နမ္မတူမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ် နေအိမ် ၈၀ ကျော်ပျက်စီး
******
သံလွင်ခက်
မေ ၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် လေဆင် နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈၀ ကျော် ပျက်စီးခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်တွင် မိုး ရွာသွန်းပြီး လေဆင်နှမောင်း ၁၅ မိနစ်ကြာ တိုက်ခတ်မှုကြောင့် နမ္မတူရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းကြီး ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများ စုစုပေါင်း ၈၀ ကျော် ပျက်စီးခဲ့သည်ဟု သတ္တုတွင်းရပ်ကွက်တွင် နေထိုင်သူ ၁ ဦးက ဆိုသည်။
“အများဆုံးပျက်စီးတာက ပန်ဟိုက်ရပ်ကွက်နဲ့ သတ္တု တွင်းရပ်ကွက်မှာပေါ့၊ အိမ်ခေါင်မိုးလှန်၊ သစ်ပင်တွေကျိုးတာရှိတယ်။ များများပျက်တာနဲ့ နည်းနည်းပျက်တာ အာလုံး ၈၀ လောက်ရှိမယ်။ လူထိခိုက်တာတော့မရှိဘူး” ဟု ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ ပန်ဟိုက်ဘက်ခြမ်း ရပ်ကွက်-၂/၃/၄/၉/၁၀ နှင့် သတ္တုတွင်းဘက်ခြမ်း ရပ်ကွက်- ၅ /၆/၇ တို့ အများဆုံးပျက်စီးခဲ့ပြီး ကျန်ရပ် ကွက်တွင်လည်း အနည်းငယ်ပျက်စီးမှုများ ရှိခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ရပ်ကွက်ရှိ ပျက်စီးသွားသည့် နေအိမ်များကို နမ္မတူမြို့ PSLF/TNLA က ကူညီဆောင်ရွက်ပေးနေသည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင်လည်း မိုးရွာသွန်းပြီး လေ ပြင်းတိုက်ခတ်မှုကြောင့် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာတွင် နေအိမ် ၂၀ ကျော်ပျက်စီးခဲ့သည်။
Photo – PSLF/TNLA
****
Telegram – > https://t.me/ThanLwinKhetNews/4514
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9742