သမိုင်း၏မေ့လျော့ခံ ကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၂
*******
ဇေယျာဦး
မေ ၅၊ ၂၀၂၄။
(IJBS – လွတ်လပ်သော မြန်မာ့သုတေသနဂျာနယ်တွင်ဖော်ပြထားသော ယခုဆောင်းပါးကို စာတမ်းရှင်
ဇေယျာဦး ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်)
တပ်မတော်နည်းပညာကောလိပ်၏ ကျောင်းအုပ်ကြီးအဖြစ် စစ်တက္ကသိုလ်ကျောင်းဆင်းဗိုလ်မှူးကြီးဘိုးအောင်က တာဝန်ယူသည်။ သူ့လက်အောက်တွင် စာပေဌာနနှင့် လေ့ကျင့်ရေးဌာနဟူ၍ထားရှိသည်။ စာပေဌာနတွင် စာပေညွှန်မှူးတစ်ယောက်ထားရှိ၍ သက်ဆိုင်ရာ ဘာသာရပ် အလိုက်ဌာနခွဲများ ထပ်မံထားရှိသည်။ အပတ်စဥ် (၂) သင်တန်းသားများ ကျောင်းစတက်ချိန်တွင်တပ်မတော်နည်းပညာ ကောလိပ်၌ အထူးပြု ဘာသာရပ်ပေါင်း (၇) ခုရှိသည်။ ကွန်ပျူတာ အင်ဂျင်နီယာ(Computer Engineering)၊ မြို့ပြအင်ဂျင်နီယာ(Civil Engineering)၊ လျှပ်စစ်အင်ဂျင်နီယာ (ElectricalPower Engineering)၊ အီလက်ထရောနစ် အင်ဂျင်နီယာ (Electronic Engineering)၊ စက်မှုစွမ်းအားအင်ဂျင်နီယာ (Mechanical Power)၊ စက်မှုပုံစံပြု အင်ဂျင်နီယာ (Machine Tools andDesign)၊ စက်မှု အီလက်ထရောနစ် အင်ဂျင်နီယာ (Mechatronic Engineering) တို့ဖြစ်သည်။ သို့သော်ပထမအပတ်စဥ် (၁) သင်တန်းစဖွင့်ခဲ့ချိန်တွင် ကွန်ပျူတာ အင်ဂျင်နီယာ ဘာသာရပ်နှင့်စက်မှုအီလက်ထရောနစ် ဘာသာရပ်မှာ မရှိသေးပေ။ အပတ်စဥ် (၂) သင်တန်း စတင်ချိန်မှသာအဆိုပါဘာသာရပ် နှစ်ခုကို စတင် မိတ်ဆက်ခြင်း ဖြစ်သည်။
အဆိုပါဌာနအသီးသီး၏ တာဝန်ခံဌာနမှူးများမှာ အင်ဂျင်နီယာဘွဲ့ရ တပ်မတော်အရာရှိများဖြစ်ပြီးဘာသာရပ်ဆိုင် ရာများ သင်ကြားနိုင်ရန် အရပ်ဘက်မှ တက္ကသိုလ်ဆရာအချို့ကိုလည်းခေါ်ယူထားသည်။ ဆရာ၊ ဆရာမ အချို့ သည် ရန်ကုန်တက္ကသိုလ်များမှ ပြောင်းလာကြသူများဖြစ်ပြီးအချို့မှာ တပ်မတော်နည်းပညာတက္ကသိုလ်မှ လည်းကောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်မှလည်းကောင်း၊ ထိုစဥ်က ပြင်ဦးလွင်၌ ဖွင့်လှစ် ထားသောစံပြဂျီတီအိုင်ကျောင်းမှလည်းကောင်း ခေါ်ယူသင်ကြားစေသည်။ လေ့ကျင့်ရေးဌာနကိုမူညှိနှိုင်းဗိုလ်မှူးတစ်ဦး၊ တပ်ရေးဗိုလ်ကြီးတစ်ဦးနှင့် တပ်ခွဲအလိုက် တာဝန်ယူသော အရာရှိများဖြင့်ဖွဲ့စည်းထားသည်။ လေ့ကျင့်ရေးဌာန အရာရှိအများစုမှာ စစ်တက္ကသိုလ် ကျောင်းဆင်းများ ဖြစ်သည်။ဤနေရာတွင် တပ်မတော်နည်းပညာကောလိပ် နှင့်ပတ်သက်၍ နောက်ထပ်လွဲနေသည့် အချက်တစ်ခုမှာကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူသူ ဖြစ်သည်။ အင်ဂျင် နီယာကျောင်းကို အုပ်ချုပ်မည့်အကြီးဆုံးပုဂ္ဂိုလ်မှာ အင်ဂျင်နီယာဘွဲ့ရမဟုတ်ဘဲ သာမန်စစ်တက္ကသိုလ်ကျောင်း ဆင်း BSc (DSA) ဘွဲ့ရဗိုလ်မှူးကြီးတစ်ဦး ဖြစ်နေခြင်းပင်။
ထို့အပြင် တပ်မတော်နည်းပညာကောလိပ်သည် အင်ဂျင်နီယာကျောင်း ဟု အမည်ခံထားသော်လည်းလက်တွေ့တွင် အင်ဂျင်နီယာ ပညာရပ်နှင့် ပတ်သက်၍ အလေးပေးဆောင်ရွက်မှုမရှိဘဲလေ့ကျင့်ရေးကိုသာ အလေးပိုပေး နေသည်။ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှလက်အောက်တွင် ရှိစဥ်က အင်ဂျင်နီယာဘာသာရပ်ပိုင်းတွင် အလေးထားမှု အတော်အသင့်ရှိခဲ့ သည်။ကောလိပ်အတွက် ကွန်ပျူတာနှင့် အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊မာလ်တီမီဒီယာစနစ်ဖြင့် သင်ကြားရန်ပစ္စည်းများ စီစဥ်ထားရှိပေးခဲ့သည်။ သို့သော် ကောလိပ်ကိုတရားဝင်ဖွင့်လှစ်ပြီး