![]()
ဖိလစ်ပိုင်နိုင်ငံ၏ အချက်အခြာဒေသများကို ဖျက်ဆီးခဲ့သော ကာလ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၁၄ ဦး အထိ မြင့်တက်လာခဲ့ပြီး ၁၂၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်း၏ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသော စီဘူးပြည်နယ်၌ ရေကြီးရေလျှံမှုများ လျော့ကျသွားသောအခါ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာများ ပိုမို ထင်ရှားလာခဲ့သည်။
မြေပြင်တွင် ပြားသွားသော အိမ်များ၊ မော်တော်ယာဉ်များ၊ အပျက်အစီးများဖြင့် ပြည့်နှက်နေသည့် လမ်းများဖြင့် စီဘူး၏ မြို့ရွာများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်။
အာဏာပိုင်များ၏ အဆိုအရ မုန်တိုင်းဝင်ရောက်မတိုက်ခတ်မီ လူပေါင်း ၂၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။
ပြန်လည်ရောက်ရှိလာသူ အများအပြားသည် ၎င်းတို့၏ အိမ်များ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ကြရပြီး၊ အချို့သူများကမူ အိမ်များနှင့် လမ်းများပေါ်မှ ရွှံ့ညွန်များကို သန့်ရှင်းရေးလုပ်ငန်းများ စတင် လုပ်ဆောင်နေကြပြီ ဖြစ်သည်။
Raffy Alejandro အရပ်ဘက် ကာကွယ်ရေးဌာနမှ အကြီးတန်းအရာရှိက “အခု စိန်ခေါ်မှုကတော့ အပျက်အစီး ရှင်းလင်းရေးပါပဲ။ ပျောက်ဆုံးနေသူတွေကို ရှာဖွေနိုင်ဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ရှေ့ဆက်နိုင်ဖို့ ချက်ချင်း ရှင်းလင်းဖို့ လိုပါတယ်” ဟု ဒေသတွင်း ရေဒီယိုသို့ ပြောခဲ့သည်။
မုန်တိုင်းသည် ဖိလစ်ပိုင်အတွင်းမှ ထွက်ခွာသွားသော်လည်း ဗီယက်နမ်နိုင်ငံသို့ ကုန်းတွင်းမဝင်မီ တောင်တရုတ်ပင်လယ်ပေါ်တွင် အားပြန်ကောင်းလာနေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၊ ဂျားလိုင်ပြည်နယ်တွင် လူပေါင်း ၃၅၀,၀၀၀ ခန့် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
အာဏာပိုင်များက မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းများကြောင့် မြေနိမ့်ပိုင်းဒေသများ ရေကြီးမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်နိုင်ကြောင်းလည်း သတိပေးထားသည်။ မုန်တိုင်းသည် ဗီယက်နမ်အလယ်ပိုင်း ပြည်နယ်များ၊ အထူးသဖြင့် ကော်ဖီစိုက်ပျိုးသည့် အဓိကဒေသများတွင် ရိတ်သိမ်းချိန် ဖြစ်နေသည့် ကာလဖြစ်သောကြောင့် ထိခိုက်နိုင်ဖွယ်ရှိနေသည်။
အာဏာပိုင်များသည် ဖြစ်ပေါ်လာနိုင်သော ရွှေ့ပြောင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စစ်သား ထောင်ပေါင်းများစွာကို စုစည်းထားသည်။
ဗီယက်နမ်၏ လေကြောင်း အာဏာပိုင်များက ဒါနန်းရှိ နိုင်ငံတကာ လေဆိပ် အပါအဝင် လေဆိပ် ရှစ်ခု၏ လုပ်ငန်းလည်ပတ်မှုများ ထိခိုက်နိုင်ဖွယ်ရှိကြောင်း ပြောခဲ့သည်။ ခရီးသည် ဘေးကင်းရေးအတွက် မုန်တိုင်းအခြေအနေကို အနီးကပ် စောင့်ကြည့်ရန် လေကြောင်းလိုင်းများနှင့် ဒေသအာဏာပိုင်များအား တိုက်တွန်းထားသည်။
လက်ရှိတွင် ဖိလစ်ပိုင်မှ ကာလ်မေဂီမုန်တိုင်း ထွက်ခွာသွားသော်လည်း မိုးလေဝသပညာရှင်များက မင်ဒါနာအို၏ အရှေ့ဘက်တွင် တိုင်ဖွန်းအဖြစ် အားကောင်းလာနိုင်သည့် မုန်တိုင်းငယ်တစ်ခုကို စောင့်ကြည့်နေကြသည်။
ကာလ်မေဂီတိုင်ဖွန်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်သော အလုံး ၂၀ မြောက် မုန်တိုင်း ဖြစ်ပြီး ၎င်း၏ ဖျက်ဆီးမှုများသည် လွန်ခဲ့သော တစ်လကျော်က စီဘူးမြောက်ပိုင်း၌ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၉ ငလျင်ဒဏ်မှ ပြန်လည် နာလန်ထူဆဲကာလတွင် ထပ်မံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Source – Reuters
Photo – RTE
#ဖိလစ်ပိုင် #တိုင်ဖွန်းမုန်တိုင်း #ThanLwinKhetNews
