• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်
  • စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်
  • မွန်လက်နက်ကိုင်နှစ်ဖွဲ့ မဟာမိတ်ဖွဲ့၊ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ထုတ်မည်
  • မောင်တောနယ်စပ် လူပြတ်သည့်နေရာများသို့ တစ်ဦးတည်း သွားလာခြင်းမပြုရန် AA သတိပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၁
ဆောင်းပါး

သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၁

thanlwinkhetBy thanlwinkhetMay 3, 2024No Comments6 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှုတစ်ခု – အပိုင်း ၁
*******

ဇေယျာဦး
မေ ၃၊ ၂၀၂၄

(IJBS – လွတ်လပ်သော မြန်မာ့သုတေသနတွင်ဖော်ပြထားသော ယခုဆောင်းပါးကို စာတမ်းရှင် ဇေယျာဦး ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်)

စာတမ်းအကျဥ်း

ဤဆောင်းပါးမှာ ထူးခြားသော စိတ်ဝင်စားဖွယ်ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) ကာလတွင် ပထမဆုံးနှင့် နောက်ဆုံး စစ်ကောလိပ်ကျောင်းဟုဆိုရမည့် တပ်မတော်နည်းပညာကောလိပ် (Military Technological College) ၌ဖြစ်ပျက်ခဲ့သောကျောင်းသားလှုပ်ရှားမှုအကြောင်း ကိုယ်တွေ့မှတ်တမ်းတင်ထားသည့် ဆောင်းပါးဖြစ်သည်။စစ်ကောလိပ်ကျောင်းတစ်ကျောင်း၌ ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုဖြစ်သဖြင့်အများပြည်သူတို့အနေဖြင့် သတင်းသဲ့သဲ့သာကြားခဲ့ရပြီး ထိုခေတ်က
အများပြည်သူလက်လှမ်းမီနိုင်ခဲ့သည့် သတင်း မီဒီယာများတွင်လည်း မဖော်ပြနိုင်ခဲ့ပေ။ဤဆောင်းပါးတွင် ယင်းကျောင်းသားလှုပ်ရှားမှု ဖြစ်စဥ်ကို အသေးစိတ် ဖော်ပြထားရာ ထိုစဥ်ကအသက်ငယ်ရွယ်သော စစ်ကောလိပ်ကျောင်းသားတစ်‌ဦး၏ စိတ်အခြေအနေကိုပါ မြင်တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ကျောင်းကို စီမံကွပ်ကဲခဲ့သော စစ်အရာရှိများ၏စီမံခန့်ခွဲမှုအလွဲအမှားများနှင့် အထက် အောက် တင်းကျပ်သောအမိန့်ဆိုသည်ထက် ထိုအရာရှိတို့၏ စိတ်အခြေအနေ အာဃာတများကိုပါ ထင်ဟပ်ပေါ် လွင်စေသည့် ဆောင်းပါး ဖြစ်သည်။

နိဒါန်း
****
မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများတွင် ကျောင်းသားတို့၏ ပါဝင်မှုသည် အမြဲတမ်းနီးပါးတက်ကြွသော အခန်း ကဏ္ဍမှ ရှိနေခဲ့သည်။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့် ကျင်ရာမှ ပေါ်ထွက်လာခဲ့သော ကျောင်းသားလှုပ်ရှားမှုသည် ပညာရေးနှင့် ပတ်သက်လျှင် တရား မျှတမှုမရှိပါက ဆန့်ကျင်တတ်ကြသည့် ကျောင်းသားထု၏အစဥ်အလာ တစ်ရပ်အဖြစ် နောင်မျိုးဆက် ကျောင်းသားတို့၏ ခံယူချက်ကို များစွာလွှမ်းမိုးခဲ့သည်။ ကျောင်းသားတို့သည် ပညာရေးနှင့်ဆက်နွယ်၍ ထိုကဲ့သို့ ဆန့်ကျင်မှုများပြုလုပ်ကြသည်ဆိုသော်လည်း ၎င်းတို့၏ လှုပ်ရှားမှုများသည် နောက်ဆုံးတွင် နိုင်ငံရေးနှင့်တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေတတ် ကြသည်။ အထူးသဖြင့် အာဏာရှင်အစိုးရတို့ကပြဋ္ဌာန်းထားသော စနစ်များ သည် တရားမျှတမှုကင်းမဲ့သည့်အလျောက်ကတိကဝတ်ချိုးဖောက်သည်များ လည်း ပါဝင်တတ်ကြသည်ဖြစ်ရာ ထိုအခြေအနေမျိုးကို ကျောင်းသားထုက အမြဲတမ်း ဆန့်ကျင်ခဲ့ကြသည်ချည်း ဖြစ်သည်။

ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများကို အကြောင်း အရင်း ဇာစ်မြစ်ရှာကြည့်မည်ဆိုလျှင် အဓိကအကြောင်းအရင်းနှစ်ခုကို တွေ့ရလေ့ ရှိသည်။ ပထမတစ်ခုမှာအာဏာရှင်အစိုးရတို့သည် ၎င်းတို့ အာဏာအတွက် အထောက်အကူဖြစ်စေမည့် စည်းမျဉ်းများ၊ဥပဒေများကို ပညာရေးတွင် သွတ်သွင်းလာလေ့ရှိခြင်းနှင့် ဒုတိယအချက်မှာ ကျောင်းသားနှင့်အစိုးရကြား ထားရှိသော ကတိကဝတ်တို့ကို အစိုးရတို့ဘက်မှ တစ်ဖက်သတ် ချိုးဖောက် ခြင်းတို့ဖြစ်သည်။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပညာရှင်များ၊တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးဦးဆောင် သူများက ပြုစုမှတ်တမ်းတင်ခဲ့ကြသည့်စာအုပ်စာတမ်းမျိုးစုံရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့ မှတ်တမ်းတင်ပြုစုခဲ့သော ကျောင်းသားလှုပ်ရှားမှုများသည် အရပ်ဘက် တက္ကသိုလ်ကောလိပ်များမှ ကျောင်းသားများကိုသာအဓိကမှတ်တမ်းတင်ခဲ့ ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းတွင် လူမသိသူမသိနှင့် သတင်းအမှောင်ချမှုအောက် တွင် ဖြိုခွင်းခံလိုက်ရပြီးနောက်ပိုင်းစာမျက်နှာများတွင်လည်း နေရာပေးခြင်း မခံခဲ့ရသော ထူးခြားသည့်ကျောင်းသားလှုပ်ရှားမှုတစ်ရပ် ရှိခဲ့ဖူးပါသည်။ ထို လှုပ်ရှားမှု၏ ထူးခြားချက်မှာ ပါဝင်ခဲ့ကြသောကျောင်းသားများသည် ပြင်ပ အရပ်ဘက်တက္ကသိုလ်ကောလိပ်များမှ မဟုတ်ဘဲ တပ်မတော်ကဦးစီးဖွင့်လှစ် တည်ထောင်ထားသည့် ကောလိပ်တစ်ခုမှ ကျောင်းသားများ ဖြစ်ကြသည်။ထိုထက်ပို၍ ထူးခြားသည်မှာ အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ကျောင်းသား တို့တောင်းဆိုခဲ့သော အချက် (၂) ချက်ထဲမှ တစ်ချက်ကို ထိုစဥ်က တပ်မတော်ခေါင်းဆောင်ပိုင်းများက လိုက်လျောပေးခဲ့ရခြင်းဖြစ် သည်။ အဆိုပါ ကောလိပ် သည်လှုပ်ရှားမှုပေါ်ပေါက်ပြီး နောက်ပိုင်းမှစ၍ တပ်မတော်တွင် အပြီးတိုင် ဖျက်သိမ်းလိုက်ရသည့်
တစ်ခုတည်းသော ကျောင်းလည်း ဖြစ်သည်။ ထိုစဥ်က အဆိုပါကျောင်းသားများ လှုပ်ရှားမှုကို ဖြေရှင်းရန် လာရောက်ခဲ့သော တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း၏ စကားကိုပြန်လည် ကိုးကားရလျှင် “မင်းတို့ ကျောင်းသားတွေရဲ့လုပ်ရပ်ဟာ မြန်မာ့တပ်မတော့် သမိုင်းမှာဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လုပ်ရပ်ပဲ။ နောက်နောင်လည်း ဘယ်တော့မှ ရှိမလာစေရဘူး။မင်းတို့စိတ်ဓာတ်တွေ ငါတို့တပ်မတော်ကို ဘယ်တော့မှ အကူးစက်မခံနိုင်ဘူး” ဟု အတည်အလင်းပြောဆိုခြင်းခံခဲ့ရသော လှုပ်ရှားမှုမျိုးလည်း ဖြစ်သည်။ ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်တပ်မတော်ခေါင်းဆောင်ပိုင်းကမှ လူသိရှင်ကြား တရားဝင်ထုတ်ဖော် ရှင်းလင်း ခဲ့ခြင်းမျိုး မရှိခဲ့ပေ။ထို့အပြင် တစ်ကျောင်းလုံးမှ ကျောင်းသားအားလုံးကို ကျောင်းထုတ်ပစ်ခြင်း၊ ဦးဆောင်မှုကဏ္ဍမှပါဝင်ခဲ့သော ကျောင်းသားများကို ထောင်ဒဏ်အသီးသီး ချမှတ်ခြင်းများ ပြုလုပ်ခဲ့ရုံသာမကထိုကျောင်း၏ ဖြစ်စဥ်သမိုင်းအမှန်ကို ဖုံးကွယ်ကာ မဟုတ်မမှန်သောသတင်းများသာပျံ့နှံ့စေခဲ့သည်။

ဤဆောင်းပါးတွင် တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့် ပတ်သက်၍ အပိုင်း (၄) ပိုင်းခွဲပြီးတင်ပြပါမည်။ ပထမပိုင်းသည် တပ်မတော်နည်းပညာ ကောလိပ် ဖြစ်ပွားပေါ်ပေါက်လာပုံ၊ဒုတိယပိုင်းသည် ကျောင်းသားများ အုံကြွ လှုပ်ရှားမှုမဖြစ်မီ တပ်မတော်နည်းပညာ ကောလိပ်တွင်ရှိနေခဲ့သော နောက်ခံ အခြေအနေ၊ တတိယပိုင်းသည် တပ်မတော်နည်းပညာကောလိပ် ကျောင်းသား
လှုပ်ရှားမှုဖြစ်ပွားပုံနှင့် နောက်ဆုံးပိုင်းသည် တပ်မတော်နည်းပညာကောလိပ် ဖြစ်စဥ်နှင့် ပတ်သက်၍သတင်းများပျံ့နှံ့ခဲ့ပုံနှင့် တပ်မတော်နည်းပညာ ကောလိပ် ကျောင်းသားတို့၏ အမှတ်အသားသရုပ်အကျပ်အတည်းတို့ ဖြစ်သည်။