မကြာခင် ၎င်းလည်း အနားပေးခံလိုက်ရသည်ဖြစ်ရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်လက်အောက်သို့ ရောက်ချိန်မှစ၍ ကောလိပ်၏ စာပေပိုင်းသည် ကျောင်းအာဏာပိုင်တို့၏အလေးပေးမှု မရရှိတော့ပေ။ စစ်ထောက်ချုပ် စီစဥ်ပေးခဲ့သော သင်ထောက်ကူပစ္စည်းများ ကိုလည်းကျောင်းသားများ အသုံးပြုခွင့် မရကြပေ။ စာပေဌာနသည် ဆရာ၊ ဆရာမ မလုံလောက်မှု၊ ဘာသာရပ်ဆိုင်ရာသင်ရိုးများ အဆင်သင့် ပြင်ဆင်ပြုစုထားခြင်း မရှိမှုများ ဖြစ်ပေါ်နေခဲ့သည်။
အရည်အသွေးမီ ဆရာ၊ ဆရာမ အင်အားမလုံ လောက်မှုကြောင့် နီးစပ်ရာ ဂျီတီအိုင်ကျောင်းဆင်းတပ်ကြပ်ကြီးများ၊ အရာခံဗိုလ်များနှင့် အရပ်ဘက်မှ ဂျီတီအိုင် ကျောင်းဆင်းခါစ လူငယ်များကိုနည်းပြဆရာများအဖြစ် ခေါ်ယူသင်ကြားစေခြင်းများ ရှိခဲ့သည်။
ကျောင်းသားများက မေးမြန်းရာတွင် စာပေဌာနကို ပံ့ပိုးအားဖြည့်ပေးရေး နှင့်ပတ်သက်၍ကျောင်းအုပ်ကြီးနှင့် ကျောင်းတာဝန်ရှိသူများက စိတ်ဝင်စားမှု မရှိကြောင်း သက်ဆိုင်ရာဌာနမှူးများကအရိပ်အမြွက် ပြောကြသည်။ ဥပမာ မန္တလေးနည်းပညာတက္ကသိုလ်မှ ဆရာမနှစ်ဦးသည် ၎င်းတို့အချိန်ဇယား အတိုင်း ကျောင်းသို့ အပတ်စဥ် လာရောက် သင်ကြားပေးသည်။ ပထမ (၂) လလောက်တွင် ပုံမှန်လာရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝပေါ်မလာ တော့ချေ။ နောက်ပိုင်းမှပြန်သိရသည်မှာ အဆိုပါ ဆရာမနှစ်ဦးသည် ကျောင်းရှိ EC ဌာနမှူး၏ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ပြီး ကျောင်းတွင် ဘာသာရပ်ဆိုင်ရာ ဆရာအင်အားမလုံလောက်မှုကြောင့် ဌာနမှူးက အလွတ်တန်း အကူအညီတောင်းခံသဖြင့်လာရောက်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ထိုသို့လာရောက်ခြင်းအတွက် ကျောင်းကမည်သည့် အခကြေးငွေမှ မပေးကြောင်း၊ ၎င်းတို့ လာရောက်သည့်အခါ စီးလာသည့် ကားအတွက်ဆီဖြည့်ပေးရန်ပင် ကျောင်းက တာဝန်ယူပေးမှု မရှိခြင်း တို့ကြောင့် နောက်ပိုင်းတွင် လုံးဝမလာတော့ခြင်းဖြစ်ကြောင်းကို သိရသည်။ အလားတူပြဿနာသည် စာပေဌာန၏ ဘာသာရပ် ဌာနတိုင်းတွင် ကြုံတွေ့နေရသည်။ EP နှင့် EC ကျောင်းသားများအတွက် အချို့အင်ဂျင်နီယာဘာသာရပ် ဆိုင်ရာ Moduleများသည် သင်မည့်ဆရာများမရှိဘဲ စာမေးပွဲဖြေခဲ့ရသည်များ လည်း ရှိခဲ့သည်။ စာမေးပွဲနီး၍ကျောင်းသားများအား အချိန်ပိုခေါ်ယူ သင်ကြားရေးအတွက်လည်း စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့ကြား အကြိတ်အနယ် ငြင်းခုံပဋိပက္ခများ ဖြစ်ကြရသည်။
တစ်ချိန်တည်းတွင် လေ့ကျင့်ရေးဌာနသည် ကျောင်းသားများကို ပြင်းထန်သော လေ့ကျင့်မှုများဖြင့်အစွမ်းကုန် မောင်းနှင်ပေးလျက်ရှိသည်။ ကျောင်းသားများ၏ အချိန်အများစုသည် လေ့ကျင့်ရေးအတွက်ကုန်ဆုံးနေရ သည်က များသည်။ စစ်တက္ကသိုလ်ကျောင်းဆင်းများပီပီ လေ့ကျင့်ရေးအရာရှိ များသည်ကျောင်းသားများကို စစ်တက္ကသိုလ် လေ့ကျင့်မှုပုံစံများအတိုင်း အပြင်းအထန် လေ့ကျင့်စေသည်။
