တောင်စွန်းစခန်းကို ပူးပေါင်းတပ်သိမ်းပိုက်
*******
နန်းဆုပန်ခန့်
မေ ၃၊ ၂၀၂၄။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၆ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူရှိ တောင်စွန်းစခန်းကို ဗိုလ်အဲ့စေးဝါးဦးဆောင်သည့် Lion Battalion Commando ဗျူဟာ စစ်ကြောင်းကဦးဆောင်ပြီး ပူးပေါင်းတပ်များနှင့် ယနေ့နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းက ထုတ်ပြန်သည်။
ယနေ့ မေလ ၃ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ဝန်းကျင်အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
၎င်းက “ စစ်ကောင်စီအင်အားစာရင်းနဲ့ မြေပြင်သတင်းအချက်အလက်တွေကိုတော့အသေးစိတ် Data ကောက်နေ တုန်းပါပဲခင်ဗျ။ လက်နက်တွေသိမ်းဆည်းရမိတာမျိုးတော့ သတင်းမပို့လာသေးဘူး။ စခန်းသိမ်းပြီဆိုတာကိုပဲ အတည်ပြုလို့ရပါသေးတယ်“ ဟု ဆိုသည်။
တောင်စွန်းစခန်းသိမ်းတိုက်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာ နှစ်ဆန်း ၁ ရက်) နေ့က စတင်တိုက်ခိုက်ခဲ့ပြီး တောင် စွန်းစခန်းသို့လာသည့် စစ်ကူလမ်းကြောင်းနှင့် ရိက္ခာလမ်းကြောင်းများကို ပူးပေါင်းတပ်များက ပိတ်ဆို့ထားခဲ့သည်။
ထိုသို့ ပိတ်ဆို့တိုက်ခိုက်ချိန်ကစ၍ စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ် ၂၀၀ ကျော်လာရောက်ပစ်ခတ်ခဲ့ သည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
၎င်းက “လေယာဉ်လာပစ်တာ အကြိမ်ရေ ၂၀၀ ကျော်ပါ။ စဖြစ်တဲ့နေ့ထဲကပါ။ တိုက်ပွဲက နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇) ရက်ကနေစပြီး မေလ ၃ ရက်နေ့ထိ ၁၆ ရက်တိတိတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်“ ဟု ဆိုသည်။
အဆိုပါတောင်စွန်းစခန်းတွင် စစ်ကောင်စီအင်အား ၃၀ ကနေ ၅၀ ကြားရှိသည်ဟု မြေပြင်သတင်းရင်းမြစ်နှင့် နီးစပ် သူများက ပြောသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တောင်စွန်းစခန်းကို Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF နှင့် အခြား ပူးပေါင်းအဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။
ယခုနှစ် မတ်လ ၁၄ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲတစ်ခုဖြစ်သည့် ကျိုက်ဒုံမြို့နယ်ရှိ ကျိုက်ဒုံ ဗျူဟာ ကုန်းကို ပူးပေါင်းတပ်များသိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့သည့် ၂၀၂၃ ခုနစ် ဇန်နဝါရီလတွင် တောင်စွန်းစခန်းကို ပူးပေါင်းတပ်များက တိုက်ခိုက်သေးသည်။
ဓာတ်ပုံ – Lion Battalion Commandoဗျူဟာ စစ်ကြောင်း။
ပုံစာ – တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်များကိုတွေ့ရစဉ်။