ကိုယ်ဝန်ဆောင်ကာကွယ်ဆေးပင်မထိုးနိုင်တော့သည့် မိခင်များ
******
ခင်သရဖီဦး
မေ ၅၊ ၂၀၂၄။
“သားဦးလေးဖြစ်တာကြောင့် ချောချောမွေ့မွေ့မွေးချင်တယ်။ ဒါပေမယ့် ကိုယ်ဝန်က ၈ လထဲရောက်နေပြီ။ ဓာတ်မှန်က တစ်ခေါက်မှမရိုက်ရသေးတော့ ကြောင့်ကြမိတယ်။ စိုးရိမ်စိတ်လည်း ဖြစ်တယ်။ ” ဟု အသက် ၂၆ နှစ် ရှိပြီ ဖြစ်သည့် မစောမေ ကဆိုသည်။
မစောမေမှာ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာကဖြစ်ပြီး လက်ရှိတွင် ကိုယ်ဝန် ၈ လထဲ ရေက်နေပြီဖြစ်သော်လည်း ဓာတ်မှန်တစ်ကြိမ်မျှမရိုက်ရသေးသည့်အပြင် မေးခိုင်ကာကွယ်ဆေးလည်းမထိုးရသေးသည့်အတွက် စိုးရိမ်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မစောမေကဲ့သို့သော ကိုယ်ဝန်ဆောင်အမျိုးသမီးအများအပြား ၎င်းကဲ့သို့ပင် ကိုယ်ဝန်အတွက် လိုအပ်သည့်ဆေးများ မထိုးနှံနိုင်သေးပေ။
ကိုယ်ဝန်ဆောင်နေသည့် အမျိုးသမီး ၁ ဦးသည် ကိုယ်ဝန်ဆောင်နေစဥ်ကာလအတွင်း မေးခိုင်ကာကွယ်ဆေး ၃ ကြိမ်အထိ ထိုးနှံရမည်ဖြစ်သည်။
သို့သော်လည်း ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ အဆိုပါမေးခိုင်ကာကွယ်ဆေးအား ထိုးနှံနိုင်ခြင်း မရှိသေးပေ။
ပေါက်တောမြို့ပေါ်တွင်နေထိုင်သည့် မဖြူ သည်လည်းပဲ ကိုယ်ဝန် ၇ လရှိလာပြီဖြစ်သော်လည်း ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသည့်အတွက် စိုးရိမ်နေရသည်။
၎င်းက”အခုကိုယ်ဝန်က ဒုတိယကိုယ်ဝန်ဖြစ်မှာပါ။ ကာကွယ်ဆေးကမထိုးရသေးဘူး။ ပိုက်ဆံလည်းမရှိတော့ တစ်ခါမှ မပြရသေးဘူး။ အခုစစ်ရှောင်တဲ့နေရာမှာလည်းဆေးပြတ်နေလို့ နောက်မှထိုးရမယ်ပြောတယ်” ဟု ဆိုသည်။
ကိုယ်ဝန်ဆောင်မိခင် ၁ ဦးသည် ၎င်း၏ကိုယ်ဝန်ကိုစောင့်ရှောက်ရန် သက်ဆိုင်ရာဆရာဝန်နှင့် အနည်းဆုံး ၄ ကြိမ် ပြသပြီး ဆေးဝါးလမ်းညွှန်မှုခံယူရလေ့ရှိသည်။ သို့သော်လည်း ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များမှာ ဆရာဝန်ပြပြီး ဆေးဝါးလမ်းညွှန်မှုခံယူဖို့နေနေသာသာ ကာကွယ်ဆေးအပြည့်အဝမထိုးနိုင်သည့်အပြင် ၁ ကြိမ်ထိုးရန်အတွက်ပင် ခက်ခဲနေကြခြင်းဖြစ်သည်။
ပေါက်တောမြို့နယ်ရှိသားဖွားဆရာမ ၁ ဦးက “အရင်ကတည်းက သားဆက်ခြားကာကွယ်ဆေးကအစ ပြတ်နေတာလေ။ ၂၀၂၂ လောက်ကတည်းက ဆေးတွေပုံမှန်မရတာ။ ကိုယ်ဝန်ဆောင်တွေအတွက် ကာကွယ်ဆေးကလည်း အတူတူပါပဲ” ဟုဆိုသည်။
အာရက္ခတပ်တော် – AA နှင့် စစ်ကောင်စီကြားတိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ် ၊ သြဂုတ်လကစတင်၍ မည့်သည့်ဆေးဝါးမဆို သယ်ယူခွင့်မရှိဟု စစ်ကောင်စီကပိတ်ဆို့ခဲ့သည်။