ကျောင်း၏ တစ်နှစ်တာကာလကို ခွင့်ပြန်ချိန်တစ်လ၊ စာပေ (အင်ဂျင်နီယာဘာသာရပ်) သင်ယူမှုအပိုင်း(၈) လ၊ စစ်ပညာသင်ယူမှုအပိုင်း (၃) လ သင်ယူရသည် ဖြစ်ရာ စစ်ပညာအပိုင်း (၃) လ ကိုလေ့ကျင့်ရေးဌာန အရာရှိများက တာဝန်ယူသင်ကြားပေးသည်။ အခြေခံ စစ်ပညာမှ တပ်စုမှူးအဆင့်သိသင့်သည့် စစ်ပညာတို့ကို လက်တွေ့၊ စာတွေ့ သင်ကြားပေးပုံတို့မှာ အင်ဂျင်နီယာပညာရပ်အပိုင်းတွင်သင်ကြားပေးပုံများ ထက် စနစ်ကျသလို အလေးပေးမှုလည်း ပိုရှိကြသည်။ လက်တွေ့မိုင်ရှည်ချီတက်ပွဲများတွင် ဒုတိယကျောင်းအုပ်ကြီးကိုယ်တိုင် လိုက်ပါသည်များပင် ရှိသည်။ တကယ်တမ်းတွင်စာသင်နှစ်တစ်နှစ်အတွက် အခြေခံစစ်ပညာ အပိုင်းကို (၃) လ သတ်မှတ်ထားသော်လည်းစာသင်ချိန်ပြင်ပ အချိန်များတွင် လည်း လေ့ကျင့်ရေးနှင့် လုပ်အားပေးများ (fatigue) ကအမြဲရှိနေသည်။ တစ်ခါ တစ်ရံ စာသင်ချိန်များပင် ဖျက်၍ လေ့ကျင့်ရေးနှင့် လုပ်အားပေး ဝင်ရမှုများရှိခဲ့သည်။
စာပေနှင့် လေ့ကျင့်ရေးဌာနနှစ်ခုကြားတွင် လေ့ကျင့်ရေးဘက်ကို ပိုအလေးထားနေသောတပ်မတော်နည်းပညာ ကောလိပ်၏ ဖြစ်စဥ်ကို ကျောင်းသားများက အချိန်ကြာလာသည်နှင့်အမျှသံသယဝင်လာတော့သည်။ “တိုက်ခိုက် ရေးစစ်သည်များ မွေးထုတ်ချင်တာလား၊အင်ဂျင်နီယာပညာသည် စစ်သည်များ မွေးထုတ်ချင်တာလား” ဆိုသည်ကို ကျောင်းသားအချို့ကြားတွင်မေးခွန်းထုတ်လာကြသည်။
ကျောင်းပြင်ပတွင်လည်း ကျောင်းသားများကြုံရသည့် ပြဿနာများ ရှိသေးသည်။တပ်မတော်နည်းပညာကောလိပ် သည် သတင်းစာခေါ်စာအရ အဆင့် (၃) ခုကို ဖြတ်သန်းရမည်ဖြစ်သည်။ ပထမအဆင့်မှာ (၂) နှစ် သင်တန်း ပြီးဆုံးသည့်နောက် ပညာအရည်အချင်းအားဖြင့် AGTIလက်မှတ်ပေးအပ်ကာ တပ်မတော်ရာထူးအဆင့်အားဖြင့် တပ်ကြပ်ကြီး အဆင့်ပေးမည်ဖြစ်သည်။ဒုတိယအဆင့်ကို ဂုဏ်ထူးဖြင့် အောင်မြင်သည့် ထူးချွန်သော ကျောင်းသား တိုင်းသည် တတိယနှစ်နှင့်စတုတ္ထနှစ်ကို ဆက်လက် တက်ရောက်နိုင်ပြီး နည်းပညာဘွဲ့ B.Tech ဘွဲ့ရရှိကာ ဒုအရာခံဗိုလ်ရာထူးခန့်အပ်ခံရမည် ဖြစ်သည်။ စတုတ္ထနှစ်ကို ထူးချွန်စွာ အောင်မြင်သူများက ပဉ္စမနှစ်ကို
ဆက်လက်တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါက အင်ဂျင်နီယာဘွဲ့ B.E. ဘွဲ့ နှင့်အတူ အရာခံဗိုလ်ရာထူးခန့်အပ်ခံရမည် ဖြစ်သည်။
ပြင်ဦးလွင်မြို့တွင် တပ်မတော်နည်းပညာကောလိပ်နှင့်အတူ အခြား တပ်မတော်ကျောင်းကြီးနှစ်ကျောင်းလည်း တည်ရှိသည်ဖြစ်ရာ အဆိုပါ ကျောင်းမှ ကျောင်းသားများနှင့်တပ်မတော်နည်းပညာကောလိပ်မှ ကျောင်းသား များသည် ကျောင်းပိတ်ရက် ပြင်ပသို့ ထွက်ကြရာတွင်တစ်နည်း မဟုတ်တစ်နည်း ဆက်ဆံမှုရှိလာကြသည်။ တပ်မ တော်တွင် အရာရှိအဆင့်နှင့်အခြားအဆင့်တို့ကြား လူမှုအခြေ အနေ (social status) ကွာဟမှုများစွာ ရှိကြသည် ဖြစ်ရာ၎င်းနောက်ခံဓလေ့က အဆိုပါ ကျောင်းသားတို့ကြား ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိခဲ့သည်။ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများသည် အခြားကျောင်းများမှ ကျောင်းသားများနှင့်ဆက်ဆံကြ ရာတွင် အခြားကျောင်း ကြီးနှစ်ကျောင်းမှ ကျောင်းသားများမှာ ကျောင်းဆင်းလျှင် အရာရှိတန်းဖြစ် မည့်သူများဖြစ်ပြီး နည်းပညာကောလိပ် ကျောင်းသား များမှာတပ်မတော်ရာထူးအားဖြင့် နိမ့်ကျနေမည်ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများ၏ ပုံစံအမျိုးမျိုးဖြင့်
လှောင်ပြောင်အထင်သေး ဆက်ဆံမှု များကို ခံကြရသည်။
ထိုအယူအဆကအဆိုပါကျောင်းသားများတွင်သာမက ပြင်ဦးလွင်မြို့ပေါ်ရှိ အရပ်ဘက်ပြည်သူအချို့တွင်ပါကူးစက်လာသည်။ ထို့ကြောင့် တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် ခွဲခြားဆက်ဆံမှုကို နေရာတိုင်းတွင် ခံစားလာကြရသည်။ ထို့အပြင် ကျောင်းတွင်း၌ လည်း လေ့ကျင့်ရေးဌာနမှအရာရှိအချို့က ဆူပူကြိမ်းမောင်းရာတွင် အဆိုပါ ခွဲခြားဆက်ဆံသည့် သဘောများ အခါအားလျော်စွာထည့်သွင်းပြောကြားလေ့ ရှိသည်။ ထိုအချက်ကလည်း ကျောင်းသားများအနေဖြင့် မိမိကျောင်းအပေါ်ယုံကြည်ကိုးစားမှုကို တစ်စတစ်စ ကျဆင်းလာစေခဲ့သည်။
