မြဝတီစစ်ပွဲက နယ်စပ်ကုန်သွယ်ရေးအပေါ် အကြီးအကျယ်ထိခိုက်
*******
သံလွင်ခက်
ဧပြီ ၂၉၊ ၂၀၂၄။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် စစ်ကောင်စီတပ်များကြားဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်မှုတန်ဖိုး ၄၀ ရာခိုင်နှုန်းလျော့ကျသွားနိုင်သည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် – Federation of Thai Industries – FTI ကပြောသည်။
ထိုင်းနိုင်ငံ တာခ့်ခရိုင်၊ မဲဆောက်မြို့တစ်ဘက်ကမ်းတွင် မြဝတီမြို့တည်ရှိပြီး မြဝတီနယ်စပ်ဂိတ်ကတဆင့် လူကုန် သုံးပစ္စည်းနှင့် စွမ်းအင်ကဏ္ဍအတွက်ကုန် ပစ္စည်းများ အဓိကတင်သွင်းနေရသည်။
ယင်းအပြင် တာခ့်ခရိုင်နှင့် ရန်ကုန်မြို့ကိုဆက်သွယ်ပေးထားသော အာရှလမ်းမကြီးသည်လည်း မြဝတီမြို့ကိုဖြတ် သန်းဖောက်လုပ်ထားသေးသည်။
“ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးက ၁ နှစ်ကို ဘတ်ငွေ ၁၀၀ ဘီလီယံကျော်ရှိပါတယ်” ဟု FTI လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဆပ် ကော်မတီဥက္ကဋ္ဌ ဆူရီယွမ် တူချင်ဒါ ကဆိုသည်။
“ပဋိပက္ခတွေ ပိုရှည်ကြာလေလေ နယ်စပ်ကုန်သွယ်ရေး ပိုထိခိုက်လေလေပဲ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များကြား ထိပ်တိုက်ဆွေး နွေးခြင်းဖြင့် နယ်စပ်စီးပွားရေးအတွက် အဖြေရှာနိုင်ကြလိမ့်မည်ဟုမျှော်လင့်ကြောင်းလည်း သူကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကနေ ဖေဖော်ဝါရီအတွင်း ထိုင်းနိုင်ငံကထိပ်တန်းသွင်း ကုန် ၁၀ မျိုးအတွက် ထိုင်းဘတ်ငွေ ၂၇ ဒဿမ ၅ ဘီလီယံရှိပြီး ၀ ဒဿမ ၁၉ ရာခိုင်နှုန်းကျဆင်းသွားသည်ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
လောင်စာဆီတင်သွင်းမှုက ၀ ဒဿမ ၉၃ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း ဒီဇယ်ဆီတင်သွင်းမှုက ၁ ဒဿမ ၄၉ ရာခိုင်နှုန်းတိုးလာသည်ဟု သိရသည်။
အဖျော်ယမကာတင်သွင်းမှု ၅ ဒဿမ ၄၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ရော်ဘာတင်သွင်းမှု ၁၈ ဒဿမ ၃ ရာခိုင်နှုန်းရှိခဲ့သလို သကြားတင်သွင်းမှုက ၁၇ ဒဿမ ၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
အခြားသော လယ်ယာထွက်ကုန်ပစ္စည်းများတင်သွင်းမှုက ၄ ဒဿမ ၉၄ ရာခိုင် နှုန်းတိုးမြှင့်လာခဲ့ပြီး ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းမှုက ၁၈ ဒဿမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သလို အခြား စက်မှုထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုက ၁၇ ဒဿမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ထိုင်း – မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးဂိတ် ၅ ခုရှိသည့်အနက် မဲဆောက် – မြဝတီနယ်စပ်ဂိတ်ကတော့ အဓိကကုန်သွယ်ရေးစခန်းဖြစ်ပြီး အခြားသောနယ်စပ်ဂိတ်များမှာ ချင်းရိုင်ရှိ မယ်ဆိုင်နယ်စပ်ဂိတ်၊ ကန်ချနာ ပူရီ ရှိ ဖူနမ်ရွမ်နယ်စပ်ဂိတ်၊ ပရာကျွတ်ခီးရီခန်ရှိ ဆင်ခွန်နယ်စပ်ဂိတ်နှင့် ရနောင်းနယ်စပ်ဂိတ်တို့ဖြစ်ကြသည်။
FTI ကထုတ်ပြန်ထားသောအချက်အလက်များအရ ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံက ကုန်သွယ်မှုစုစု ပေါင်း၏ ၂၄ ရာခိုင်နှုန်းရှိနေပြီး မလေးရှားနိုင်ငံက ၃၁ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံက ၂၈ ရာခိုင်နှုန်းရှိနေသည်။ ကမ္ဘောဒီး ယားနှင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုးက ၁၇ ရာခိုင်နှုန်းဖြစ်သည်။
Ref: Bangkok Post
ဓာတ်ပုံ – သံလွင်ခက်