![]()
ရခိုင်ပြည်၊ ဂွပင်လယ်ပြင်တွင်ရှိသည့် ရေတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်လှမ်းပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများ မြင့်တက်နေပြီး တိမ်းရှောင်နေကြသူများလည်းရှိသည်ဟု သိရသည်။
ရေတပ်မှ ဂွမြို့အပြင် ကျိန္တလီမြို့များအား ရမ်းသမ်းပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်းတွင် ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”၂၂ ရက်နေ့၊ ၂၃ ရက်နေ့တွေမှာလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ခုနှစ်ကြိမ်လောက်အထိ ပစ်ခတ်ခဲ့တာရှိပါတယ်။ ကျိန္တလီဆိပ်ကမ်းအနီးက ချောင်းမကြီးထဲမှာ ကျပြီးတော့ ပေါက်ကွဲသွားတယ်” ဟု ပြောသည်။
ရေတပ်အပြင် လေကြောင်းမှလည်း ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်နေကြရပြီး စားဝတ်နေရေးအကျပ်အတည်များလည်း ရင်ဆိုင်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။ “ဒေသတွင်းမှာ ရှိတဲ့လူတွေက စိုးရိမ်မှုတွေနဲ့ ကြောက်လန့်ပြီးတော့ နေထိုင်နေကြရတာပေါ့။ တစ်ခုမှ သွားပြီးတော့ အလုပ်မလုပ်ရဲတော့ စားသောက်ရေးပိုင်းမှာ နဂိုကတည်းက အဆင်မပြေတဲ့ လူတွေက ပိုပြီးတော့ ခက်ခဲသွားတာတွေရှိတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်ကလည်း ကျိန္တလီမြို့အား ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သည့်အတွက် ခုနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
ယင်းနေ့တွင်ပင် နေ့လယ် ၁၂ နာရီခန့်အချိန် ဂွပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီ (ရေတပ်) မှ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဂွမြို့ကင်းရုံးရပ်ကွက်၊ ဒေသအခေါ် သာယာကုန်း(ခ) ဆိတ်ကမ်းအနီး ဂွချောင်းမကြီးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ပုံစာ – ကျိန္တလီရှိ ဗုံးကြဲ ခံရသည့် နေအိမ်တစ်လုံးအားတွေ့ရစဥ် (Photo- APM)
