![]()
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့အား စစ်ဆေးအရေးယူပေးရန် တိုင်ကြားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ NUG က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ တိုင်ကြားခံရသူများကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။
အရေးယူပေးရန် တိုင်ကြားခံရသူများအား နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ တာဝန်မှ ယာယီရပ်နားထားခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးချုပ်က နိုဝင်ဘာလ ၂၂ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခြင်းအမိန့် ထုတ်ပြန်ခဲ့သည်ဟု NUG က အတည်ပြုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တိုင်ကြားသူများ၊ တိုင်ကြားခံရသူများ၊ နှစ်ဖက်သက်သေများနှင့် စစ်ဆေးရန် လိုအပ်သည့် သက်သေများကို အမြန်ဆုံး ခေါ်ယူစစ်ဆေးမည်ဖြစ်ပြီး တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြရမည်ဟု တာဝန်ပေးအပ်ထားသည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးညီညီမင်း တို့ကို အဂတိလိုက်စားခြင်း၊ မလျော်ဩဇာသုံးစွဲခြင်း၊ ဝန်ကြီးချုပ်ရုံးကို မိသားစုလုပ်ငန်းသဖွယ် လည်ပတ်နေခြင်းတို့ကြောင့် နစ်နာသူများက NUG ယာယီသမ္မတထံ လိပ်မူ တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။
“သေးငယ်တဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တစ်ခုကို အရင်းပြုပြီး စနစ်တကျ စီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု” ဟု မကြည်ပြာက သူ့လူမှုကွန်ယက်တွင် ဖြစ်စဉ်နှင့်ပတ်သက်၍ တုံ့ပြန်မှတ်ချက်ပေးထားသည်။