အထက်တွင် ဖော်ပြခဲ့သကဲ့သို့ တပ်မတော်နည်းပညာကောလိပ်သည် အဆင့် (၃) ဆင့်ဖြင့် စုစုပေါင်း(၅) နှစ် တက်ရောက်နိုင်သည်ဖြစ်ရာ အဆင့် တစ်ခုချင်းစီတွင် ပေးမည့်ဘွဲ့နှင့် တပ်မတော်ရာထူးများရှိထားသော်လည်း ကျောင်းသားအများစုသည် ရည်မှန်းချက်ထားသည်မှာ ကျောင်းကပေးမည့်တပ်မတော်ရာထူးကိုမဟုတ်ဘဲ B.E. ဘွဲ့ကိုသာ ဖြစ်သည်။ B.E. ဘွဲ့ ရရှိရေး ဆိုသည့် ရည်မှန်းချက်ကို
ရင်ဝယ်ပိုက်ကာ ကျောင်းတွင် ကြုံတွေ့ရသည့် ပင်ပန်းမှုနှင့် အဆင်မပြေမှုများကိုသည်းခံဖြတ်သန်းကြသည်။ သို့သော် ကျောင်းသားတို့မျှော်မှန်းသော အချက်နှင့် ကျောင်းအာဏာပိုင်တို့မျှော်မှန်း သော အချက်တို့ကြား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်းကို အရိပ် အမြွက်မျှစတင်သိလာရသော အချိန်ကား အပတ်စဥ် (၁) သင်တန်းသားများ ပထမ (၂) နှစ်ပြီးဆုံး၍သင်တန်းဆင်း ဘွဲ့လက်မှတ်ပေးအပ်ချိန်နှင့် တတိယ နှစ်ဆက်တက်နိုင်သူများ ရွေးချယ်သည့်ပုံစံကိုသိလိုက်ရချိန်တွင် ဖြစ်သည်။
ကျောင်းဆင်းပွဲကို ကျောင်းသားများက များစွာမျှော်လင့်ထားကြသည်။ အထူးသဖြင့် တတိယနှစ်ဆက်လက်တက်ရောက်ခွင့် မရတော့သူများအတွက် ဒီတစ်ကြိမ်သာ ကျောင်းဆင်းဘွဲ့လက်မှတ်ပေးပွဲကိုကြုံရမည်ဖြစ်ရာ မိသားစု စုံလင်စွာဖြင့် ခမ်းခမ်းနားနား ဖြစ်စေချင်သည်။ သို့သော် တကယ်တမ်းဒီပလိုမာလက်မှတ်ပေးသောအခါ ကျောင်းသားများကို အလုပ်ရုံခန်းမကြီးထဲ တွင် သီးသန့်ခေါ်သွင်းကာ
ကျောင်းသား တပ်ခွဲမှူးများကိုသာ ကျောင်းသားများ ကိုယ်စား AGTI ဒီပလိုမာ လက်မှတ်ပေးအပ်ပြီး၎င်းတို့မှတစ်ဆင့် ကျန်သော ကျောင်းသားများကို ဘွဲ့လက်မှတ်များ ပြန်လည်ဝေပေးစေသည်။မိဘဆွေမျိုး များလည်း တက်ရောက်ခွင့်မရ။ ကျောင်းဆင်းပွဲကိုလည်း အဆင့်မြင့် တပ်မတော်အရာရှိတစ်ဦးတလေမျှ တက်ရောက်ခြင်းမရှိဘဲ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးဘိုးအောင်၏ ဦးဆောင်မှုဖြင့်သာ
ကျင်းပလိုက်ကြသည်။
ထိုစဥ်က တပ်မတော်စစ်ကျောင်းကြီးများ ကျောင်းဆင်းပွဲတွင် ကျောင်းသားမိဘအစုံအလင်ကိုတခမ်းတနား ဖိတ်ကြားကာ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်အတူဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တက်ရောက် ဆင်းပေးနေမြဲဖြစ်သည်။ ယခုတပ်မတော်နည်းပညာကောလိပ် ကျောင်းဆင်းပွဲတွင်မူ ကျောင်းအရေးကိစ္စကို ကွပ်ကဲစီမံရေးတာဝန်ယူထားသော ကာကွယ်ရေးဝန်ကြီးဌာန၊တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးပင် ရောက်မလာခဲ့ပေ။ ကျောင်းသားမိဘများ ကိုလည်း မဖိတ်ကြားရုံသာမကကိုယ့်အစီအစဥ်ဖြင့် ရောက်လာသော ကျောင်းသားမိဘအချို့ပင် ကျောင်းသားများဘွဲ့ပေးပွဲအခမ်းအနားသို့ တက်ရောက်ခွင့်မရကြပေ။ အဘယ်ကြောင့် လူမသိသူမသိ ကျောင်းဆင်းပွဲလုပ်ရသလဲဆိုသည့် မေးခွန်းက ကျောင်းသားများ၏ စိတ်ထဲ ထပ်ခါတလဲလဲ ဝင်လာကြတော့သည်။
ထို့အပြင် တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရသော ကျောင်းသား များရွေးချယ်မှုဖြစ်စဥ်အပေါ်၌လည်း ကျောင်းသားအများစုက မကျေမနပ် ရှိလာကြသည်။သတင်းစာခေါ်စာအရ ထူးချွန်စွာ အောင်မြင်သော ကျောင်းသားတိုင်းသည် တတိယနှစ်သင်တန်းသို့တက်ရောက်ခွင့်ရမည် ဆိုထားသော်လည်း တကယ်တမ်း လက်တွေ့တွင် ကျောင်းသားများကိုအရည်အချင်း ဂုဏ်ထူးမှတ်ဖြင့် သတ်မှတ်ရွေးချယ်သည်မဟုတ်ဘဲ ရာခိုင်နှုန်း ဖြင့်အရေအတွက်ဖြတ်ချသည့် ပုံစံကို တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သတ်မှတ်ထားသော
