![]()
စစ်ကော်မရှင်က ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်ဟုဆိုကာ ၅၀၅-က ဖြင့် မတရား အကျဉ်းချထားသူ သုံးထောင်ကျော်နှင့် တရားစွဲဆိုခံထားရသူ ငါးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
၅၀၅- က ဖြင့် အကျဉ်းကျ နေသူ ၃၀၈၅ ဦး၊ ယင်း ဥပဒေပုဒ်မဖြင့်ပင် စစ်ဆေးကြားနာဆဲနှင့် တရားစွဲဆိုခံထားရသူ ၅၅၈၀ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လွတ်ငြိမ်းခွင့်ပေးသည့် အကျဉ်းကျသူ ခုနစ်ရာကျော်ကို နောက်ထပ်တစ်ကြိမ် ပြစ်မှူမကျူးလွန်ရန် သတိပေးထားပြီး ကျူးလွန်ပါက ယခုကျရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဟု ဆိုထားသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မတရား အကျဉ်းကျသူတွေ ပြန်လွှတ်လာတာ ကောင်းပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က ဒီပမာဏထက် များပြားတဲ့ ပြည်သူတွေကို မတရားထောင်သွင်းအကျဉ်းချထားဆဲဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်’’ ဟု တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်မှ ယခုနှစ် နိုဝင်ဘာ ၂၆ အထိ စစ်အုပ်စု၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၇၄၉၈ ဦးရှိပြီး မတရား ဖမ်းဆီးအကျဉ်းချခံရသူ သုံးသောင်းကျော်ရှိသည်ဟု AAPP ၏ စာရင်းများအရ သိရသည်။
ဖမ်းဆီးခံထားရသူ သုံးသောင်းကျော်အနက် ၂၂၇၀၈ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ယင်းထိန်းသိမ်းခံထားရသူများအနက်မှ ၁၁၄၂၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
