![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ မောက်တောမြို့နယ် အတွင်းပိုင်းသို့ တရားမဝင် ကျူးကျော်လာသည့် ဘင်္ဂလားဒေ့ချ်ဘက်မှ ငါးဖမ်းသမား ခြောက်ဦးကို အာရက္ခတပ်တော် AA ၏ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နေ့လယ် ၃ နာရီခွဲခန့်တွင် အလယ်သံကျော်ချောင်းဝကမ်းစပ်၌ ရပ်တန့်ထားသည့် ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများနှင့် စက်လှေကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ် အရွယ် သတင်းရင်းမြစ်က ဆိုသည်။
“အလယ်သံကျော်ချောင်းဝ ကမ်းစပ်နားမှာ ကျောက်ချပြီး ငါးခိုးဖမ်းနေကြတာ။ AA က စက်လှေရော လူတွေပါ သွားဖမ်းလိုက်တာပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ ခိုးဝင်သူများတွင် အာဆာများမှ ငါးဖမ်းသမား အယောင်ဆောင်ပြီး AA တပ်ဖွဲ့ဝင်များကို သတ်ဖြတ်၍ လက်နက်လုယူခံရခြင်းများလည်း ရှိခဲ့သည်။
အသက် ၂၅ နှစ်အရွယ် မောင်တောဒေသခံတစ်ဦးက ”ဘင်္ဂလားဒေ့ချ် အစိုးရဘက်ကလည်း ကြီးကြပ်သင့်ပါတယ်။ အခုက မဝင်ရဘူး ပြောဆိုထားတာကို ဆက်တိုက် ရှိလာနေတာ။ နှစ်ဖက် အပြန်အလှန် လေးစားမှုအနေနဲ့ သူတို့ပြည်က လူတွေကို သတိပေးသင့်တာပေါ့” ဟု ဆိုသည်။
AA အနေဖြင့်လည်း ဖမ်းဆီးထားသည့် ငါးဖမ်းသမားများအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမူများအားလည်း လုပ်ဆောင်နေကြောင်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်းတွင်လည်း ရခိုင်ပင်လယ်ပြင်သို့ ငါးခိုးဖမ်းသည့် လူ ၁၅ ဦးခန့် ရှိခဲ့ကြောင်းသိရသည်။
အာရက္ခတပ်တော် AA အနေဖြင့် အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်သည်ဟု AA က ပြောဆိုထားသည်။
ထို့အပြင် ဘင်္ဂလားဒေ့ချ်အစိုးရအား နှစ်ဖက်အပြန်အလှန်လေးစားမှုဖြင့် ငါးဖမ်းသမားများကို အကြိမ်ကြိမ် ပြန်လွှဲပြောင်းပေးအပ်ကာ သတိပေးမှုများအား ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၁၀ ရက်က ထုတ်ပြန်ပြောဆိုထားသည်။
ပုံစာ – ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ချ် နိုင်ငံသားများအားတွေ့ရစဥ်
#ဘင်္ဂလားဒေ့ရှ် #ငါးဖမ်းသမား၆ဦး #AAထပ်မံဖမ်းဆီး #ThanLwinKhetNews
