ဝိုင်းမော်မြို့နယ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ
***************
ထွယ်
မေ ၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာရှိ တံတားအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ ဒဘတ်ချောင်းကူးတံတားသည် မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ်တွင်တည်ရှိပြီး ပေ ၁၀၀ ကျော်ရှည်သည့် ချောင်းကူးတံတားဖြစ်သည်ဟု ဒဘတ်ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ မနေ့ညက တခြားအသံတွေတော့ ကြားပေမယ့် ကြီးမားတဲ့ ပေါက်ကွဲသံတော့ တစ်ခါပဲကြားလိုက်တယ်။ မနေ့ညမှ ဖြစ်ထားတော့ မဖြတ်ရဲသေးလို့ အခြေအနေ သွားမကြည့်ရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးလိုက်သည့် ဒဘတ်ချောင်းကူးကွန်ကရစ်တံတားသည် ဆောက်လုပ်ပြီးစီးသည်မှာ နှစ်နှစ်ခန့်သာရှိသေးသည်ဟုလည်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒဘတ်ကျေးရွာအနီး မရှိသော်လည်း ဒဘတ်ချောင်းကူးတံတားစောင့်ရန်အတွက် ကဇူးကျေးရွာတွင် ရှိသည်ဟု သိရသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ် လပ်ရေးတပ်မတော် – KIA တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ဒဘတ်ကျေးရွာဒေသခံများသည် ၎င်းတို့နေအိမ်များစွန့်ခွာပြီး တိုက်ပွဲတိမ်း ရှောင်နေခဲ့ကြ၍ ၂၀၂၀ နှစ်ကုန်ပိုင်းက နေရပ်ပြန်လာကြသူများ ဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် အစိုးရ၏ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်စီမံကိန်းတွင် ဒဘတ်ကျေးရွာက အိမ်ထောင်စု ၃၀၃ စု ပါဝင်ခဲ့သည်။
ဒဘတ်ကျေးရွာဒေသခံများသည် နေရပ်ပြန်ပြီးနောက် ယမန်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး ထပ်မံစစ်ဘေးရှောင်ကြရပြန်ကာ ယခုနှစ်မတ်လတွင် ဒေသခံအများအပြား စစ်ဘေးရှောင်နေရသည်ဟု သိရသည်။