တပ်မတော်နည်းပညာကောလိပ်ပေါ်ပေါက်လာပုံ
*****
မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်မှုဖြင့် တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သော ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှစ၍ စစ်အုပ်ချုပ်ရေးအောက်သို့ရောက်ရှိသွားခဲ့သည်မှာ ၂၀၁၀ အထွေအထွေ ရွေးကောက်ပွဲပြီးသည့်အချိန်ထိ နှစ်ပေါင်း (၄၈) နှစ်ကြာမြင့်ခဲ့သည်။ ထိုကာလ အတွင်း တပ်မတော်သည် မြန်မာ့လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်ရေးအလွှာတစ်ခုအဖြစ် အမြဲတမ်းရှိနေခဲ့သည်။ အရပ်ဘက်လူ့အဖွဲ့ အစည်းကို စစ်တပ်ပုံစံ ဖြင့်အုပ်ချုပ်ခဲ့သည်။ ထိုသို့ စစ်ပုံသွင်းသည့် ဖြစ်စဥ်သည် ဗိုလ်ချုပ်နေဝင်း လက်ထက် ကထက်ပို၍သိသာလာသည်မှာ ၁၉၉၀ အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် စစ်အစိုးရများလက်ထက်တွင်ဖြစ်သည်။ အရပ်ဘက်ဝန်ကြီးဌာနအများစုကို စစ်ဗိုလ်ချုပ်ကြီးများကတာဝန်ယူဦးဆောင်ကြသကဲ့သို့ အရပ်ဘက်ဝန်ကြီးဌာနအများစုရှိ ဗျူရိုကရေစီယန္တရားများ၏ထိပ်တန်းရာထူးများတွင်လည်း စစ်ဘက်မှ လာသော အရာရှိကြီးများကိုသာ ခန့်အပ်ခြင်းမှာထင်ရှားသော သာဓကဖြစ်သည်။ နိုင်ငံ၏ အထွေထွေ အုပ်ချုပ်ရေးတွင် သာမက ပညာရေး၊စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတို့တွင် လည်း တပ်မတော်က ချုပ်ကိုင်လာခဲ့သည်။ထိုသို့ ချုပ်ကိုင်မှုကို ပိုမိုခိုင်မာ တောင့်တင်းစေရန်အတွက် တပ်မတော်ကိုလည်း အဘက်ဘက်မှ

အင်အား ပြည့်စုံစေရန် တပ်မတော်ခေါင်းဆောင်များက စီမံဆောင်ရွက်လာခဲ့ကြသည်။ယခုတင်ပြမည့် တပ်မတော်နည်းပညာကောလိပ်သည်လည်း အဆိုပါ အင်အား တိုးချဲ့မှုဖြစ်စဥ်၏အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ခဲ့သည်။

၁၉၉၀ တွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့သောနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) လက်ထက်တွင် တပ်မတော်သည်မျိုးဆက်သစ် စစ်သည်များ လေ့ကျင့် မွေးထုတ်ရန် စစ်တက္ကသိုလ်တစ်ခုတည်း ဖွင့်လှစ်
သင်ကြားပေးရုံ မဟုတ် တော့ပဲ အခြားသော ဆရာဝန်၊ အင်ဂျင်နီယာ၊ သူနာပြု၊ဆေးဘက်ပညာသည် များကိုပါ တပ်မတော်က သီးခြားမွေးထုတ်ရန် စတင်ဆောင်ရွက်လာခဲ့သည်။ယခင်က တပ်မတော်တွင် အင်ဂျင်နီယာနှင့် ဆရာဝန်များကို အပြင်အရပ်ဘက် မှ ဆရာဝန်၊
အင်ဂျင်နီယာ ဘွဲ့ရပြီးလူငယ်များကို စုဆောင်းခေါ်ယူခဲ့ခြင်းများ ရှိခဲ့သော်လည်း ၁၉၈၈အရေးအခင်းအတွင်း တပ်မတော်၏ ဆောင်ရွက်ခဲ့မှုများ ကြောင့် နောက်ပိုင်းတွင် အရပ်ဘက်မှလူငယ်များကို ခေါ်ယူရန် အခက်အခဲရှိ လာသည်။ ထို့အပြင် ထိုအချိန်က အရပ်ဘက်တက္ကသိုလ်ကျောင်းသားများ အပေါ် စစ်အစိုးရဘက်က ယုံကြည်မှုမရှိသကဲ့သို့ တက္ကသိုလ်၊ ကောလိပ်အများစုမှာလည်း ပိတ်ထားခံခဲ့ရသည်။ တပ်မတော်ခေါင်းဆောင်များသည် အဆိုပါပညာရှင်များကိုအရပ်ဘက်က ခေါ်ယူရာတွင် အခက်အခဲများစွာ တွေ့လာရသည်က တစ်ကြောင်း၊မိမိကိုယ်ပိုင်အရင်းအမြစ် မွေးထုတ်ခြင်းဖြင့် စိတ်ချလက်ချရှိလိုခြင်းက တစ်ကြောင်း၊ထိုအကြောင်းတို့ကြောင့် မိမိကိုယ်ပိုင် ပညာရှင်များ မွေးထုတ်မည့် တက္ကသိုလ်၊ ကောလိပ် များကိုစတင်ဖွင့်လှစ်လာသည်။

