ဆင်ဘိုတပ်ရင်းကို KIA ပူးပေါင်းတပ် အပြီးတိုင်သိမ်းပိုက်
******
ထွယ်
ဧပြီ ၂၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်တွင်ရှိသည့် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်က ယမန်နေ့ညနေ ၆ နာရီခန့်တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု ရှေ့တန်းသတင်း ရင်းမြစ်များထံက သိရသည်။
လတ်တလောတွင် ဆင်ဘိုမြို့ကို ဖုန်းလိုင်းဆက်သွယ်မှုများ ဖြတ်တောက်ထားသည်ဟုလည်း ကာကွယ်ရေးတပ် ဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “စခန်းအပြီးသိမ်းလိုက်တာမှန်တယ်။ အဲ့ဘက်လိုင်းတွေဖြတ်ထားတော့ အခြေအနေအသေးစိတ်မသိရ သေးဘူး” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏မိသားစုများနှင့် ကလေးငယ်များလည်းရှိနေပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ပစ်ခတ်မှုအကြား ၎င်းတို့၏ အခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးဟု ၎င်းက ဆက်ပြောသည်။
ဆင်ဘိုမြို့တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၁၄၁ တပ်သည် ဆင်ဘိုမြို့၏ အနောက်ဘက်တွင်တည်ရှိပြီး မြို့၏ ၃ မိုင်ခန့်အကွာတွင်တည်ရှိသည်။ အဆိုပါတပ်ရင်းသည် တပ်တွင်း၌ပင် မြို့ ကဲ့သို့ဖြစ်နေပြီး လက်နက်ကြီးနှင့် စခန်းကုန်းကြီး ၄ ခုခန့်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။
ဆင်ဘိုမြို့ကို ယခုနှစ်ဖေဖော်ဝါရီလဒုတိယပတ်ကတည်းက KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေခြင်းဖြစ် ပြီး လက်ရှိမှာတော့ ဆင်ဘိုမြို့တွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအားလုံးကို သိမ်းပိုက်ထားနိုင် ပြီလည်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် ဆင်ဘိုမြို့အား အလုံးစုံလက်မလွတ်ရရေးအတွက် လေကြောင်းဖြင့် အပြင်း အထန်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံသေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။
ဆင်ဘိုမြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင်ပါဝင်သည့် မြို့တစ်မြို့ ဖြစ်ပြီး ယခင်က ကျေးရွာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံခဲ့ရသည်။
ဆင်ဘိုမြို့၏ အရှေ့ဘက်တွင် KIA ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့သို့ဆက်သွယ်ထားသည့် ကားလမ်းရှိပြီး ဆင်ဘိုမြို့၏အထက် မြောက်ဘက်ပိုင်းတွင်ရှိသည့် မြစ်ကြီးနားမြို့ကို ကားလမ်းဖြင့်လည်းကောင်း ဆင်ဘိုမြို့၏ တောင်ပိုင်း ဗန်းမော်မြို့နယ်ကို စက်လှေများ၊ ရှပ်ပြေးယာဉ်များဖြင့်လည်းကောင်းသွားလာနိုင်သည်။ ထို့ပြင် ဆင်ဘိုမြို့၏ အနောက်ဘက်တွင် မန္တလေး – မြစ်ကြီးနားဆက်သွယ်ထားသည့် မီးရထားလမ်းနှင့် ကားလမ်း များလည်းရှိသည်။
ဆင်ဘိုမြို့ ဒေသခံ ၂,၀၀၀ ခန့်သည် ဆင်ဘိုမြို့အရှေ့ဘက် ဝဲကြီးကျေးရွာနှင့် ဆင်ဘိုမြို့အထက်ပိုင်း တာဟိုးနား ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဆွန်ဒူကျေးရွာနှင့် မံဖွားကျေးရွာဘက်သို့ ယခုနှစ် ဖေဖော်ဝါရီလကတည်းက တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်။
ပုံစာ – ကချင်လွတ်လပ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း)
************
Telegram – > https://t.me/ThanLwinKhetNews/4472
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9645