ဘုန်းမောင်
ဧပြီ ၂၉၊ ၂၀၂၄။
(၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်ကစတင်ရေတွက်လျှင် စော်ဘွားများအာဏာစွန့်ခဲ့ရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၅ နှစ်ရှိခဲ့ပြီဖြစ်သည်။ စော်ဘွားအုပ်ချုပ်ရေးကွယ်ပျောက်ခဲ့သည်က နှစ်ပေါင်း ၆၅ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း အာဏာမစွန့်ခင်အချိန်တုန်းကမူ ၎င်းတို့သည် ဗဟိုအစိုးရနှင့်အပြိုင် အုပ်ချုပ်ရေးစနစ်တစ်ခု ထူထောင်နိုင်ခဲ့ကြသူများသာ ဖြစ်သည်။ မျက်မှောက်ခေတ်ကာလမျိုးတွင် စော်ဘွားအုပ်ချုပ်ရေးစနစ်မရှိတော့ပြီဖြစ်သော်လည်း စော်ဘွားများ၏ပုံရိပ်တို့က သက်ဆိုင်ရာဒေသခံများကြား အခိုးအငွေ့အဖြစ် ယှက်သန်းနေနိုင်ဆဲဖြစ်သည်ကို တွေ့ရပေလိမ့်မည်။
စော်ဘွားများသည် ၎င်းတို့အုပ်ချုပ်ခဲ့စဥ်က မိမိတို့နှင့်သက်ဆိုင်ရာနယ်မြေများကို ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်မှန်သော်လည်း စော်ဘွားများအုပ်ချုပ်ခဲ့ရာဒေသတွင်းရှိတိုင်းရင်းသားအများစုသည်လည်း ယင်းပဒေသရာဇ်စနစ်တွင်ပင် အလွယ်တကူနေသားကျနေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း စော်ဘွားများအာဏာစွန့်ပြီးနောက်ပိုင်းရောက်ရှိလာသော အုပ်ချုပ်ရေးစနစ်တွင် ၎င်းတို့ အလွယ်တကူအသားမကျနိုင်ခဲ့ခြင်းဖြစ်သည်။
ဦးနုအစိုးရထံက အာဏာလွှဲပြောင်းရယူထားသည့် အိမ်စောင့်အစိုးရလက် ထက်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ် နေဝင်း က စော်ဘွားများအားအာဏာစွန့်ခိုင်းခဲ့သော်လည်း ယင်းနေရာတွင်အစားထိုးမည့် သင့်တင့်လျောက်ပတ်သော အုပ် ချုပ်ရေးစနစ် ကြိုတင်ပြင်ဆင်ခဲ့သည်မျိုးမရှိခဲ့ပါ။
၁၉၆၂ ခုနှစ်နောက်ပိုင်းကာလများတွင်မူ စော်ဘွားများအား ရှေးရိုးဆန်သူ ပဒေသရာဇ်ဝါဒီများအဖြစ် စွပ်စွဲပြောဆိုရေးသားလာခဲ့ကြပါသည်။ သို့သော် စော်ဘွားများထဲတွင်လည်း ဒေသလူထုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သော သီပေါစော်ဘွား စဝ်ကြာဆိုင် လိုပုဂ္ဂိုလ်မျိုးရှိသလို ဆိုရှယ်ဒီမိုကရက်တစ်ပါတီထူထောင်ပြီး စော်ဘွားများအား ပြန်လည်ဝေဖန်ခဲ့သည့် ကျေးသီးစော်ဘွား စဝ်ရွှေမှုံလိုပုဂ္ဂိုလ်များလည်း ရှိခဲ့ကြပါ၏။ မြန်မာပြည်သူ များကြား အထူးရေပန်းစားခဲ့သူက မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဖြစ်ပြီး နိုင်ငံတကာတွင်ရေပန်းစားသည်က သီပေါစော်ဘွား စဝ်ကြာဆိုင် ဖြစ်သည်။
ယခုအရေးအသားအတွက် ကိုးကားစရာအချက်အလက်အချို့ကို ရှမ်းဘာသာကနေ မြန်မာဘာသာသို့ပြန်ဆိုပေးခဲ့သော ဘဒ္ဒန္တ အင်္ကုရ (စာရေးဆရာ ဥသျှောင်မှူး ) အား အလေးအမြတ် ဦးတင်အပ်ပါသည်)
*****
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်။