ဤသို့ဖြင့် တပ်မတော်နည်းပညာတက္ကသိုလ်ကို ၁၉၉၄ ခုနှစ် တွင် လည်းကောင်း၊တပ်မတော်ဆေးတက္ကသိုလ် ကို ၁၉၉၃ ခုနှစ်တွင် လည်းကောင်း စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။၁၉၉၈ ခုနှစ်တွင် တပ်မတော်လျှပ်စစ် နှင့် စက်မှုအင်ဂျင်နီယာကျောင်း(အေဂျီတီအိုင်)ကိုဖွင့်လှစ်ပြီး 1  ၂၀၀၀ ခုနှစ်တွင် တပ်မတော်နည်းပညာကော လိပ်နှင့်တပ်မတော်သူနာပြုတက္ကသိုလ်တို့ကို စတင်ဖွင့်လှစ်ခဲ့သည်။ 2  ၎င်းတို့ ဖွင့်လှစ်ခဲ့သော စစ်ကျောင်းကြီးများထဲမှ တပ်မတော်နည်းပညာကောလိပ်သည် စစ်အစိုးရ၏ ကတိကဝတ်ချိုးဖောက်မှု ကိုပထမဆုံး ဆန့်ကျင်ခဲ့သည့် တစ်ခုတည်းသော တပ်မတော်ကျောင်းကြီး တစ်ကျောင်း ဖြစ်ခဲ့သည်။

တပ်မတော်နည်းပညာကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့စဥ်က တပ်မတော်၏ နည်းပညာကောလိပ်အမည်ဖြင့် မဟုတ်ဘဲ တပ်မတော်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်း (အေဂျီတီအိုင်)အမည်ဖြင့် စတင်ခဲ့ခြင်းဖြစ် သည်။ တပ်မတော်လျှစ်စစ်နှင့် စက်မှုအင်ဂျင်နီ ယာကျောင်းကို ၁၉၉၈ခုနှစ်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုစဥ်က နိုင်ငံပိုင်သတင်းစာတစ်ခုဖြစ်သော မြန်မာ့အလင်းသတင်းစာတွင် တပ်မတော် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်းတက်လိုသော ကျောင်းသားများကို ဤသို့ခေါ်ယူခဲ့သည်။

– ၁၀.၈.၁၉၉၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ကောက်နှုတ်ချက်။
တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းသင်တန်းခေါ်စာ။

ယင်းခေါ်စာဖြင့် တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်း အပတ်စဥ် (၁) ကို ၁၉၉၈ခုနှစ်၊ နိုဝင်ဘာ (၁၈) တွင် သင်တန်းသား (၄၀၇) ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ 3အဆိုပါခေါ်စာအရ သင်တန်းသားများသည် သင်တန်းကာလ (၂) နှစ်ပြီးဆုံးပါက အေဂျီတီအိုင်ဒီပလိုမာလက်မှတ် ရရှိမည် ဖြစ်ပြီး ထူးချွန်စွာ အောင်မြင်သူများသည် စက်မှုတက္ကသိုလ်တစ်ခုခုတွင်ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။ ၎င်းသည် တစ်နည်းအားဖြင့် တပ်မတော်အစိုးရနှင့်ကျောင်းသားတို့ကြား ရရှိခဲ့သော သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး အဆိုပါသဘောတူညီချက်ပဋိဉာဉ်ကို အခြေခံ၍ အစိုးရဘက်မှ ဖွင့်လှစ်သင်ကြားသကဲ့သို့ ကျောင်းသားများဘက်မှလည်းယုံကြည်စွာ တက်ရောက်ခဲ့ကြသည်။ သို့သော် သင်တန်းတက်ရောက်၍ (၁၆) လ အကြာတွင်အစိုးရဘက်မှ ကျောင်း၏ နာမည်နှင့် သတ်မှတ်ချက်များကို ပြောင်းလိုက်ကြတော့သည်။

ကျောင်းနာမည်ကို တပ်မတော်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်းမှတပ်မတော်နည်းပညာကောလိပ်အဖြစ်သို့ ပြောင်းလဲ လိုက်ပြီး သင်တန်းဆိုင်ရာသတ်မှတ်ချက်များကိုလည်း အောက်ပါ သင်တန်း ခေါ်စာအတိုင်း ပြောင်းလဲလိုက်သည်။4

တပ်မတော်နည်းပညာကောလိပ်သင်တန်းခေါ်စာ။

အထက်ပါခေါ်စာနှစ်ခုတွင် ကွဲလွဲချက်အနည်းငယ် ရှိသည်။ ပထမခေါ်စာအရ သင်တန်းကာလ (၂)နှစ်ပြီးဆုံးလျှင် အေဂျီတီအိုင် ဒီပလိုမာလက်မှတ် ပေးမည်ဖြစ်ပြီး ထူးချွန်စွာ အောင်မြင်သူများကိုစက်မှုတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နိုင်စေမည် ဖြစ်သည်။ ဒုတိယခေါ်စာတွင်မူသင်တန်းကာလ (၂) နှစ်ပြီးဆုံးပါက အေဂျီတီအိုင် ဒီပလိုမာလက်မှတ်ပေးအပ်ကာ ထူးချွန်စွာအောင်မြင်သူများအနေဖြင့် တတိယနှစ်နှင့် စတုတ္ထနှစ်ကို ယခုကျောင်းတွင်ပင် ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး စတုတ္ထနှစ်ပြီးဆုံးပါက နည်းပညာဘွဲ့ (B.Tech) ကို ပေးမည်။စတုတ္တနှစ်ကို ထူးချွန်စွာ အောင်မြင်လျှင် ပဉ္စမနှစ်ကို ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး B.Eဘွဲ့ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ နာမည်နှင့် စနစ်ကို ပြောင်းလဲရာတွင် ယခင်ခေါ်စာဖြင့်ကျောင်းတက်နေခဲ့ သော ကျောင်းသားများကို ခေါ်ယူဆွေးနွေးတိုင်ပင်ခြင်း အလျဉ်းမရှိခဲ့ပေ။ထို့အပြင် တပ်မတော်နည်းပညာကောလိပ် အပတ်စဥ်ကို ယခင်သင်တန်းမှစ၍ သတ်မှတ်မည်လား၊ကျောင်း နာမည်ပြောင်းပြီးမှ ခေါ်ယူမည့် သင်တန်းမှစ၍ သတ်မှတ်မည်လား ဆိုသည်မှာလည်းအငြင်းပွားစရာ ဖြစ်လာသည်။

