![]()

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့သည်ဟု အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဗျူဟာ (၂၂)၊ အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၄) က ကြို့ပင်ကောက်မြို့အဝင်ရှိ စစ်တပ်၏ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် ကျော်ဇင်ထွန်း အပါအဝင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ငါးဦး နေရာတွင် သေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
၎င်းတို့ ကိုင်ဆောင်အသုံးပြုသည့် လက်နက်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့နေ့တွင်ပင် ပေါင်းတည်မြို့နယ်၊ ကျောက်ကြီးတောင် အထိုင်တပ်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ခန့် တင်ဆောင်လာသော ဖောကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံး ရှိမရှိ အခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်ကလည်း သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ KTV တစ်ခုတွင် သောက်စားမူးယစ်နေသည့် စစ်တပ်လက်အောက်ခံ ရဲနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို စီးနင်းတိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးခဲ့ပြီး လက်နက်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် သာယာဝတီခရိုင်အတွင်း၌ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအပါအဝင် စစ်တပ်ထောက်တိုင် ၁၂ ဦးကို တော်လှန်ရေးပြောက်ကျားတပ်များက တိုက်ခိုက်ခဲ့ဖူးသည်။ နိုဝင်ဘာလအတွင်း၌ စစ်တပ်အင်အားဖြည့်တင်းစဉ် ထပ်မံ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

#ပဲခူး #စစ်ကော်မရှင်စခန်း #ယာဉ်တန်းများတိုက်ခိုက်ခံရ#ThanLwinKhetNews