နွေဦးကာလဆိုသော်ငြား နှင်းမှုန်မှုန်များက ရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့ကို လွှမ်းခြုံလျက်ရှိနေသေးသည်။ ရနံ့မပြယ်သေးသော အေးစိမ့်စိမ့်ဆောင်း အရသာကြောင့် တောင်ကြီးမြို့သည် အိပ်မောကျလျက်ပင် ရှိသေး ၏။ အများသူငှာတို့အိပ်မောကျနေသော်လည်း ခရီးသွားစရာရှိနေသေးသဖြင့် သီပေါစော်ဘွားလေး စဝ်ကြာဆိုင် တစ်ယောက် ခပ်စောစောပင်အိပ်ရာထလိုက်သည်။
ယမန်နေ့ကတော့ လွှတ်တော်အစည်းအဝေးကို စော်ဘွားလေးတက်ရောက်ခဲ့သည်။ အစည်းအဝေးအပြီးမှာတော့ တောင်ကြီးတွင်နေထိုင်နေသည့် နာမကျန်းဖြစ်နေသော အစ်မတော်ဖြစ်သူကိုတွေ့ဆုံရန် လာရောက်ခဲ့သည်။ ယခုတော့ အစ်မတော်ဖြစ်သူနှင့်လည်း ဆုံတွေ့ပြီးပြီဆိုတော့ ကြင်ယာတော်နှင့် သမီးတော်တို့ရှိရာ သီပေါမြို့ဆီ ပြန်ရပေတော့မည်။
“အစ်ကိုကော” ဟု မရီးတော်ဖြစ်သူကိုမေးကြည့်လိုက်တော့ နံနက် ၄ နာရီလောက်ကပင် ရှမ်းအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတက်ရောက်ရန် နေအိမ်ကထွက်သွားပြီဟု သိလိုက်ရသည်။ သို့ဖြင့် မရီးတော်ဖြစ်သူပြင် ဆင်ပေးထားသော နံနက်ခင်းစားသောက်ဖွယ်ရာများစားသောက်ပြီးကာမှ လိုရာခရီးသို့ဆက်တော့မည်ဟု စော်ဘွားလေး တွေးလိုက်မိသည်။
ပထမဦးဆုံး တောင်ကြီးကနေ ဟဲဟိုးလေဆိပ်ကိုသွားမည်။ ထိုကမှတဆင့် လေယာဥ်ဖြင့် လားရှိုး။ လားရှိုးကနေ သီပေါ။
ခရီးစဥ်အကြောင်းတွေးမိပြန်တော့ စော်ဘွားလေးနှလုံးသားက နွေးထွေးလာသည်။ မနက်ခင်းကျေးငှက်များ၏ တီတီတျာတျာတွန်မြည်သံများအား ကြည် နူးဆွတ်ပျံ့ဖွယ်ကြားလိုက်ရ၏။ ဖွင့်ထားသောတံခါးတစ်ချပ်ဆီက တိုးဝှေ့ဝင်ရောက်လာသည့် အအေးဓာတ်မပြယ်သေးသော လေညှင်းကလေးတစ်ချက်က စော်ဘွားလေး၏ ခန္ဓာကိုယ်ကို ပွတ်တိုက်ဖြတ်ပြေးသွားလေသည်။ မကြာခင်မှာပဲ ကြင်ယာတော်နှင့် သမီးတော်များရှိရာဆီသို့ စော်ဘွားလေး ရောက်ရှိသွားပေတော့မည်။
စော်ဘွားလေးစိတ်တွင်းမှာတော့ လေးနက်စရာအကြောင်းအရာများကအပြည့်။ ရှမ်းပြည်သူများအရေး ဆောင်ရွက်ရပေဦးမည်။ စော်ဘွားလေးနှင့် ကြင်ယာတော်တို့ လတ်တလောတာဝန်ယူဆောင်ရွက်ထားသည့် အလုပ်ကိစ္စ များလည်း ရှိနေသေးသည်။
စော်ဘွားလေး ၏ Tai Mining Company အတွက် မှာယူတင်သွင်းထားသော စက်ပစ္စည်းကိရိယာများ မကြာခင်မှာပဲ သီပေါမြို့ဆီရောက်လာတော့မည်။ ဘော်ကြိုတွင်အကောင်အထည်ဖော်နေသော “ဆား” ထုတ်လုပ်ရေးလုပ်ငန်းကလည်း အလုပ်စဖို့ အဆင်သင့်ဖြစ်နေပြီ။ လွိုင်ကော်တွင်လည်း စော်ဘွားလေးစမ်းသပ်ထားသည့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းရှိသည်။ ၎င်းလုပ်ငန်းကိုလည်း ထပ်မံတိုးချဲ့ရပေဦးမည်။ စော်ဘွားလေးနှင့် ကြင်ယာတော်တို့သည် သီပေါနယ်သူနယ်သားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းအချို့ကို ကြီးကြပ်ဆောင်ရွက်လျက် ရှိနေပါသည်။
