![]()
မိုးဦး
ထိုင်းနိုင်ငံတွင် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ယမကာ သောက်သုံးသူများကို ဘတ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၀ ခန့်) သို့မဟုတ် ၎င်းထက်ပို၍ ဒဏ်ငွေချမှတ်နိုင်သည့် ဥပဒေအပြောင်းအလဲသစ်သည် ယနေ့၊ နိုဝင်ဘာလ ၈ ရက်၊ စနေနေ့မှစတင်၍ အသက်ဝင်လာပြီဖြစ်သည်။
ဤသည်မှာ ၁၉၇၂ ခုနှစ်ကတည်းက လက်လီဆိုင်များနှင့် စူပါမားကတ်များတွင် ရောင်းချခြင်း ကိုသာ ပိတ်ပင်ထားရာမှ ယခုအခါ သောက်သုံးသူ ကိုယ်တိုင်ကိုပါ တိုက်ရိုက်အရေးယူနိုင်ရန် တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း South China Morning Post သတင်းက ဖော်ပြသည်။
ယခင် ၁၉၇၂ ခုနှစ် ဥပဒေအရ လက်လီဆိုင်များတွင် နေ့လယ် ၂ နာရီမှ ၅ နာရီအတွင်း ရောင်းချခွင့်ကိုသာ တားမြစ်ခဲ့သော်လည်း၊ ဥပဒေအသစ်အရ ထိုအချိန်အတွင်း သတ်မှတ်နေရာများတွင် သောက်သုံးနေသည်ကို တွေ့ရှိပါက အရေးယူခံရမည်ဖြစ်သည်။ သို့သော် လိုင်စင်ရ ဖျော်ဖြေရေးနေရာများ၊ ဟိုတယ်များ၊ အသိအမှတ်ပြု ခရီးသွားဇုန်ရှိ စားသောက်ဆိုင်များနှင့် နိုင်ငံတကာလေဆိပ်များတွင်မူ ဤတားမြစ်ချက်မှ ကင်းလွတ်ခွင့် ပေးထားသည်။
ထို့အပြင် နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဥပဒေကို နားမလည်ဘဲ ဒဏ်ရိုက်ခံရနိုင်သလို၊ အာဏာပိုင်အချို့က ဤဥပဒေကို အသုံးချ၍ ဆိုင်များနှင့် စားသုံးသူများအပေါ် ကိုယ်ကျိုးရှာ အဂတိလိုက်စားမှုများ ပြုလုပ်လာနိုင်ကြောင်းလည်း စိုးရိမ်နေကြသည်။
မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကမူ ဤဥပဒေသည် ၎င်းတို့အပေါ် သက်ရောက်မှု သိပ်မရှိနိုင်ကြောင်း ပြောသည်။ “အများအားဖြင့် ကျနော်တို့က အလုပ်ဆင်းတဲ့ ၅ နာရီနောက်ပိုင်းလောက်မှ တတ်နိုင်သလောက်လေး ကိုယ့်ခြံထဲ ကိုယ်စုသောက်ကြတာဆိုတော့ ဒီဟာက ရှော့တော့မရှိဘူး” ဟု ၎င်းက သံလွင်ခက်သို့ ပြောသည်။
ယခုဥပဒေအသစ်တွင် အရက်ယမကာများ ကြော်ငြာရန်အတွက် နာမည်ကြီးပုဂ္ဂိုလ်များ၊ သြဇာရှိသူများ (Influencers) ကို အသုံးပြုခြင်းအား တားမြစ်သည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။
#ထိုင်းဥပဒေအသစ် #စတင်အသက်ဝင် #TLKNEWSINT #TLKMOEOO #TLKNEWS #ThanLwinKhetNews