ဂုဏ်ထူးမှတ်ပြည့်မီသည့် ကျောင်းသားတိုင်းကို တတိယနှစ် ဆက်လက်တက်ရောက်ခွင့်အတွက်ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းအာဏာပိုင်များက လိုချင်သော ရာခိုင်နှုန်းအတိုင်း ကျောင်းသားအရေအတွက်ကို ဖြတ်ချသည့်သဘော ဖြစ်သည်။ ထိပ်ဆုံးမှ ရေတွက်သော် (၂၅) ရာခိုင်နှုန်းအထိကိုသာတတိယနှစ်သင်တန်းသို့ ဆက်လက်တက်ရောက် ခွင့်ပေးပြီး ကျန်သူများကို AGTI လက်မှတ်ပေးကာ
တပ်ကြပ်ကြီးရာထူးဖြင့် ကျောင်းဆင်းပေးလိုက် ကြခြင်းဖြစ်ရာ ကျောင်းဆက်တက်ခွင့်ရသောကျောင်းသားနှင့် ကျောင်းဆင်းသွားရသော ကျောင်းသားတို့ကြား အမှတ် ကွာဟမှုမှာမဆိုသလောက်သော အခြေအနေမျိုးသာ ရှိနေသည်။ ကျောင်း၏ စာမေးပွဲအောင်မှတ် သတ်မှတ်ရာတွင်လေ့ကျင့်ရေးအမှတ်နှင့် စာပေအမှတ် ဟူ၍ နှစ်မျိုးရှိသည်။
ဤနေရာတွင်လည်းထူးဆန်းနေသည့်အချက်မှာ တတိယနှစ်သင်တန်းသို့ ဆက်လက်တက် ရောက်ခွင့်မရဘဲ ဂျီတီအိုင်ဖြင့်
ကျောင်းဆင်းသွားရသော ကျောင်းသား အများစုမှာ စာပေအမှတ်တွင် ထူးထူး ချွန်ချွန်ရရှိနေသူများဖြစ်နေပြီး လေ့ကျင့်ရေးအမှတ်ဖြင့် ကျသည့်သူက များနေသည်။ လေ့ကျင့်ရေးအမှတ်ကိုမည်သို့သတ်မှတ်သည် ဆိုသည်ကိုမူ ကျောင်းသားများကို မည်သည့်အခါကမျှ ပွင့်လင်းမြင်သာစွာရှင်းပြခဲ့ခြင်းများ မရှိခဲ့ရာ ကျောင်းသားများ၏ လေ့ကျင့်ရေးအမှတ် ကောင်း၊ မကောင်းမှာလေ့ကျင့်ရေးဌာနအပေါ် မူတည်နေသည်။ သည့်ထက်ပိုပြောရသော် ကျောင်းသားများအနေဖြင့်တတိယနှစ်သို့ ဆက်လက်တက်ရောက်ခွင့် ရ၊ မရ မှာ လေ့ကျင့်ရေးဌာန၏ သတ်မှတ်ချက်အပေါ်များစွာမူတည်နေလေသည်။
ကျောင်းတွင် ဒုတိယနှစ်ပြီးသည်အထိ စာသင်နှစ်ကို အပိုင်း (၄) ပိုင်း (first semester, second semester, third semester, fourth semester) သတ်မှတ်ထားသည်ဖြစ်ရာ ကျောင်းသားများအနေဖြင့် မိမိအခြေအနေကို စာပေပိုင်း၌သာ သိခွင့်ရသည်။ စာသင်နှစ်အပိုင်း အလိုက် ကျောင်းသားများကိုအဆင့်များ သတ်မှတ်ပေးထားသည်ဖြစ်ရာ မိမိအနေဖြင့် ကြိုးစားရန် မည်မျှ လိုအပ်နေသည်ဆိုသည်ကို
မိမိရထားသော အဆင့်ပေါ် မူတည်၍ အကဲဖြတ် ပြင်ဆင်နိုင်သည်။ ထိုသို့ လုပ်နိုင်သည်မှာလည်းစာပေအပိုင်း၌သာ ဖြစ်သည်။ လေ့ကျင့်ရေး အပိုင်းတွင်မူ မိမိအခြေအနေ မည်မျှရှိနေသည်ကို မည်သည့်အခါမျှ ခေါ်ယူရှင်းပြခြင်းမျိုး မရှိခဲ့ချေ။
ထိုအခြေအနေကို စောင့်ကြည့်နေသူများက နောက်ထပ်ရောက်လာသော အပတ်စဥ် (၂)သင်တန်းသားများ ဖြစ်သည်။ စမ်းသပ်မှုအနေဖြင့် ဖွင့်လှစ်ခဲ့ သော ကျောင်းတွင်လက်တွေ့ဖြစ်ပေါ်နေသော ကျင့်သုံးမှုများသည် ကြေညာ ချက်ပါ အချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိစောင့်ကြည့်နေခြင်း ဖြစ်သည်။ အထက်ပါကဲ့သို့ တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရသောကျောင်းသားများကို ရွေးချယ်သည့်ဖြစ်စဥ်က နောက်လူများကို မှားယွင်းသော အတွေးအခေါ်များရရှိစေခဲ့သည်။ ဥပမာဖြစ်စဥ်တစ်ခုမှာ ဒုတိယအကြိမ် ကျောင်းဆင်းခါနီးကာလ၊ အပတ်စဥ် (၂)သင်တန်းသားများကို တတိယနှစ် ဆက်လက်တက်ရောက်ခွင့်အတွက် ရွေးချယ်သည့် ကာလများတွင်တတိယနှစ် ဆက်လက်တက်ရောက်ခွင့်ရရေးအတွက် သက်ဆိုင်ရာ အရာရှိ များထံသို့လက်ဆောင်အမျိုးမျိုး လာဘ်ထိုးသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။