ထိုအရာများအားလုံးထက် ပို၍ အရေးကြီးသည်က ရှမ်းပြည်သူများ ပညာရေးနှင့်အလှမ်းမဝေးကြစေရန်ဖြစ်သည်။
ရှမ်းပြည်တွင် လူငယ်ပညာတတ်များစွာ ပေါ်ပေါက်လာဖို့က စော်ဘွားလေးတို့ ၏ အန္တိမရည်မှန်းချက်ဖြစ်၏။ ထို့ ကြောင့်လည်း ရှမ်းလူငယ်များအား နိုင်ငံခြားပညာတော်သင်စေလွှတ်ရန် သီပေါစော်ဘွားဖောင်ဒေးရှင်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါနိုင်ငံခြားပညာတော်သင်သွားရောက်ကြမည့်ကျောင်းသားများကိုလည်း စော်ဘွားလေး ရွေးချယ်ပေးရဦးမည်။
မကြာခင် ရှမ်းပြည်တွင် ပညာတတ်လူငယ်များ ထွန်းကားလာစရာအကြောင်းရှိနေပါသည်။ ထိုအခါမှာတော့ ရှမ်းပြည်ကြီးသည်လည်း ယခုထက်ပို၍ သာယာ ဝပြောနေပေလိမ့်မည်ဟု စော်ဘွားလေးမျှော်လင့်မိသည်။
ကြင်ယာတော်ဖြစ်သူကလည်း စာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ပြီး အင်္ဂလိပ်၊ မြန်မာနှင့် ရှမ်းဘာသာစကားများ သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် သီပေါနယ်တွင်းရှိ မိခင်နှင့် ကလေးသူငယ်များအတွက် ကူညီစောင့် ရှောက်ရေးအသင်းကြီးကိုလည်းထူထောင်ထားပြီး သီပေါနယ်သူနယ်သားများ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကြင်ယာတော်ဘက်က စွမ်းအားရှိသမျှလုပ်ကိုင်ပေးနေပါသည်။
စင်စစ်တော့ စော်ဘွားလေး၏ကြင်ယာတော်ဖြစ်သူသည် ရှမ်းတစ်ယောက်မဟုတ်သလို မြန်မာနိုင်ငံသားတစ်ယောက်လည်းမဟုတ်ဘဲ ဩစတြီးယားနိုင်ငံသူတစ်ယောက်သာဖြစ်သည်။ စော်ဘွားလေးနှင့် ကြင်ယာတော်တို့ ၂ ဦးစလုံးသည် အမေရိကန်ပြည်ထောင်စုရှိ ကော်လိုရာဒို သတ္တုတွင်းပညာသင်ကျောင်း၌ သတ္တုတွင်းတူးဖော်ရေး အင်ဂျင်နီယာပညာရပ်ကို ၁၉၄၉ ခုနှစ်ကနေ ၁၉၅၃ ခုနှစ်အထိ သင်ကြားခဲ့ကြသည်။
၁၉၅၃ ခုနှစ် မတ်လတွင်မူ သူတို့ ၂ ဦးသည် အမေရိကန်မှာပင်လက်ထပ်ခဲ့ကြသော်လည်း ကြင်ယာတော်ဖြစ်သူ အင်ဂီ အီဘာဟဒ် က စဝ်ကြာဆိုင် သည် စော်ဘွားတစ်ဦးဟူ၍မသိခဲ့ဘဲ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟူ၍သာ သိထားခဲ့သည်။ လက်ထပ်ပြီးမြန်မာနိုင်ငံပြန်ရောက်လာသောအခါတွင်မှ သူမလက်ထပ်ခဲ့သူက စော်ဘွားတစ်ဦးဖြစ်နေမှန်း သိခဲ့ရပါသည်။
၁၉၅၇ ခုနှစ် နိုဝင်ဘာလတွင်မူ အင်ဂီ အား သီပေါစော်ဘွား၏ မဟာဒေဝီအဖြစ် အစဥ်အလာအခမ်းအနားသဘင် နှင့် ချီးမြှင့်မြှောက်စားခဲ့ရာကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စကောစကရထားသည့်ရှမ်းစော်ဘွားများကြား ၎င်းတို့ ဇနီးမောင်နှံသည် အထူးလူသိများ ထင်ရှားကျော်ကြားလာခဲ့ပေတော့သည်။
