ဝိုင်းမော်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
*****
ထွယ်
မေ ၄၊ ၂၀၂၄။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA တပ်မဟာ ၅၊ တပ်ရင်း ၃ နယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် KIA ပူး ပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားနေသည်ဟု တိုက်ပွဲဖြစ်ပွားနေ သည့် အနီးဝန်းကျင်ကျေးရွာရှိ ဒေသခံများထံက သိရသည်။
ကဂမ်တောင် – Kagam Bum အနီးတွင် ယနေ့နံနက်အစောပိုင်းကတည်းက သေနတ်သံများကြားနေရသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “ဒီမနက်အစောကြီးကတည်းက အသံတွေကြားနေရပြီ။ အခုလည်း ကြားနေရတယ်။ အခြေအနေတော့ မသိရဘူး။ အသံပဲ ကြားနေရတာ” ဟု ပြောသည်။
မြစ်ကြီးနား – ဗန်းမော်ကားလမ်းမကြီးဘေး ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာအုပ်စုတွင်ပါဝင်သည့် KIA တပ်ရင်း ၃ ဒေသဖြစ်သော ဆမားတောင် – Sama Bum၊ ကဂမ်တောင် – Kagam Bum ၊ အင်ခရမ်တောင် – Nhkram Bum ၊ ဂိဒေါင်တောင် – Gidon Bum တို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်း တပ်တို့ကြား စစ်ရေးတင်းမာနေခြင်းဖြစ်သည်။
ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းဌာန တစ်ခုဖြစ်သည့် The Kachin Net တွင် ဖော်ပြ ထားသည်။
ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့သော ဂိဒေါင်တောင် – Gidon Bum သည် ကချင်ပြည်နယ်တွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၁၆ ခုနှစ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၄ လကြာ တိုက်ခိုက်ခဲ့ပြီး တပ်စွဲခဲ့သည့် တပ် စခန်းဖြစ်သည်။
ထို့ပြင် ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တိုက်ပွဲအနီးဝန်းကျင်ကျေးရွာရှိ ဒေသခံပြည်သူများ တိုက်ပွဲ တိမ်းရှောင်နေရသည်ဟုလည်း သိရသည်။
ယခုနှစ် မတ်လ ၇ ရက်ကတည်းက ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့ဝင် များက တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ မြို့များနှင့် တပ်စခန်း ၇၀ ကျော် တိုက်ခိုက် သိမ်းပိုက်ထားပြီ ဖြစ်သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4515
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9746