ပထမခေါ်ယူထားသော ကျောင်းသားများသည် အသစ်ပြောင်းလိုက်သော ကောလိပ်တွင်မည်သို့ဆက်လက်ပါဝင်ရမည်ကို မသိရှိဘဲ ဖြစ်ခဲ့ရသည်။ ထို့ပြင် အသစ်ရောက်လာသောကျောင်းသားများနှင့် မူလကျောင်းသားဟောင်းများ ကြား ဆက်ဆံရေးကိုလည်းမည်သို့ထားရှိရမည်ကို ကျောင်းအာဏာပိုင်များ ကိုယ်တိုင် ထိုစဥ်က မရှင်းမလင်း ရှိခဲ့ပုံပေါ်သည်။

သို့ဖြင့် ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်နည်းပညာကောလိပ် အမည်ဖြင့် နောက်ထပ်သင်တန်းသား (၄၃၅) ဦးကို ဆက်လက်စုဆောင်း ခေါ်ယူခဲ့သည်။ ထိုစဥ်က အဆိုပါကျောင်းကိုက.က.လျှပ်ဟု‌ခေါ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူး ရုံးက စီမံကွပ်ကဲပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်လှ၏ လက်အောက်တွင် ထားရှိသည်။ တပ်မတော်နည်းပညာကောလိပ်အားအဆင့်ဆင့်ကွပ်ကဲပုံကို ကျောင်း၏ ကျောက်စာတိုင် ကမ္ပည်းမော်ကွန်း တွင်တော့
ဤသို့မှတ်တမ်းတင်ထားသည်။

တပ်မတော်နည်းပညာကောလိပ်ဖွင့်ပွဲကို ဒုတိယဗိုလ်ချုပ်ကြီး တင်လှ ကိုယ်တိုင် တက်ရောက်ကာနိုင်ငံပိုင်မီဒီယာ (မြဝတီ) ကိုခေါ်၍ ကျင်းပခဲ့သည်။ ဖွင့်ပွဲမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီးတင်လှကကျောင်းနာမည်ပြောင်းပြီးမှ ခေါ်ယူခဲ့သော သင်တန်းသားများကို ရည်ညွှန်းကာတပ်မတော်နည်းပညာ ကောလိပ် အပတ်စဥ် (၁) ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းကြေညာသွားသည်။ ထို့နောက် မီဒီယာနှင့် တွေ့ဆုံအင်တာဗျူး လုပ်ကြရာတွင်လည်း အသစ်ရောက်လာသော သင်တန်းသားများကိုသာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်စေခဲ့ သည်။

အဆိုပါလုပ်ရပ်က တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း အမည်ဖြင့်ပထမဆုံးခေါ်ယူခဲ့သော သင်တန်းသားများကို အမှတ်အသားသရုပ် အကျပ်အတည်း (identitycrisis) ကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့ကိုယ်သူတို့ မည်သည့်ကျောင်းသားများဖြစ်ကြောင်း သတ်မှတ်ဖို့အခက်အခဲဖြစ်လာသည်။ ဤသို့ဖြင့် ထိုကျောင်းသားများ၏ ရင်ထဲတွင် ပထမဆုံး ဆူးတစ်ချောင်း နစ်ဝင်လာခဲ့သည်။ အဆိုပါကိစ္စက ပထမအပတ်စဥ် ကျောင်းသားများကြားတွင်လှုပ်လှုပ်ရွရွဖြစ်လာကာ အသံများ ကျယ်လောင်လာသည်။ ထိုကျယ်လောင် လာမှုက ကျောင်း၏သက်ဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် တာဝန်ရှိ ဗိုလ်ချုပ်ကြီးများထံ ရောက်ရှိသွားရာ ထိုစဥ်က
ကကလျှပ်ဒါရိုက်တာ ဗိုလ်မှူးချုပ် အောင်လှိုင်ကိုယ်တိုင် မန္တလေးပြန်ရောက်နေခါမှ ပြင်ဦးလွင်သို့ပြန်လှည့်လာကာ ပထမအပတ်စဥ် ကျောင်းသားများကို ကျောင်း အစည်းအဝေးခန်းမထဲသို့ခေါ်ယူ၍ ရှင်းလင်းပြောဆိုပေးခဲ့ရသည်။ တရားဝင် ဖွင့်ပွဲမှာ မည်သို့ပင် ပြောဆိုခဲ့စေကာမူယခုအသစ်ရောက်လာသော ကျောင်းသားများသည် အပတ်စဥ် (၂) သာဖြစ်ကြောင်း၊ပထမကျောင်းသားများသည်တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်းသားအမည်ဖြင့် ခေါ်ယူခဲ့သည့်တိုင် တပ်မတော်နည်းပညာကောလိပ်၏ အပတ်စဥ် (၁)သင်တန်းသားများသာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ထို့နောက် အမှတ်စဥ် (၃) ကို ခေါ်ယူသည့်အခါ သင်တန်းသားလောင်း များအား ဖြန့်ဝေသောလက်ကမ်းစာစောင်တွင် တပ်မတော်နည်းပညာ ကောလိပ်သမိုင်းအကျဉ်းကို ဤသို့ရေးသားခဲ့သည်။

