![]()
ဖိုးသောကြာ
စစ်ကော်မရှင်တပ်က နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဟန်ပြနှိမ်နင်းနေပြီး ယင်းလုပ်ငန်းများမှ စွန့်ခွာလာသည့် နိုင်ငံခြားသားဝန်ထမ်းများကို ပုံစံမျိုးစုံဖြင့် နေရာရွှေ့ပြောင်းပေးမှုများရှိနေသောကြောင့် ကျုံဒိုးမြို့နယ်တွင် အရေးပေါ် ဒေသန္တရစည်းမျဉ်းအချို့ကို ကရင်အမျိုးသားအစည်းရုံး KNU (ကျုံဒိုးမြို့နယ်) က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ထားသည့် စည်းမျဉ်းများတွင် ဒေသခံများအနေဖြင့် ည ၈ နာရီမှ မနက် ၆ နာရီအကြား ခရီးမသွားရန်၊ ငွေလိမ်ဂိုဏ်းများမှ စွန့်ခွာလာသည့် နိုင်ငံခြားသားများကို ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းများကို အသုံးပြု၍ ရွှေ့ပြောင်းခြင်း၊ လက်ခံခေါ်ယူထားခြင်းမပြုရန်နှင့် မတည်ငြိမ်မှုများကို အခွင့်ကောင်းယူ၍ မည်သည့်လောင်းကစားလုပ်ငန်းမဆို မပြုလုပ်ကြရန်တို့ကို အဓိက သတိပေးထားသည်ကို တွေ့ရသည်။
လက်ရှိကာလသည် KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာ ခရိုင်အတွင်း၌ စစ်ရေးတင်းမာမှုများနှင့် စစ်ကော်မရှင်တပ်များသည် လူ့အခွင့်ရေးချိုးဖောက်များ ကျူးလွန်နေသောကြောင့် ကျုံဒိုးမြို့နယ်တွင် ရှုပ်ထွေးမှုများဖြစ်ပေါ်နေပြီး ပြည်သူလူထုအနေဖြင့် ဗုံးခိုကျင်းများ မဖြစ်မနေပြုလုပ်ထားရှိရန်ကိုလည်း ထုတ်ပြန်ချက်တွင် လမ်းညွှန်ထားသည်။
စစ်ကော်မရှင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့ပူးပေါင်းပြီး မြဝတီမြို့နယ်ထဲရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ KK Park ကို ဖြိုခွင်းပြနေသောကြောင့် ယင်းလုပ်ငန်းများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသားများစွာမှာ နီးစပ်ရာ နေရာများတွင် ခိုလှုံခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခြင်းများ ပြုလုပ်နေကြသည်။
ထိုင်းနိုင်ငံလူဝန်မှုကြီးကြပ်ရေး၏ အချက်အလက်များအရ KK park ငွေလိမ်ဂိုဏ်းမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား အယောက် ၁၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်းထားသည်ဟုသိရသည်။
