ နေရာ ၃ ခုကို လေကြောင်းအပြင် လက်နက်ကြီး များဖြင့်တိုက်ခိုက်ခဲ့သည်။
ယင်းအတွက် အသက်မပြည့်သည့် ကလေးငယ် အပါအဝင် ဒေသခံ ၅ ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာ ရရှိခဲ့သည်။
ပုံစာ – ဒဏ်ရာ ရသူများအား တွေ့ရစဥ်
Photo – ABN
#မင်းပြား #စစ်ကော်မရှင်တပ် #ဗုံးကြဲ #ThanLwinKhetNews