ထိုအခြေအနေအောက်တွင် ကျောင်းသားအချို့သည် မိမိတို့ အနာဂတ်နှင့် ပတ်သက်၍ လမ်းပျောက်ကာစိတ်ဓာတ်ကျဆင်းမှုများ ဖြစ်လာသည်။ စိတ်ဓာတ်ကျ၍ ကျောင်းကို ဆက်မတက်ချင်ကြတော့ဘဲထွက်ပြေးသူများမှာ အဆမတန် များပြားလာသည်။ ပထမပိုင်းတွင် ထွက်ပြေးသူများကို သာမန်အားဖြင့်သာ အရေးယူသော်လည်း ထွက်ပြေးသော ကျောင်းသားဦးရေ များပြားလွန်းလာသည့်အခါ
အရေးယူမှုစနစ်ကို တစ်ဆင့်တက်၍ တင်းကျပ်စွာ ကျင့်သုံး လာသည်။ ထိုသို့ ထွက်ပြေးသည်ဆိုလျှင်သေချာစီမံချက်ချ၍ အိမ်တိုင်ရာ ရောက် လိုက်လံဖမ်းဆီးကာ တပ်တွင်းအချုပ်သို့ အရင်ထည့်သည်။ထို့နောက် တစ်ကျောင်းလုံးမှ ကျောင်းသား အားလုံးကို ကျောင်း၏ စစ်ရေးပြကွင်းကြီးထဲ တွင်စုံညီစုဝေးစေကာ ကျောင်းသားအားလုံး၏ ရှေ့မှောက်သို့ ထွက်ပြေးသူ တရားခံကျောင်းသားအားလက်ထိပ်ခတ်၍ ခေါ်ဆောင်လာကာ တပ်ထုတ်ပွဲကို တခမ်းတနား ကျင်းပပြီးအရပ်ဘက်အကျဉ်းထောင်တွင် ပြစ်ဒဏ်အနည်းဆုံး တစ်နှစ်ကျခံစေကြောင်း အမိန့်ချမှတ်လေ့ရှိသည်။
တပ်ထုတ်ပွဲဆိုသည်မှာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သော တပ်မတော်သားတစ်ဦးအား တပ်မတော်တွင်ဆက်လက်တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မီတော့သဖြင့် တပ်မတော်မှ အပြီးအပိုင်ထုတ်ပယ် ကြောင်း အခမ်းအနားဖြင့် ကျင်းပ ကြေညာကာ ပြစ်ဒဏ်ချမှတ်သော ပွဲမျိုးဖြစ်သည်။ထွက်ပြေးသူတရားခံ ကျောင်း သားသည် မိမိသူငယ်ချင်းကျောင်းသားများ၏ ရှေ့မှောက်တွင်
လက်ထိပ်တန်းလန်းနှင့် ရောက်လာရသည့်အပေါ် များစွာရှက်ရွံ့မိသလို မြင်ရသော သူငယ်ချင်းကျောင်းသားများအနေဖြင့်လည်း များစွာ စိတ်မကောင်း ဖြစ်မိကြသည်။
အနာဂတ်အတွက် အားတက်ဖွယ်ရာမရှိတော့သည့် အခြေအနေမှ ရုန်းထွက်ရန် ထွက်ပေါက်မရှိသောကျောင်းသားတစ်ယောက်အတွက် ယခု ကဲ့သို့ ထွက်ပြေးသည်မှာ ပျော့ညံ့ရာကျသော်လည်း ကျောင်းကထွက်ပြေး သော အမှုအတွက် ငယ်ရွယ်နုပျိုသော ကျောင်းသားလူငယ် တစ်ဦးကို ဤမျှအပြစ်ဒဏ်မျိုးချမှတ်ရန် ထိုက်တန်ရဲ့လားဆိုသည်ကို ကျောင်းသားများရင်ထဲ တွင် ထပ်ခါတလဲလဲ
တွေးမိလာကြသည်။ ကျောင်းလေ့ကျင့်ရေးအရာရှိများ၏ ပြောကြားချက်အရ ထိုသို့တပ်ထုတ်ပွဲလုပ်ရခြင်းမှာ နောက်ထပ်ကျောင်းသား များ ထွက်မပြေးဝံ့စေရန်စံပြလုပ်သည့်သဘောလည်းပါသည်ဟု ပြောကြ သည်။ ထိုသို့ ပြစ်ဒဏ်ချမှတ်ရာတွင်၎င်းတို့ညွှန်းဆိုသုံးစွဲသော ပုဒ်မမှာ တပ်မတော် အက်ဥပဒေ ၃၈ (က) ခွင့်မဲ့ပျက်ကွက်မှုဆိုင်ရာပြဋ္ဌာန်းချက် ဖြစ်သည်။
ဤနေရာတွင် ထွက်ပြေးသော ကျောင်းသားကို တပ်မတော် အက်ဥပဒေဖြင့်အရေးယူသည် မှန်သော်လည်း ရွယ်တူကျောင်းသားအားလုံး ရှေ့မှောက်တွင် တပ်ထုတ်ပွဲကဲ့သို့လူ့ဂုဏ်သိက္ခာမဲ့စေသော လုပ်ရပ် (dehumanize) မျိုးဆန်သည့် အခမ်းအနားမျိုး လုပ်သင့်သည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ ထို့အပြင် အဆိုပါကျောင်းသားများ ထိုသို့ စိတ်ဓာတ်ကျကာထွက်ပြေးစေရန် တွန်းပို့သည့် နောက်ခံ အကြောင်းအရင်း များကို ကျောင်းတာဝန်ရှိသူများအနေဖြင့်လည်း စဥ်းစားမိခဲ့ကြပုံ မပေါ်ပေ။
