တိုက်ပွဲအတွင်းပိတ်မိနေသည့် မောင်တောဒေသခံများ စားဝတ်နေရေးခက်ခဲနေ
****
ခင်သရဖီဦး
မေ ၄ ၊ ၂၀၂၄။
အာရက္ခတပ်တော် – AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့တွင် ပိတ်မိနေသော ဒေသခံများသည် စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။
မောင်တောတွင် AA နှင့် စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားနေသည်က ၁ လကျော်ရှိလာပြီဖြစ်ပြီး ငွေကြေးတတ်နိုင်သူတချို့သာ တခြားမြို့များသို့တိမ်းရှောင်နေကြသည်။
ကျန်ရှိနေသည့်မြို့ခံများသည် ကုန်စည်ပြတ်လပ်မှုနှင့် အဆမတန်စျေးမြင့်တက်မှုစသော အခက်အခဲများ ရှိနေ သည်ဟု မောင်တောမြို့ခံ ၁ ဦးကဆိုသည်။
၎င်းက ” အခုက ဆန် ၁ အိတ်ကို ၃၀၀,၀၀၀ နားထိကပ်နေပြီ။ ဆီ၊ ဆားတွေကလည်း အတူတူပါပဲ။ အကုန် စျေးနှုန်းက ၁၀ ဆလောက်ကို မြင့်သွားတယ်။ အလုပ်အကိုင်ကလည်း မရှိဘူး ။ အခုက လမ်းတွေကလည်း ပိတ်နေ တော့ ပိုဆိုးတယ်” ဟု ဆိုသည်။
ယင်းအပြင် ဆေးဝါးပြတ်လပ်မှုဒဏ်ကိုလည်း အလူးအလဲခံနေရသည်ဟု နောက်ထပ်ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက “တိုက်ပွဲမဖြစ်ခင်ကနေ ဆေးရုံတွေကို စစ်တပ်က ပိတ်ခိုင်းထားတာလေ။ အဲဒီကတည်းက မီးဖွားရေးကအစ အခက်အခဲကြုံနေရတယ်။ အခုက ပိုဆိုးသွားပြီ။ အရင်က ၂,၅၀၀ တန် ဆေးကတ်တွေက အခု ၁၅,၀၀၀ လောက်ကို စျေးမြင့်သွားတယ်။ တချို့ ဆေးတွေဆို ပိုက်ဆံရှိပေမယ့် ဝယ်မရတာလည်း ရှိတယ်” ဟု ဆိုသည်။
လက်ရှိမှာတော့ မောင်တောမြို့တွင် မြို့ခံ ၅၀ ရာခိုင်နှုန်းအထိ ကျန်ရှိနေသည်ဟု ဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ်နှင့် AA တို့သည် မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး AA အနေဖြင့် ကျီးကန်ပြင် ဌာနချုပ် ၊ နခခ – ၂ နှင့် နခခ – ၁၀ တို့အား မေလ ၂ ရက်နှင့် ၃ ရက်များတွင် ဆက်လက် သိမ်းပိုက်ထားသည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားကြသည်။
ထို့အပြင် စစ်ကောင်စီတပ်သားထောင်နှင့်ချီ စခန်းများစွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည် ကြသည်ဟုလည်း သိရသည်။
သို့သော် အဆိုပါစခန်းများအား သိမ်းပိုက်ရရှိထားသည်ဟု AA က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
လက်ရှိမှာတော့ AA အနေဖြင့် မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ တို့အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက် လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4524
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9764