အင်ဂီ သည် သီပေါစော်ဘွားလေး၏ မဟာဒေဝီဖြစ်နေသော်လည်း စဝ်နန်းသုစန္ဒီမှာ နိုင်ငံခြားသူတစ်ဦးဖြစ်နေသောကြောင့် သီပေါနယ်တဝိုက်ရှိဒေသခံများနှင့်တွေ့ဆုံရာတွင် သီပေါဒေသခံများ၏ သံသယများနှင့်ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူမနှင့် တစထက်တစရင်းနှီးကျွမ်းဝင်လာကြသောအခါမှာတော့ သူမ၏အတွင်းသဘောကို သီပေါဒေသခံများရိပ်စားနားလည်လာကြပြီး သူမကိုလည်း သီပေါဒေသတွင်းရှိတိုင်းရင်းသားများနှင့် တစ်သွေးတစ်သားတည်းရှိနေသူဟု ဒေသခံများဘက်က ခံစားလာခဲ့ကြသည်။ ထိုအချိန်ကစ၍ သူမအား ရှမ်းပြည်တစ်ခုလုံးရှိ ပြည်သူများက အထူးချစ်ခင်လေးစားလာခဲ့ကြပေတော့သည်။
ကြင်ယာတော်ဖြစ်သူနှင့် သီပေါဒေသခံများကြား ဆက်ဆံရေးကိုတွေးကြည့်မိတော့ စော်ဘွားလေးစဝ်ကြာဆိုင် ရင်ထဲ ချမ်းမြေ့ကြည်နူးရပါသည်။ စင်စစ်တော့လည်း သူတို့နှစ်ဦးစလုံးက ပြုပြင်ပြောင်းလဲရေးဝါဒီများဖြစ်ကြသည်။ သူတို့စိတ်တွင်းရှိနေသည်က သူတို့ဒေသ အေးချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာရန်သာဖြစ်သည်။
စဝ်ကြာဆိုင် သည် အမေရိကန်တွင် နှစ်ကာလအတန်ကြာနေထိုင်၍ ပညာသင်ကြားခဲ့စဥ်ကပင် ပဒေသရာဇ်အရိပ်ခိုနေရသော စော်ဘွားစော်ခံတို့၏ ထီးနန်းအရိုက်အရာများကို သဘောမကျ။ ခံတွင်းမတွေ့။ ထို့ကြောင့်လည်း သူ၏ ဇာတိချက်ကြွေ ကမ္ဘောဇဌာနေကိုပြန်ရောက်သည်နှင့်တပြိုင်နက် ချက်ချင်းဆိုသလို စတင်အကောင်အထည်ဖော်ခဲ့သည့် အခြေခံကျသောအပြောင်းအလဲမှာ စော်ဘွားများအဆက်ဆက်ပိုင်ဆိုင်လာခဲ့ကြသော လယ်မြေ၊ ခြံမြေဧက ပေါင်းများစွာအား အမှန်တကယ်ထွန်ယက်စိုက်ပျိုးနေကြသည့် တောင်သူလယ်သမားတို့အား အခမဲ့ဝေငှပေးလိုက် ခြင်းဖြစ်သည်။ ယင်းသည်ပင် ရှမ်းပြည်အတွင်း ဗွေဆော်ဦးပြုပြင်ပြောင်းလဲမှု ဖြစ်ခဲ့ပါသည်။
လယ်မြေ၊ ခြံမြေများဝေခြမ်းပေးခဲ့သလို လယ်ထွန်စက်နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများစွာဝယ်ယူလာပြီး တောင်သူလယ်သမားများအား အခမဲ့အသုံးပြုစေခဲ့သည်။ ယင်းအပြင် မြေရိုင်းများခုတ်ထွင်ရှင်းလင်းပြီး ကောက်ပဲသီးနှံအသစ်များ စမ်းသပ်စိုက်ပျိုးစေခဲ့သည့်အပြင် သဘာဝသယံဇာ တအရင်းအမြစ်များ ကြွယ်ဝစွာတည်ရှိနေသည့် သီပေါဒေသ၏ သတ္တရိုင်းသိုက်များကိုလည်း တူးဖော်စေခဲ့သည်။
ဖော်ပြပါလုပ်ငန်းများကရရှိလာသော အကျိုးအမြတ်များကိုတော့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ပြန်လည်ရင်းနှီးမြှုပ်နှံစေခဲ့ပါသည်။ ရှမ်းပြည်သူလူထုတစ်ရပ်လုံး စည်ပင်ဝပြောသာယာစေရန် ၎င်းတို့ဇနီးမောင်နှံနှစ်ဦးက စွမ်းစွမ်းတမံဖြင့် ရှေ့တန်းကတက်တက်ကြွကြွဆောင်ရွက်ခဲ့သောကြောင့်လည်း ဒေသခံလူထုက ၎င်းတို့အား ချစ်ခင်မြတ်နိုးခဲ့ကြသည်။
*****
လေပြေညှင်း၏ ပွေ့ဖက်ကျီစားမှုအောက်တွင် စော်ဘွားလေးစဝ်ကြာဆိုင်၏အတွေးများ မျောလွင့်လျက်ပင် ရှိနေပါသေး၏။