ဤနည်းဖြင့် မူလက တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းအမည်ဖြင့်ခေါ်ယူခဲ့သော သင်တန်းသားများမှာ ထပ်မံပြင်ဆင် ပြောင်းလဲလိုက်သောတပ်မတော်နည်းပညာကောလိပ်၏ အမှတ်စဥ်(၁) သင်တန်းသားများအဖြစ်သို့တရားဝင်ရောက်ရှိလာခဲ့သည်။

ကျောင်းသားများအုံကြွလှုပ်ရှားမှုမဖြစ်မီ တပ်မတော်နည်းပညာ ကောလိပ်တွင် ရှိနေခဲ့သောနောက်ခံအခြေအနေ တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ (အေဂျီတီအိုင် ဒီပလိုမာ) သင်တန်းစတင်ချိန်မှစ၍ရေတွက်မည်ဆိုလျှင်ပင် သက်တမ်းအားဖြင့် (၃) နှစ်ခွဲဝန်းကျင်သာ တည်ရှိခဲ့သောတပ်မတော်နည်းပညာကောလိပ်သည် ရှေ့နောက်မညီညွတ်မှု၊ ကတိကဝတ်ချိုးဖောက်မှုဖြင့်နိဒါန်းစပျိုးခဲ့ကြသည်။ ကျောင်းသားများနှင့် အစိုးရကြား မူလက သဘောတူထားခဲ့သောသတ်မှတ်ချက်တို့ကို ကျောင်းသားများ၏ ဆန္ဒမပါဘဲ အစိုးရသဘော တစ်ခု တည်းဖြင့်ပြင်ဆင်ပြောင်းလဲခြင်း၊ တစ်နည်းအားဖြင့်ဆိုသော် ပဋိဉာဉ်တစ်ခုကို အစိုးရဘက်ကချိုးဖောက်ခြင်းဖြင့် နိဒါန်းစခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စဖြစ်ပြီး နောက်ပိုင်းမှစ၍သင်တန်းအပတ်စဥ်နှစ်ခုကို ပေါင်းကာ တပ်မတော် နည်းပညာကောလိပ် အမည်အောက်တွင်စီနီယာ-ဂျူနီယာ ဆက်ဆံရေးပုံစံကို ကျောင်းအာဏာပိုင်များက စတင်အသက်သွင်းပေးလာခဲ့သည်။ အဆိုပါ ချိုးဖောက်မှုသည် နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့်ကျောင်းသား လှုပ်ရှားမှုအတွက် စတင်ရိုက်နှက်ပေး လိုက်သော ပန္နက်တစ်ခုပင် ဖြစ်သည်။

ထိုစဥ်က ကျောင်း၏ကံကြမ္မာကို ကြိုတင်နိမိတ်ပြနေသည့် လက္ခဏာ တစ်ခု မှတ်မှတ်ရရပေါ်ပေါက်ခဲ့သေးသည်။ တပ်မတော်နည်းပညာကောလိပ် ဖွင့်ပွဲအတွက် စစ်ရေးပြကွင်းတွင်တန်းပေါင်းစီ အလေးပြုပွဲကျင်းပစဥ် စစ်ရေး ပြကွင်းရှေ့ အလံတိုင်တွင် လွှင့်ထူထားသောနိုင်ငံတော်အလံကို အလေးပြုနေ စဥ်အတွင်း အလံမှာ သူ့အလိုလို အလံတိုင်မှ ပြုတ်ကျခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။ ထိုစဥ်က သင်တန်း နည်းပြဆရာကြီးများ၏ ပြောစကားအရ တပ်တွင် ထိုကဲ့သို့ဖွင့်ပွဲနေ့လိုမျိုး မင်္ဂလာယူသောနေ့တွင် အလံတိုင်မှ အလံပြုတ်ကျခြင်းမျိုး ဖြစ်ပွားပါကသက်ဆိုင်ရာတပ်တစ်တပ်လုံး အကြောင်းတစ်ခုမဟုတ် တစ်ခုဖြင့် ပြိုပျက်လေ့ရှိသည်ဟုအယူရှိကြောင်း သိခဲ့ရသည်။

ထိုသို့ တရားဝင်ဖွင့်ပွဲပြုလုပ်ပြီး နောက်ပိုင်းတွင် ကျောင်းကို တာဝန်ယူ ဖွင့်လှစ်ခဲ့သောစစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်လှသည် တပ်မတော် နည်းပညာကောလိပ်သို့အခါအားလျော်စွာ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။ ထိုသို့ လာရောက်ရာတွင်လည်း