၂၀၀၁ ခုနှစ်၊ အောက်တိုဘာတွင် တပ်မတော်နည်းပညာကောလိပ် သင်တန်းအပတ်စဥ် (၃)သင်တန်းသားများ ထပ်မံရောက်ရှိလာသည်။ အပတ်စဥ် (၃) ခေါ်ယူသည့်အခါ ထူးခြားသည့်အချက်ကသင်တန်းသားဦးရေ ဖြစ်သည်။ ရှေ့အပတ်စဥ်များတွင် သင်တန်းသား (၄၀၀) ဝန်းကျင်သာ ခေါ်ယူလာခဲ့သော်လည်း အပတ်စဥ် (၃) ကို သင်တန်းသား (၂၀၀၀) ကျော် ခေါ်ယူ လိုက်ခြင်း ဖြစ်သည်။အပတ်စဥ် (၃) ကျောင်းသားများ ရောက်လာချိန်တွင် ကျောင်း၏ စနစ်လည်ပတ်မှုများမှာအတော်အသင့် နေသားကျနေပြီ ဖြစ်သည်။ ထိုကာလတွင် ကျောင်းတွင် ပြဿနာနှစ်ခုပေါ်ပေါက်ခဲ့သည်။
ပထမပြဿနာမှာ အပတ်စဥ် (၂) သင်တန်းသားများနှင့် သက်ဆိုင်သည်။ ၎င်းတို့ဖြစ်သော ပြဿနာမှာတပ်မတော်စစ်ကျောင်းကြီးများတွင် ကျင့်သုံး နေသော စီနီယာ-ဂျူနီယာ ဆက်ဆံရေးစနစ် ဖြစ်သည်။ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္တနှစ် စသဖြင့် အတန်းကြီးသူများက အတန်းငယ်သူများ အပေါ်တစ်သွေးတစ်သံတစ်မိန့်ဖြင့် ဆင့်ကဲအုပ်ချုပ်သည့်စနစ် ဖြစ်သည်။ ဂျူနီယာကျောင်းသားများ၏သွားလာလှုပ်ရှားမှု၊ စားမှု၊ နေမှု အစစအရာရာကို စီနီယာများက အချိန်ပြည့်နီးပါးလိုက်လံကြပ်မတ်နေပြီး လိုအပ်လျှင် လိုအပ် သလို အပြစ်ပေးပိုင်ခွင့်ရှိသည်။
ဂျူနီယာကျောင်းသားများက မနာခံဘဲ အာခံမှု လုပ်လာလျှင် အာဏာဖီဆန်မှုဖြင့် အရေးယူနိုင်သည်။အတန်းငယ်လျှင် ငယ်သလောက် တစ်ကိုယ်ရည်လွတ်လပ်မှု ဆုံးရှုံးသည့် စနစ်လည်း ဖြစ်သည်။အဆိုပါစနစ်သည် ကျောင်းသားအားလုံး နောက်ဆုံးနှစ်အထိ တူညီစွာ တက်ခွင့်ရသောစစ်တက္ကသိုလ်ကဲ့သို့ အခြားကျောင်းကြီးများတွင် ကျင့်သုံးရန် အဆင်ပြေသော်လည်း နှစ်နှစ်လျှင်တစ်ကြိမ် သင်တန်း ဆင်းပေးနေပြီး ရွေးချယ်ခံရသူများသာ တတိယနှစ်သို့ ဆက်တက်ခွင့်ရသောတပ်မတော် နည်းပညာကောလိပ် ကဲ့သို့သော ကျောင်းမျိုးတွင် အဆင်မပြေ ဖြစ်လာသည်။ (၅)နှစ်တက်ခွင့်ရရေးနှင့် အင်ဂျင်နီယာဘွဲ့(B.E.)ဘွဲ့မှာ ကျောင်းသားအားလုံး ၏မျှော်မှန်းချက်ဖြစ်သော်လည်း (၂) နှစ်လျှင်တစ်ကြိမ် ဆင်းမည့် (၄) ပုံ (၃) ပုံသောကျောင်းသားများထဲတွင် မိမိလည်း ပါသွားနိုင်သည်ဖြစ်ရာ (၂) နှစ် သင်တန်းတက်၍ AGTI ဖြင့်ဆင်းမည့်သူများအတွက် စီနီယာ-ဂျူနီယာ ဆက်ဆံရေးစနစ်ကို လက်ခံကျင့်သုံးရန်လိုအပ်ပါသေးသလားဆိုသည့် မေးခွန်းက အပတ်စဥ် (၂) ကျောင်းသားများကြားတွင်ဝင်လာတော့သည်။ ၎င်း အယူအဆအပေါ် အခြေခံ၍ ဂျူနီယာအချို့သည်လည်း သတ်မှတ်စည်းမျဥ်းအချို့ကို တမင်ချိုးဖောက်ပြကာ စီနီယာကျောင်းသားများအပေါ် အာခံမှုအချို့ လုပ်လာကြတော့သည်။သက်ဆိုင်ရာ လေ့ကျင့်ရေးအရာရှိ များကလည်း ၎င်းတို့ပုံသွင်းလိုသော စီနီယာ-ဂျူနီယာဆက်ဆံရေးပုံစံကို အတင်းသွတ်သွင်း ကာ အာခံမှုများကို ပြင်းပြင်းထန်ထန် အပြစ်ပေးကြသည်။ ၎င်းပြဿနာနှင့် ပတ်သက်၍ မှတ်မှတ်ရ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။
ထိုစဥ်က ဒုတိယနှစ်ပြီးခါနီး အပတ်စဥ် (၂) ကျောင်းသားများသည် ကျောင်းဆင်းတော့မည့်တိုင်အထက်တွင် အပတ်စဥ် (၁) သင်တန်းသားများ ရှိနေသည့်အတွက် စီနီယာအခွင့်အရေး အပြည့်အဝမရကြပေ။ အပတ်စဥ် (၁) ကျောင်းသားကြီးများသည် တိုက်ပုံဝတ်သည့်အခါ စီနီယာအခွင့်အရေးအရတိုက်ပုံအနက်ဝတ်ခွင့်ရှိသလို ကြယ်သီးကိုလည်း မတပ်ဘဲ ဝတ်ခွင့်ရှိသည်။ အပတ်စဥ် (၂) သင်တန်းသားများမှာ တိုက်ပုံအနက် ဝတ်ခွင့်မရသေးသလို ကြယ်သီးအကုန်ဖြုတ်၍ ဝတ်ခွင့်လည်းပိတ်ပင်ခံထားရဆဲ ဖြစ်သည်။ ကံမကောင်းလျှင် ဒုတိယနှစ်ဖြင့် ဆင်းရမည်ဖြစ်ရာ နောက်ဆုံးအနေနှင့်စီနီယာအခွင့်အရေးကို ရအောင် ယူမည်ဟု ပိုင်းဖြတ်၍ ကျောင်းသား အများစုက တိုက်ပုံအနက်များဝယ်ကာ ကြယ်သီးမတပ်ဘဲ ဝတ်ကြသည်။ သို့သော် စီနီယာအချို့နှင့် လေ့ကျင့်ရေးအရာရှိများကအမိန့်ထုတ်၍ ပိတ်ပင် လာကြရာ အပတ်စဥ် (၂) သင်တန်းသားများက ထိုကိစ္စအပေါ် မကျေနပ်၍တစ်ပတ်စဥ်လုံး ညှိကာ ပင်နီတိုက်ပုံဆင်တူ တစ်ပြိုင်နက်တည်းဝတ်၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