အမှန်တကယ်ဆိုရပါမူလည်း သီပေါဒေသနှင့် ရှမ်းပြည်သူများသည် သူ့စိတ်တွင်းအမြဲတည်ရှိခဲ့သော အကြောင်းအရာများသာဖြစ်ကြသည်။ ထို့ကြောင့်လည်း စော်ဘွားများအာဏာစွန့်ရပြီးနောက်တွင်သော်မျှ စော်ဘွားလေး စဝ်ကြာဆိုင် အပါအဝင် ခေတ်ပညာတတ်စော်ဘွားများသည် အမျိုးသားလွှတ် တော် (သို့မဟုတ်) အထက်လွှတ်တော်၏ ရှမ်းပြည်ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးအရကြိုးစားအားထုတ်လျက်ရှိကြသည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာချိန်မှာတော့ တောင်တန်းဒေသနေ တိုင်းရင်းသားလူနည်းစုများ၏ နိုင်ငံရေးအသိအမြင်မှာ ယခင်ကထက်ကျယ်ပြန့်လာသည်ဆိုသော်လည်း လူနည်းစုတို့၏ရည်မှန်းချက်က ပြည်မနှင့်တစ်ထပ်တည်းတော့မဟုတ်ခဲ့ပါ။
မြန်မာနိုင်ငံသည် ကိုလိုနီဘဝကလွတ်မြောက်ခဲ့သည်ဆိုသော်ငြား လွတ်လပ်ပြီးစမြန်မာနိုင်ငံ၏ အခြေအနေအရပ် ရပ်ကို ပြန်လည်သုံးသပ်ရလျှင် အလွန် အမင်းဆိုးရွားနေသည်ကိုသာ တွေ့ရပေလိမ့်မည်။ ဒုတိယကမ္ဘာစစ်ကြီးကြောင့် မြန်မာနိုင်ငံတစ်ခွင်တစ်ပြင်လုံးသည် အုတ်ကျိုးအုတ်ပဲ့များဖြင့် တစပြင်သုဿာန်ဖြစ်နေသလို နိုင်ငံရေးဆိုင်ရာ အခြေခံအဆောက်အအုံကြီးသည်လည်း ပျက် စီးခြင်းချောက်နက်ဆီ ချဥ်းကပ်နေခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသည့် ဦးနု၏ ပျော့စိစိဗဟိုအစိုးရလက်အောက်တွင် မြန်မာတစ်နိုင်ငံလုံးသည် ရောင်စုံသောင်းကျန်းမှုများကြောင့် စစ်တလင်းဖြစ် လာခဲ့ရသည်။ ရန်ကုန်အစိုးရဟုခေါ်ရလောက်အောင်ပင် ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်လောင်ခဲ့ပါ၏။
လွတ်လပ်ရေးရပြီးမရှေးမနှောင်းမှာပင် ရှမ်း – တရုတ်နယ်စပ်ဒေသတလျှောက်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကလည်း မီးလောင်ရာလေပင့်ဖြစ်ခဲ့သည့် အတွက် ရှမ်းပြည်သည် အလုံးစုံပျက်သုဥ်းခြင်းဆီ ဦးတည်ခဲ့ရပါတော့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကာလများကပင် အိမ်နီးချင်းနိုင်ငံဖြစ်သည့်တရုတ်နိုင်ငံတွင် တရုတ်ဖြူဟုခေါ်ဆိုသော ကူမင်တန်အစိုးရနှင့် အတိုက်အခံကွန်မြူနစ်ပါတီတို့ကြား ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့သည်။ မြန်မာနိုင်ငံလွတ် လပ်ရေးရပြီး မရှေးမနှောင်းကာလဖြစ်သည့် ၁၉၄၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ တရုတ်ကွန်မြူနစ်တို့က တရုတ်နိုင်ငံအနှံ့ အောင်ပွဲများဖော်ဆောင်လာနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက် တွင် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်း က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ကြောင်းကြေညာခဲ့သည်။
တရုတ်နိုင်ငံတွင် ကွန်မြူနစ်များအာဏာရလာသည့်အတွက် ကူမင်တန်ခေါင်း ဆောင် ချန်ကေရှိတ်အပါအဝင် တရုတ်ဖြူထိပ်တန်းခေါင်းဆောင်များ ထိုင်ဝမ် (ဖော်မိုဆာ)ကျွန်းကိုထွက်ပြေးခဲ့ကြသလို ယူနန်ပြည်နယ်တောင်ပိုင်းက ကူမင်တန်အချို့သည်လည်း ယူနန်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ရှမ်းပြည်နယ်ကို ကျူးကျော်ဝင်ရောက် လာခဲ့ကြသည်။ ထိုအချိန်ကစ၍ ရှမ်းပြည်နယ်တွင် ပြည်ပကူမင်တန်လက်နက်ကိုင်တပ်ဖွဲ့ပေါ်ပေါ်လာပြီး ပြည်ပလက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့တော့သည်။
