Mi-17 ရဟတ်ယာဉ်ပစ်ချခံရမှု ၈ ဦးသေဆုံး
*******
သဇင်
မေ ၉၊၂၀၂၄။
ပြီးခဲ့သောမေလ ၆ ရက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီ၏ Mi-17 သယ်
ယူပို့ဆောင်ရေးရဟတ်ယာဉ်ပျက်ကျမှုတွင် စစ်ကောင်စီအဖွဲ့ဝင် ၈ သေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က သံလွင်ခက်ကိုပြောသည်။
အဆိုပါရဟတ်ယာဉ်သည် ဖားဆောင်းမြို့ရှိ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းဒဏ်ရာရရှိသူများကို လာရောက်ခေါ်ဆောင်သည့် ရဟတ်ယာဥ်ဖြစ်ပြီး မေလ ၆ ရက် မနက် ၁၀ နာရီခွဲခန့်ကပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
Mi-17 ရဟတ်ယာဉ်ပျက်ကျခဲ့သည့် နေရာအား နောက် ထပ်ရဟတ်ယာဉ် ၁ စီးရောက်ရှိလာပြီး သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရရှိသည့်အဖွဲ့ဝင်များအားခေါ်ဆောင်ကာ ကျန်ရှိနေသည့်ရဟတ်ယာဥ်အပိုင်းအစများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ဆိုသည်။
၎င်းက “၆ရက်နေ့က ၂ စီးလာတယ်လေ။ ပထမတစ်စီးကို ဖားဆောင်းနားမှာ ကျွန်တော်တို့ပစ်တော့ နောက်တစ်စီးက ပြန်လှည့်တာပေါ့။ ပထမတစ်စီးထိသွားတော့ ပျက်ကျပြီး သိပ်မကြာဘူး။ နောက်ထပ်တစ်စီးထပ်ရောက်လာပြီးတော့ ရဟတ်ယာဥ်မှာပါတဲ့ သေသွားတဲ့သူတွေကို ပြန် လာသယ်သွားပြီးတော့ ဘောလခဲကို ပြန်ပို့တယ်လို့ကြားရပါတယ် ”ဟုဆိုသည်။
အဆိုပါ ရဟတ်ယာဉ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၁၂ ဦးလိုက်ပါလာပြီး ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ရဟတ်ယာဥ်မှူးအပါဝင် ၈ ဦးသေဆုံးခဲ့သည်ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုပြောဆိုသည်။
ပျက်ကျခဲ့သည့် Mi-17 ရဟတ်ယာဉ်သည် ဘောလခဲမြို့နှင့် ၄မိုင်ခန့်ကွာဝေးသည့် ပွန်ချောင်းဘေးတွင် ပျက်ကျခဲ့ပြီး ဘောလခဲမြို့ စစ်ဗျူဟာအနီးတွင်ရှိသည့်အတွက် ရဟတ်ယာဥ်ပျက်ကျသည့်နေရာသို့ ကရင်နီတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်နိုင်ခြင်းမရှိသေးဟု သိရသည်။
”နယ်မြေရှင်းလင်းဖို့တော့လုပ်တယ်။ တပ်နဲ့နီးတော့အခြေ အနေကြည့်ပြီးတော့မှ ဝင်ရောက်ဖို့ရှိပါတယ်”ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်ကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF နှင့် KA တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် K- 8W အမျိုးစားတိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့သေးသည်။
ဖားဆောင်းမြို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တပ်စခန်းများအား သိမ်းပိုက်နိုင်ရန် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်နေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ -၂၀၂၄ ခုနှစ် မေလ ၆ ရက်တွင် ကရင်တော်လှန်ရေးတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည့် Mi-17 ရဟတ်ယာဉ် အပိုင်းအစများ။