![]()
ကရင်ပြည်နယ်ရှိ DKBA ထိန်းချုပ်ထားသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများရှိရာ ဇုန်အနီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ခံစစ်ပိုင်းဆိုင်ရာ အစီအမံများကို မြှင့်တင်ရန် အသင့်ပြင်ဆင်ထားသည်ဟု ထိုင်းဘုရင့်တပ်မတော်က ပြောဆိုလိုက်သည်။
ထိုင်းပိုင်နက်နှင့် တစ်ကီလိုမီတာခန့်သာ ကွာဝေးသည့်နေရာတွင် နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲသည် မဲဆောက်မြို့နယ်၊ မဲကိုကင်းရွာ တစ်ဖက်ကမ်းရှိ မြဝတီမြို့နယ်၊ မင်းလက်ပံရွာဝန်းကျင်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် စစ်ကော်မရှင်တပ်တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၆၀ မမ စိန်ပြောင်းဗုံးသီးတစ်လုံး ထိုင်းဘက်ခြမ်း မဲ့ကိုကင်းရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံးနှင့် ပစ်ကပ်ကားတစ်စီး ပျက်စီးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ယင်းဖြစ်ရပ်ကြောင့် ဒေသခံများ လန့်ဖျပ်ခဲ့ရသည်ဟုဆိုသည်။
ထိုဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂၀ မမ မီးခိုးဗုံးဖြင့် သတိပေးပစ်ခတ်ခဲ့သလို လုံခြုံရေးအဆင့်ကိုလည်း တိုးမြှင့်ခဲ့သည်။ ထို့အပြင် တိုက်ပွဲကြောင့် မြန်မာနိုင်ငံသား ၁၂၅ ဦး နယ်စပ်တစ်လျှောက်ရှိ ဘေးကင်းရာဇုန်များသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး ထိုင်းတာဝန်ရှိသူများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိသည်ဟု သိရသည်။
နိုဝင်ဘာ ၂၃ ရက်တွင် တတိယစစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး Worathep Boonya နှင့် Naresuan အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ် Maitree Chupricha တို့သည် မဲ့ကိုကင်းရွာသို့ သွားရောက်စစ်ဆေးခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်မှုနှင့် တုန်ခါမှုများကြောင့် အဆောက်အအုံ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း မြန်မာဘက်ခြမ်းမှ ကျည်ကျရောက်ပေါက်ကွဲမှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းအပေါ် ဒုတိယဗိုလ်ချုပ်ကြီး Worathep က စိုးရိမ်ပူပန်ကြောင်းလည်း ပြောခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။
သတင်းနှင့် ဓာတ်ပုံ- Bangkok Post