ရှမ်းပြည်နယ်ကိုကျူးကျော်ဝင်ရောက်လာခဲ့သော ကူမင်တန်တရုတ်တပ်ဖွဲ့များသည် ၎င်းတို့အခိုင်အမာခြေကုပ်ယူထားသော ရှမ်းတောင်တန်းရှိတိုင်းရင်း သားများအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာခေတ်ဆိုးကြီး ယူဆောင်လာခဲ့ကြသူများလည်းဖြစ်ကြသည်။
မဖိတ်ခေါ်ဘဲရောက်လာခဲ့သော တရုတ်ဖြူကျူးကျော်သူများကိုတိုက်ထုတ်ရန်အတွက် မြန်မာတပ်မတော်သည် ရှမ်းပြည်ရှိဒေသများတွင် တပ်များဖြန့်ချခဲ့ရသည်။ အဆိုပါတပ်ဖြန့်ချထားမှုများက ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများနှင့် ရှမ်းခေါင်းဆောင်များအား စိတ်ညစ်ညူးစေခဲ့ပြန်ပါသည်။
အဆိုးရွားဆုံးအချက်က ကူမင်တန်များအားနှိမ်နင်းရန်ဆိုသောအကြောင်းပြချက်ဖြင့် တရုတ်ဖြူတပ်များလှုပ်ရှားမှုမရှိသည့် ရှမ်းပြည်တောင်ပိုင်းဒေသများကိုပါ တပ်မတော်၏ထိန်းချုပ်မှုအောက် သွတ်သွင်းလိုက်ခြင်းဖြစ်သည်။
မြန်မာ့သမိုင်းအတွက် အရေးပါသည့်အလှည့်အပြောင်းများဖြစ်ပွားနေချိန်သည် စော်ဘွားလေးနှင့် ကြင်ယာတော် တို့ မြန်မာနိုင်ငံပြန်ရောက်လာချိန်လည်းဖြစ်နေပါတော့သည်။
တရုတ်ဖြူကူမင်တန်တပ်များကိုမောင်းထုတ်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာ့တပ်မတော်သည် မဟာဗျူဟာကျသော ရှမ်းပြည်၏နယ်မြေအချို့တွင် တပ်ဖြန့်ချထားခဲ့သလို ရှမ်းပြည်တောင်ပိုင်းရှိနယ်မြေများကိုလည်း စစ်အုပ်ချုပ်ရေး ဖြင့် ၁၉၅၂ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်အထိအုပ်ချုပ်ခဲ့လေသည်။ ဗဟိုအစိုးရနှင့် မြန်မာစစ်တပ်၏ အဆိုပါအပြုအမူများက ရှမ်းပြည်ရှိတိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သလို မြန်မာ့သမိုင်းအရ ကြည့်မည်ဆိုလျှင်လည်း ဗမာနှင့် ရှမ်းတို့အကြား ပထမဆုံးထိတွေ့ဆက်ဆံမှုဖြစ်ပြီး ယင်းကပဲ တိုင်းရင်းသားများအတွက်တော့ ခါးသီးနာကျည်းစရာအဖြစ်အပျက်များသာ ဖြစ်ခဲ့ရပါသည်။
တောင်တန်းနေတိုင်းရင်းသားများဘက်ကကြည့်လျှင်တော့လည်း တရုတ်ဖြူကူမင်တန်ဖြစ်စေ၊ ဗမာစစ်တပ်ဖြစ်စေ နှစ်ခုစလုံးသည် ၎င်းတို့အတွက် နိုင်ငံခြား သားကျူးကျော်ဝင်ရောက်သူများသာဖြစ်ကြ၏။ ထို့ကြောင့်လည်း ရှမ်းဒေသတွင်းရှိတိုင်းရင်းသားတို့သည် ကျွဲနှစ်ကောင်ခတ်သည့်ကြားက မြေစာပင်ဘဝရောက်ရရှာတော့သည်။ ကူမင်တန်များ၏ကျူးကျော်မှုများက သီပေါဒေသကို ဆိုးဆိုးရွားရွားထိခိုက်မှုများ တိုက်ရိုက်မရှိခဲ့သော်လည်း အခြားသော ရှမ်းပြည်ရှိဒေသများ၏ တည်ငြိမ်အေးချမ်းမှုများကတော့ ပျက်စီးသွားခဲ့ရလေတော့ သည်။