ထိုအကြောင်းကို ကျောင်းအာဏာပိုင်များသိရှိသွားပြီး တာဝန်ရှိသော အရာရှိအချို့ကို အရေးယူကာအပတ်စဥ် (၂) သင်တန်းသားများ လိုချင်သော တိုက်ပုံအနက်ဝတ်ခွင့်၊ ကြယ်သီးဖြုတ်ဝတ်ခွင့်တို့ကိုခွင့်ပြုပေးခဲ့ ရသည်။ တကယ်တမ်း ထိုပြဿနာသည် ကျောင်းသားများ၏ စိတ်ဓာတ်ကျမှု ကြောင့်ပေါ်ပေါက်လာခြင်းဖြစ်ပြီး အဓိကတရားခံမှာ စီနီယာ-ဂျူနီယာစနစ် မဟုတ်ဘဲ ကျောင်း၏ စနစ်ရှေ့နောက်မညီညွတ်မှု၊ ကျောင်းသားများအပေါ် တပ်မတော်အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမှုတို့ကြောင့်ဖြစ်ရသည် ဆိုသည် ကို မည်သည့်အရာရှိမှ မတွေးမိခဲ့ကြချေ။
ဒုတိယပြဿနာမှာ အပတ်စဥ် (၃) သင်တန်းသားများနှင့်ဖြစ်သော ပြဿနာဖြစ်သည်။တပ်မတော်နည်းပညာ ကောလိပ်သင်တန်းအပတ်စဥ် (၃) ခေါ်ယူသည့်အခါ ယခင်နှစ်များနှင့်မတူပိုမိုထူးခြားစွာ ကျောင်းလက်ကမ်း စာစောင်များကို သင်တန်းသားလောင်းလူငယ်များကြား ဝေငှခဲ့သည်။အဆိုပါ စာစောင်က တပ်မတော်နည်းပညာ ကောလိပ်တွင် အောက်ပါအင်ဂျင်နီယာ ဘာသာရပ်များသင်ကြားပေးမည်ဟု ကြေညာ ထားသည်။
မြို့ပြအင်ဂျင်နီယာ (Civil Engineering)
အီလက်ထရောနစ်အင်ဂျင်နီယာ (Electronic Engineering)
လျှပ်စစ်အင်ဂျင်နီယာ (Electrical Power Engineering)
စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
(၁) စက်မှုစွမ်းအား (Mechanical Power)
(၂) စက်မှုပုံစံပြု (Machine Tools and Design)
ဓာတုအင်ဂျင်နီယာ (Chemical Engineering)
ဗိသုကာအင်ဂျင်နီယာ (Architectural Engineering)
စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ (Mechatronic Engineering)
လေကြောင်းနှင့်အာကာသအင်ဂျင်နီယာ (Aeronautical and Aerospace Engineering)
နျူကလီးယားနည်းပညာ (Nuclear Engineering)
သုတနည်းပညာအင်ဂျင်နီယာ (Information Technology)
ဇီဝသိပ္ပံ (Biotechnology)
ကွန်ပျူတာအင်ဂျင်နီယာ (Computer Engineering)
စက်မှုလုပ်ငန်းအင်ဂျင်နီယာ (Industrial Management)
သတ္ထုဗေဒအင်ဂျင်နီယာ (Metallurgical Engineering)
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအင်ဂျင်နီယာ (Defense Industrial Engineering)
ရေကြောင်းအင်ဂျင်နီယာ (Marine Engineering)
တရားဝင်ကြေညာစာတွင် အထက်ပါမေဂျာ (၁၆) ခုကို သင်ကြားပေးမည် ဆိုထားသော်လည်းတကယ်တမ်း ကျောင်းသို့ရောက်၍ ကျောင်းသားများ မေဂျာရွေးရသည့်အခါအီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ စက်မှုစွမ်းအားအင်ဂျင်နီယာ၊ စက်မှုပုံစံပြုအင်ဂျင်နီယာ၊ စက်မှု အီလက်ထရောနစ်အင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာဟူ၍ မေဂျာ (၆) ခုထဲမှသာ ရွေးချယ်ခွင့်ရကြသည်။ အပတ်စဥ် (၂) တုန်းကကဲ့သို့ မြို့ပြ အင်ဂျင်နီယာပင် မပါတော့ပေ။ထိုကဲ့သို့ အပြောတခြား၊ အလုပ်တခြား ဖြစ်ခဲ့သည့် အပေါ်တွင်လည်း အပတ်စဥ် (၃)ကျောင်းသားများက များစွာ မကျေမနပ် ဖြစ်ခဲ့ကြသည်။
ဆက်လက်ဖော်ပြပါမည်။