ကျောင်းသားများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိသည်။ တစ်ကြိမ်တွင် ကျောင်းသို့ စစ်ထောက်ချုပ်လာရောက် မည်ဆို၍ ကျောင်းသားများနှင့် ကျောင်းအာဏာပိုင်များက အခမ်းအနားများပြင်ဆင်ကာ စောင့်နေကြစဥ် စစ်ထောက်ချုပ် မလာဖြစ်တော့ကြောင်း နောက် မှသိရသည်။အကြောင်းမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော် အတွင်း ပြဿနာအချို့ကြောင့်စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှ သည် ထိုစဥ်က နိုင်ငံတော်အတွင်းရေးမှူး-၃ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် နှင့် အတူ အနားပေးခံလိုက်ရသောကြောင့် ဖြစ်သည်။5

တပ်မတော်နည်းပညာကောလိပ်သည် ထိုစဥ်က နိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌလည်းဖြစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သူဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်ဖြင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှက
ဦးဆောင်တာဝန်ခံကာ ကကလျှပ်၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ဖွင့်လှစ်တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟုတပ်မတော်နည်းပညာကောလိပ် ကမ္ပည်းကျောက်စာတိုင်တွင် ရေးထိုးထား သည်။ ထိုစဥ်ကတပ်မတော်အတွင်း ပြဿနာအချို့ကြောင့် အဆိုပါ ထိပ်တန်း အရာရှိအချို့ကိုအနားပေးလိုက်ချိန်တွင် တပ်မတော်နည်းပညာကောလိပ်၏ တာဝန်ခံ စစ်ထောက်ချုပ်လည်းပါသွားခဲ့ရာ တပ်မတော်နည်းပညာကောလိပ် ကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၏တာဝန်ယူ ကွပ်ကဲမှုအောက်သို့ ပို့လိုက်ကြသည်။

နောက်ပိုင်း ဆက်လက်တာဝန်ယူသော အရာရှိကြီးများက ကောလိပ်၏ ဖြစ်စဥ်နှင့် သတ်မှတ်ချက်ကိုကောင်းစွာနားလည် ကျေညက်ခဲ့ဟန် မတူပေ။ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများလှုပ်ရှားမှုကို ဖြေရှင်းရန် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်းရောက်ရှိလာပြီး စတုတ္ထနှစ် ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးစဥ် ကျောင်းသားများကတပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာသင်တန်းကျောင်းခေါ်စာနှင့်တပ်မတော်နည်းပညာကောလိပ် ခေါ်စာတို့ကြား ကွာခြားသွားပုံ၊ အဆိုပါ ပြင်ဆင်ပြောင်းလဲမှုတွင်ကျောင်းသားများ၏ သဘောဆန္ဒ မပါဘဲ တစ်ဖက်သတ် ပြောင်းလဲခဲ့ပုံနှင့် ကျောင်းသားတို့နစ်နာသွားခဲ့ပုံတို့ကို ဆွေးနွေးရာတွင် ထိုအကြောင်းများကို သူ့အနေဖြင့် လုံးဝသိရှိထားခြင်းမရှိကြောင်း ဖွင့်ဟဝန်ခံပြောဆိုသွားခြင်းက အထက်ပါအချက်ကို သက်သေခံ နေပါသည်။

၂၀၀၀ ခုနှစ်တွင် (၁၀) တန်းအောင်စလူငယ်များကို စုဆောင်းရန်တပ်မတော်နည်းပညာကောလိပ်နှင့်အတူ တစ်ပြိုင်နက်တည်းတွင် ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့သောတပ်မတော်သင်တန်းကျောင်းကြီး တစ်ခုရှိသေးသည်။ ၎င်းမှာ ရန်ကုန်၊ မင်္ဂလာဒုံရှိတပ်မတော်သူနာပြုတက္ကသိုလ် ဖြစ်သည်။ ယခုအခါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ ထိုစဥ်က မြန်မာနိုင်ငံရှိ တက္ကသိုလ်အများစုမှာနိုင်ငံရေးစိုးရိမ်ချက်များကြောင့် အပိတ်ခံထားကြရပြီး တစ်ပြိုင်နက်တည်းတွင်တပ်မတော်ကျောင်းကြီးများကို တိုးချဲ့ ဖွင့်လှစ်လာကြရာ ၉၈-၉၉ ခုနှစ် (၁၀)တန်းအောင်လူငယ်များအနေဖြင့် နောက်ထပ် အဆင့်မြင့်ပညာရေးကိုဆက်လက်သင်ကြားရန်ရွေးစရာလမ်းမှာ တပ်မတော်ကျောင်းကြီးများ သာ ရှိနေသည်။ ဤသို့ဖြင့် ၂၀၀၀ ပြည့်နှစ်၊ဒီဇင်ဘာတွင်လည်း တပ်မတော် နည်းပညာကောလိပ်သို့ နောက်ထပ်သင်တန်းသား (၂၁၈၃) ဦးထပ်မံ ရောက်ရှိ လာသည်။ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီတွင် သင်တန်းသား (၁၀၀၀) ကျော် ထပ်မံစုဆောင်းခဲ့သည်။