ထို့ကြောင့်လည်း ရခိုင်ပြည်နယ်တွင် ဆေးဝါးများပြတ်လပ်လာပြီး ဒေသခံများ သည်လည်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ကိုယ်ဝန်ဆောင်မိခင်ကဲ့သို့ပင် မွေးကင်းစကလေးများအတွက်လည်း ဆေးဝါးပြတ်လပ်နေသည့်အတွက် သူ့အချိန်နှင့်သူ ထိုးနှံရမည့်ကာကွယ်ဆေးများအား မထိုးနိုင်ကြတော့ပေ။
“ကလေးမမွေးခင် ကျွန်မက ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပါတယ်။ အခု ကလေးက ၃ လပြည့်တော့မယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေမထိုးရသေးဘူး” ဟု ပေါက်တောမြို့ပေါ်က ကလေးမီးဖွားထားသည့်မိခင် ၁ ဦးကပြော သည်။
“ကလေးက ရောဂါများတယ်။ ကျွန်မက နို့သိပ်မထွက်တော့ ပိုပြီးခက်ခဲတယ်။ နို့မှုန့်ထုပ်ကလည်း ၈,၀၀၀ ကနေ ၂၈,၀၀၀ အထိ စျေးတက်သွားတာရှိတယ်။ ကလေးက ခနခန ဗိုက်နေမကောင်းဖြစ်နေတယ်။ ဆေးတွေကလည်း စျေးကြီးတော့ ဒုက္ခရောက်နေတာပါ” ဟု ၎င်းကဆက်ပြောသည်။
မွေးကင်းစ ကလေးငယ် ၁ ဦးသည် ၁ နှစ်မပြည့်မီမှာပင်
၁။ အသည်းရောင်ဘီပိုး
၂။ ဆုံဆို့ ကြက်ညှာ မေးခိုင်
၃။ ရေကျောက်ကာကွယ်ဆေး ပါးချိတ်ရောင် ဝက်သက် ဂျိုက်သိုကာကွယ်ဆေးတို့ ထိုးနှံရမည်ဖြစ်သည်။
ယင်းကဲ့သို့ ကာကွယ်ဆေးများအားမထိုးရသေးသည့် ကလေးများအနေဖြင့် အသက်အန္တရာယ်နှင့်နီးစပ်သည့် ဆိုးကျိုးဘက်သို့ ဦးတည်နိုင်ကြောင်းလည်း ဆိုကြသည်။
” အဓိကကတော့ လိုအပ်တဲ့ဆေးဝါးထောက်ပံ့မှုတွေကိုမရရင် ကလေးငယ်တွေက တခြားရောဂါတွေဝင်လာနိုင်တယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ကာကွယ်ဆေးတွေ မရှိတော့ ဦးနှောက်အမြှေးပါးရောင်ရောဂါတို့ ပိုလီယိုတို့ ဝင်လာရင် မလွယ်ဘူးလေ။ ဘယ်ရောဂါပဲဖြစ်ဖြစ် မခုခံနိုင်ဘူးပေါ့” ဟု မင်းပြားဆေးရုံတွင်တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမ ၁ ဦးကဆိုသည်။
တစ်ဖက်တွင်လည်း AA ထိန်းချုပ်နယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏရှိနေသည့်အတွက် ဆေးရုံဆေးခန်းများအား လက်ရှိအချိန်ထိ ပိတ်ထားရသည်။
ယင်းကဲ့သို့ ဆေးရုံဆေးခန်းများပိတ်ထားရသည့်အတွက် အခြားရောဂါများအပြင် ခွဲမွေးရမည်မိခင်များမှာလည်း အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းဆိုကြသည်။
သူနာပြု ၁ ဦးက ” ဆေးဝါးတွေမှာယူလို့ အဆင်မပြေတာကြာပါပြီ။ အခုက ဆေးတွေအကုန်လုံးနီးပါးပြတ်နေတော့ ပိုဆိုးတယ်။ ကိုယ်ဝန်တားဆေးဆိုလည်း ရှာမရတော့ဘူး။ လမ်းခရီးတွေကပိတ်နေတော့ ပိုဆိုးတယ် ” ဟုဆိုသည်။
