![]()
ထိုင်းနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ဖြစ်ပွားနေသော ရေကြီးမှုများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီ၏ စားဝတ်နေရေး ထိခိုက်လျက်ရှိပြီး အလုပ်ရှင်များ သိမ်းဆည်းထားသည့် အထောက်အထား စာရွက်စာတမ်း ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု သိရသည်။
“ည ၁ နာရီကြီး ရေတက်လာလို့ ရုံးခန်းထဲ ရေဝင်တာ သွားဝိုင်းကူလုပ်မယ်ဆိုပြီး အစ်မတို့ အလုပ်သမားခေါင်းဆောင်က သွားတော့ ရေက ပေါင်လောက်ထိ ဝင်နေတယ်။ ငါတို့ စာအုပ်တွေ ရေစိုကုန်ပြီလို့ လှမ်းပြောတယ်” ဟု ထိုင်း-မလေးနယ်စပ် ဟတ်ရိုင်မြို့မှ ရေဘေးသင့် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ စက်ရုံမှာ ရော်ဘာအရည်ပေါင်းစက်ရုံတစ်ခုဖြစ်ပြီး အချို့ စက်ရုံများတွင် အလုပ်သမားများ၏ စာအုပ်များကို အလုပ်ရှင်က သိမ်းဆည်းထားခြင်းဖြစ်ပြီး ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် လုပ်သားများလက်ဝယ်၌ မရှိခြင်းက ဆုံးရှုံးမှု ဖြစ်စေခဲ့သည်ဟု အလုပ်သမားများက ဆိုကြသည်။
လက်ရှိတွင် စက်ရုံပိတ်ထားရပြီး စာရွက်စာတမ်း ပျက်စီးမှုအတွက် အလုပ်ရှင်ဘက်က မည်သို့ လုပ်ပေးမည်ကို မသိရသေးဟုလည်း အလုပ်သမားများက ဆိုသည်။
ဟတ်ရိုင်တွင် ရော်ဘာစိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ စည်သွပ်ဗူးစက်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၌ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ လုပ်ကိုင်နေထိုင်ကြသည်။ လက်ရှိရေဘေးဒဏ်ကိုလည်း ရွှေ့ပြောင်းအလုပ်သမား သိန်းချီ ခံနေရသည်ဟုလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တချို့က ခန့်မှန်းကြသည်။
ထိုင်းတောင်ပိုင်း၏ စီးပွားရေး အချက်အချာကျရာ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့ သည်လည်း လက်ရှိ ရေဘေးသင့်ဒေသများတွင် ပါဝင်နေသည်။ တောင်ကျရေများ စုဝေးရာ မြေနိမ့်ဒေသဖြစ်သည့်အပြင် ရော်ဘာ၊ ရေလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံများ ပေါများရာ ဒေသဖြစ်သောကြောင့် ထိုဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီမှာလည်း ရေဘေးဒဏ်ကို ခံစားနေရသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တချို့က ခန့်မှန်းကြသည်။
အထူးသဖြင့် ဥတဖောင်တူးမြောင်းရေလျှံမှုနှင့်အတူ အလုပ်သမားတန်းလျားများ ရေမြုပ်ခြင်း၊ စက်ရုံများ ပိတ်သိမ်းရခြင်းတို့ကြောင့် လုပ်သားများ၏ နေထိုင်စားသောက်ရေးနှင့် တရားဝင်နေထိုင်ခွင့် အထောက်အထားများ ပျက်စီးဆုံးရှုံးမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်ကလည်း “ရေစမြုပ်ကတည်းက တချို့စက်ရုံတွေမှာ သူတို့ရဲ့ အထောက်အထားလက်မှတ် (CI) တွေပါ ပျက်စီးဆုံးရှုံးသွားတာတွေ ကြားရတယ်။ တချို့ကျတော့လည်း ဘာမှ မယူနိုင်ဘဲ ထွက်ပြေးရတော့ စားဝတ်နေရေးကအစ အခက်အခဲရှိတာမျိုးတွေ ကြားထားပါတယ်” ဟု လက်ရှိ ဟတ်ရိုင်တွင် ကြုံနေရသည့် အခြေအနေကို ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ကျားဖြန့်ကိစ္စရပ်များကြောင့် နိုင်ငံခြားသားများအပေါ် စိစစ်မှုများ တင်းကျပ်နေချိန်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ရေဘေးကြောင့် အထောက်အထားမဲ့ ဖြစ်သွားခြင်းသည် မြန်မာလုပ်သားများအတွက် ဖမ်းဆီးခံရနိုင်ခြေနှင့် အလုပ် ဆုံးရှုံးရနိုင်ခြေပါ ရှိနေသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများက သုံးသပ်ကြသည်။
ဦးထူးချစ်က “ကျွန်တော်တို့အနေနဲ့ စိုးရိမ်တယ်။ ဒါကြောင့် ရေဘေးဒုက္ခသည် ရွှေ့ပြောင်းအလုပ်သမားတွေကို ယာယီအထောက်အထား တစ်ခုခုနဲ့ စနစ်တကျ အကာအကွယ်ပေးသင့်ပါတယ်။ မြန်မာအစိုးရရော အစိုးရလို့ ပြောတဲ့ လူတွေကို မေတ္တာရပ်ခံချင်တာကတော့ ဒီအလုပ်သမားတွေ တရားဝင်မှု လက်မှတ်ရအောင်တော့ အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်နဲ့ ဈေးနှုန်း မရှိဘဲနဲ့ အလကား အဲ့လိုမျိုး လုပ်ပေးနိုင်ဖို့တော့ နှစ်ဖက် အစိုးရတွေမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ထိုင်းနှင့် မြန်မာ နှစ်ဖက်တာဝန်ရှိသူများကို တိုက်တွန်းထားသည်။
ထိုင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) ၏ ထုတ်ပြန်ချက်အရ ခရိုင်ပေါင်း ၂၁ ခုတွင် ဆက်လက်ဖြစ်ပွားနေသော ရေကြီးမှုကြောင့် လူဦးရေ ၂.၄ သန်းနီးပါး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၂၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
လက်ရှိ ဟတ်ရိုင်မြို့တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ရေစီးသန်မှုတို့ကြောင့် ကယ်ဆယ်ရေးလှေများပင် ဝင်ရောက်နိုင်ခြင်းမရှိသည်အထိ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ အခက်အခဲတွေ့နေရပြီး ရေလွှမ်းမိုးနေသော နေအိမ်၊ အဆောင်နှင့် ကွန်ဒိုတိုက်ခန်းများ၏ အပေါ်ထပ်နှင့် ခေါင်မိုးများပေါ်တွင် ပိတ်မိနေသူအများအပြားသည် အစားအသောက်၊ သောက်သုံးရေနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Photo – Thai PBS
#ထိုင်းတောင်ပိုင်းရေကြီးမှု #မြန်မာရွှေ့ပြောင်းအလုပ်သမား #အထောက်အထားဆုံးရှုံး #ThanLwinKhetNews