တပ်မတော်နည်းပညာကောလိပ်နှင့်အတူ ထိုစဥ်က တပ်မတော်တွင် ရှိနေသောအဓိကစစ်ကျောင်းကြီးများအကြောင်းကို ဦးစွာတင်ပြလိုသည်။ တပ်မတော်တွင် သက်တမ်းအားဖြင့်အရှည်ကြာဆုံးနှင့် တပ်မတော်ထိပ်ပိုင်း အရာရှိများ မွေးထုတ်ရန်အတွက် အားကိုး အားထားအပြုဆုံးသော ကျောင်းမှာ စစ်တက္ကသိုလ် (Defense Service Academy) ဖြစ်ပြီး မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် တည်ရှိသည်။ ၎င်းကို ၁၉၅၅ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီးတက္ကသိုလ်ဝင်တန်းအောင်စ အသက် (၁၈) နှစ်နှင့် (၁၆) နှစ်ကြား လူငယ်များကို ခေါ်ယူခြင်းဖြစ်သည်။ ယခင်က (၄) နှစ် တက်ရသော်လည်း ၂၀၀၀ ခုနှစ်မှစ၍ (၃) နှစ်တက်ရသည်။အရပ်ဘက်တက္ကသိုလ်များကဲ့သို့ ဝိဇ္ဇာ နှင့် သိပ္ပံဘွဲ့များအပြင် ၂၀၀၀ ခုနှစ်မှစ၍ကွန်ပျူတာဘွဲ့ကိုလည်းပေးသည်။ ကျောင်းဆင်းလျှင် ဒုဗိုလ်အဆင့်ဖြင့် ပြန်တမ်းဝင်အရာရှိအဖြစ်ကြည်းရေလေ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်။

နောက်ထပ် ပြင်ဦးလွင်တွင် တည်ရှိသော ကျောင်းတစ်ကျောင်းမှာ တပ်မတော်နည်းပညာတက္ကသိုလ်(Defense ServiceTechnology Academy) ဖြစ်သည်။ ၎င်းကို ၁၉၉၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လူငယ်များကို ခေါ်ယူခြင်းဖြစ်သည်။ စုစုပေါင်း (၅) နှစ် တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ (B.E.) နှင့်အတူ ဗိုလ်အဆင့်(နှစ်ပွင့်) ခန့်အပ်ကာ တပ်မတော် ကြည်းရေလေ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်။

ထို့အပြင် ရန်ကုန်မင်္ဂလာဒုံတွင်လည်း တက္ကသိုလ်ဝင်တန်းအောင်စ လူငယ် များကိုတိုက်ရိုက်ခေါ်ယူသည့် အဓိကတပ်မတော်ကျောင်းကြီး နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ၁၉၉၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော တပ်မတော် ဆေးတက္ကသိုလ် (Defense Service MedicalAcademy) ဖြစ်ပြီး (၁၀) တန်း အောင်စ အသက် (၁၆) နှင့် (၁၈) နှစ်ကြား လူငယ်များကိုခေါ်ယူကာ စုစုပေါင်း (၆) နှစ်တက်ရောက်ရသည့် ကျောင်းဖြစ်သည်။ ကျောင်းဆင်းလျှင်ဗိုလ်အဆင့် တိုက်ရိုက်ခန့်အပ်ကာ တပ်မတော် ကြည်း၊ ရေ၊ လေ တွင် တာဝန်ထမ်းဆောင် ရသည်။

နောက်ထပ် ကျောင်းကြီးတစ်ခုမှာ ၂၀၀၀ ခုနှစ်တွင် တပ်မတော် နည်းပညာကောလိပ်နှင့်တစ်ပြိုင်နက်တည်း စတင်တည်ထောင်လိုက်သော တပ်မတော်သူနာပြုတက္ကသိုလ် ဖြစ်သည်။ ၎င်းကစုစုပေါင်း (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းဆင်းပါက သူနာပြုသိပ္ပံ (B.N.Sc) ဘွဲ့နှင့်အတူ ဒုအရာခံဗိုလ်အဆင့်ဖြင့် တပ်မတော်ဆေးတပ်ရင်းများတွင် တာဝန် ထမ်းဆောင်ရမည်ဟုသတ်မှတ်ထားသည်။ ယခုအခါ ၎င်းကို တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသည်တက္ကသိုလ် (Defense Service Institute of Nursing and Paramedical Science) အဖြစ် တိုးချဲ့ဖွင့်လှစ်ထားပြီးကျောင်းဆင်းလျှင်ရရှိမည့် တပ်မတော်ရာထူးကိုလည်း ယခင်ထက် တိုးမြှင့် သတ်မှတ်ထားပြီးဖြစ်သည်။

အဆိုပါကျောင်းများနှင့်အပြိုင် ဖွင့်လှစ်ထူထောင်လိုက်သော တပ်မတော် နည်းပညာကောလိပ်သည်အခြားကျောင်းများနှင့်မတူသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။ ပထမတစ်ခုမှာ မူလ တပ်မတော်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာသင်တန်းကျောင်းကို တပ်မတော် နည်းပညာကောလိပ်အဖြစ်ပြောင်းလဲဖွင့်လှစ်ရာတွင် အစိုးရဘက်မှ ပဋိဉာဉ်ချိုးဖောက်မှု ဖြစ်ပေါ်ခဲ့သည်။ ဒုတိယတစ်ခုမှာကျောင်းကို တာဝန်ခံသော စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်လှ အနားပေးခံလိုက်ရခြင်းဖြစ်သည်။ ထိုနည်းဖြင့် အစပျိုး ခဲ့သောတပ်မတော် နည်းပညာကောလိပ်သည် ၂၀၀၀ ခုနှစ်၊ဖေဖော်ဝါရီမှစ၍ သင်တန်း အပတ်စဥ် (၂) ခု၊ သင်တန်းသား (၈၄၂) ဦးဖြင့်ဆက်လက်လည်ပတ်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာဏာသိမ်းကာလ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့လုံခြုံရေး
Next Article တောင်စွန်းစခန်းကို ပူးပေါင်းတပ်သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

September 20, 2025

နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

September 20, 2025

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်

September 20, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.