ထို့အပြင် အမျိုးသမီးများအတွက် အဓိကအသုံးပြုရသည့် သားဆက်ခြားဆေး ဒီပို ( Depo) ကလည်း အချို့နေရာများတွင် လုံးဝပြတ်တောက်နေသည်ဟုသိရသည်။
“ တားဆေးက လုံးဝ ရှာမရတာပါ။ ပစ္စည်းပြတ်သွားတာပေါ့။ နယ်ဘက်တွေမှာ လူတွေအကုန်စုနေကြတဲ့အခါမှာ ရွာအတိုင်းအတာနဲ့မဟုတ်ဘဲ တခြားနေရာက အမျိုးသမီးတွေပါ နေနေကြတာ ။ ၆ လ တစ်ခါထိုးရတာဆိုပေမယ့် ဆေးက လုံးဝပြတ်သွားတယ်” ဟု မြောက်ဦးရှိသူနာပြု ၁ ဦးက ဆိုသည်။
တချို့နေရာများတွင် သားဆက်ခြားဆေးများရှိနေသော်လည်း စျေးတက်နေသည့်အတွက် ဝယ်မသုံးနိုင်ကြောင်းလည်း ၎င်းတို့ကဆိုကြသည်။ Depo နှင့် တွဲသုံးသည့် အားဆေးပါဝင်သည့် သားဆက်ခြားဆေးတစ်စုံကို ၂၀၂၃ ခုနှစ် က ၆,၀၀၀ ကျပ်သာပေးရသော်လည်း လက်ရှိတွင် Depo အား ၃၅,၀၀၀ ကျပ်ထိ စျေးမြင့်တက်နေသည်။
ယင်းကဲ့သို့ စျေးနှုန်းမြင့်တက်နေသည့်အတွက် လက်လုပ်လက်စားများအနေဖြင့် အခက်အခဲများပိုရှိနေကြောင်း ကျောက်တော်မြို့က တက်ကြွလှုပ်ရှားသူအမျိုးသမီး ၁ ဦးကဆိုသည်။
” အခု မြေပြင်အနေအထားက Depo က လုံးဝရှာမရတာ တစ်ပိုင်းရှိတယ်။ နောက်တစ်ပိုင်းကကျတော့ အမျိုးသားသုံးပစ္စည်းတွေ ပြတ်တာပေါ့။ အများအားဖြင့် အမျိုးသမီးတွေကပဲ တားဆေးကသုံးကြတာပေါ့။ အခုက စားဝတ်နေ ရေးရော အလုပ်အကိုင်ရော အကုန်အခက်အခဲဖြစ်နေကြတာလေ။ ဆိုတော့ အခုလို Depo ကအစ ပစ္စည်းလုံးဝပြတ်သွားတယ်။ ဒါတွေကို သက်ဆိုင်ရာအနေနဲ့က အချိန်မီထောက်ပံ့ပေးနိုင်ဖို့ လိုအပ်တာပေါ့။ ဖြေရှင်းပေးဖို့လည်း တောင်းဆိုပါတယ်” ဟုဆိုသည်။
ခြေလက်ကိုက်ခဲသည့်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ပန်း နာရောဂါ စသည့် ရောဂါသည်များအတွက်လည်း ဆေးဝါးပြတ်လပ်လာနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ဆေးဝါးပြတ်လပ်လာသည့်နည်းတူ တခြားဒေသများတွင်လည်း အခက်အခဲများဖြစ်ပေါ်နေကြသည်ဟု သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော် – AA ကလည်း ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ဆေးဝါးထောက်ပံ့မှုအချို့ လုပ်ဆောင်နေကြောင်းလည်း (ULA/AA ) ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က မီဒီယာများကိုဖြေကြားထားသည်။
သို့သော် တချို့မြို့နယ်များရှိ AA ဆေးခန်းများသည် မိမိတို့နေထိုင်ရာကျေးရွာနှင့် အလှမ်းဝေးနေသည့်အတွက် ခရီးစရိတ်မတတ်နိုင်ကြသောဒေသခံများအနေဖြင့် ဆေးခန်းမပြနိုင်ကြသေးပေ။