ယင်းအပြင် အစပျိုးခါစရှိသေးသော ရှမ်းအမျိုးသားရေးလှုပ်ရှားမှုများကို မြန်မာအာဏာပိုင်များက စစ်တပ်နှင့် ထောက်လှမ်းရေးသုံးပြီး နှိမ်နင်းဖို့ကြိုး စားလာခဲ့သည်။ ထို့ကြောင့်လည်း ရှမ်းလူငယ်များသည် လက်နက်စွဲကိုင် တော ခိုရတော့မည့် အခြေအနေမျိုးဆီ ဆိုက်ရောက်ခဲ့ရသည်။ ရှမ်းပြောက်ကျားတပ်ဖွဲ့များသည် ၁၉၅၉ ခုနှစ်တွင် စစ်တပ်၏ရှေ့တန်းစခန်းများကိုတိုက်ခိုက်၍ လက် နက်ခဲယမ်းများစုဆောင်းလာကြသည့်အပြင် တန့်ယန်းမြို့ကိုပင်တိုက်ခိုက်နိုင်ခဲ့၍ ရက်အနည်းငယ်အကြာမျှ သိမ်းပိုက်နိုင်ခဲ့လေသည်။
၁၉၅၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက် တန့်ယန်းမြို့တိုက်ခိုက်မှုက ရှမ်းတိုင်းရင်းသားများ၏ ခုခံတော်လှန်ရေးလှုပ်ရှားမှု စတင်ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲအပြီး အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပြိုင်းအရိုင်းပေါ် ပေါက်လာခဲ့ပြီး ရှမ်းတိုင်းရင်းသားများဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ်သို့ တဖြည်းဖြည်းပေါင်း စည်းဆက်စပ်သွားခဲ့ကြပါသည်။ ယင်းသို့ပေါင်းစည်းမှုများတွင် နွံစစ်ဟန်၊ ရှမ်းပြည်လွတ်မြောက်ရေးတပ်မ တော် – SIA၊ ရှမ်းအမျိုးသားတပ်မတော်- SNA နှင့် ညီညွတ်သောရှမ်းအမျိုး သားများတပ်ဦး – SNFU တို့လည်း အပါအဝင်ဖြစ်သည်။
တန့်ယန်းတိုက်ပွဲမှာ ခုခံတော်လှန်မှုအဆင့်သစ်တစ်ဆင့်စတင်မှုအဖြစ်ထင်ရှားပြီး လက်နက်ကိုင်အဖွဲ့များကလည်း “တိုင်းရင်းသားရေးသည်သာ အမျိုးသားရေး”ဟူသော ရည်မှန်းချက်လမ်းကြောင်းများအတိုင်း လိုက်ပါဆောင်ရွက်ခဲ့ကြသည်။ ရှမ်းပြည်အနေဖြင့် ၁၉၅၉ ခုနှစ်မတိုင်မီကတည်းက အပြောင်းအလဲများစွာနှင့်ကြုံတွေ့ခဲ့ရပြီး ရှမ်း ပြည်ရှိတိုင်းရင်းသားများအပေါ် အပြင်းအထန်ရိုက် ခတ်မှုများရှိခဲ့ရာ ရှမ်းလူမျိုးများအကြားတွင်လည်း နစ်နာမှုများပေါ်ပေါက်လာခဲ့ပါသည်။ ရှမ်းတောင်တန်းဒေသနေပြည်သူများအတွက် အကြီးမားဆုံးသောနစ်နာမှုတစ်ခုမှာ ရှမ်းပြည်တွင် စစ်ဝါဒလွှမ်းမိုးမှုတိုးမြှင့်လာခြင်းဖြစ်ပြီး လက် နက်ကိုင်အဖွဲ့များသည်လည်း ရှမ်းပြည်နယ်ရှိ လူ့အဖွဲ့ အစည်းအသီးသီးအပေါ် လွှမ်းမိုးလာနိုင်ခဲ့ကြသည်။
နယ်စပ်ဒေသများ၌ ဆိုခဲ့သလိုအဖြစ်အပျက်များ ပေါ်ပေါက်နေချိန်မှာပဲ ရန်ကုန်မြို့တွင်လည်း ရှမ်းပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဖက်ဒရယ်ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲစေဖို့ ဥပဒေလမ်းကြောင်းအတိုင်း အခိုင်အမာ ဖြစ်လာအောင် စွမ်းစွမ်းတမံကြိုးစားလျက်ရှိနေခဲ့ပါသည်။
၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက် အိမ်စောင့်အစိုးရလက်ထက်တွင် တောင်ကြီးမြို့၌ စော်ဘွားများအာဏာစွန့်ပွဲ သို့မဟုတ် ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချလက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားကို သမ္မတမန်းဝင်းမောင်နှင့် အိမ် စောင့်အစိုးရဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်နေဝင်း တို့တက်ရောက်ခဲ့ကြသည်။ စော်ဘွားလေးစဝ်ကြာဆိုင်အပါအဝင် စော်ဘွား ၃၄ ဦးသည်လည်း ထိုအခမ်း အနားတွင်ပင် စော်ဘွားတို့၏အစီးအနင်းများ၊ အဆောင်အယောင်များကိုစွန့် လွှတ်ခဲ့ပြီး ရှမ်းဒေသရှိ ၃၃ ပြည်ထောင်အဖြစ်ပြန့်ကျဲနေသောနယ်ပယ်တို့ကိုစုစည်းကာ တစ်ခုတည်းသောရှမ်းပြည်နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။
အဆိုပါ ၃၃ ပြည်ထောင်သည် စော်ဘွားများကိုယ်ပိုင်စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်ရှိသော ပြည်ထောင်များ ဖြစ်ကြသည်။ စော်ဘွားများအာဏာစွန့်လွှတ်လိုက်ရပြီးနောက်တွင်မူ ရှမ်းပြည်ထောင်အတွင်းရှိ စော်ဘွားပိုင်နယ်များ၏ စီမံခန့်ခွဲ အုပ် ချုပ်မှုကိုလည်း ဗဟိုအစိုးရထံလွှဲပြောင်းပေးခဲ့ရပါသည်။ သို့ရာတွင် စော်ဘွားများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို အစားထိုးရန် ထိရောက်သော အထွေထွေအုပ်ချုပ်စီမံခန့်ခွဲမှုစနစ်တစ်ရပ် အောင်အောင်မြင်မြင် ပြန်လည်အစားထိုးနိုင်ခဲ့ခြင်းမရှိသည့်အတွက် ရှမ်းတောင်တန်းနေတိုင်းရင်းသားလူမျိုးစုများအတွက်နစ်နာမှုများ ပေါ်ပေါက်လာစေခဲ့သည်။
စော်ဘွားအများစုသည် ရှမ်းပြည်ထောင်များကဖြစ်ကြသော်လည်း အားလုံးကတော့ ရှမ်းလူမျိုးတွေချည်းပဲမဟုတ် ပါ။ ပလောင်(တအာင်း)၊ ပအိုဝ်း၊ ဓနု၊ ကရင်နီ(ကယား)၊ ကယန်း၊ ကိုးကန့်၊ ‘ဝ’ စသည့် တိုင်းရင်းသားလူမျိုးစုများ တွင်လည်း သက်ဆိုင်ရာလူမျိုးစုခေါင်းဆောင်စော်ဘွားများရှိကြပါသည်။ စော်ဘွားများအနက်တွင်လည်း စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စသည့် အုပ်ချုပ်သူအဆင့်ဆင့်ရှိသလို နယ်မြေပိုင်ဆိုင်မှုဆိုလျှင်လည်း ဧရိယာစတုရန်းမိုင် ၁၂,၀၀၀ ကျော်ကျယ်ဝန်းသည့် ကျိုင်းတုံ ကနေ စတုရန်းမိုင် ၁၀ ကျော်သာရှိသည့် မြေလတ်နယ်မြေများအထိ ကွာခြားမှုများ ရှိပြန်သေးသည်။
စော်ဘွားအုပ်ချုပ်ရေးကို ပြည်နယ်များတွင်သာရှိခဲ့သည်ဟု လူအများကထင်ခဲ့ကြပါသည်။ စင်စစ်တော့ စော်ဘွားအုပ်ချုပ်ရေးသည် ပြည်နယ်ကွက်ကွက်ကလေးတွင်ပဲ တည်ရှိသည်တော့လည်း မဟုတ်ပါ။ စစ်ကိုင်းတိုင်း ဇင်္ဂလိန်း ခန္တီးနယ်တွင်လည်း စော်ဘွားအုပ်ချုပ်ရေးသည် ၁၉၅၂ ခုနှစ်အထိရှိခဲ့ပြီး ချင်းတွင်းမြစ်ပေါ်ရှိ သောင်သွပ်တွင်လည်း စော်ဘွားအုပ်ချုပ်ရေးရှိခဲ့သလို ကလေး၊ ထီးလင်း၊ ဂန့်ဂေါ စသည့်ယောနယ်များတွင်လည်း စော်ဘွားများရှိခဲ့ကြပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရယူရန်အတွက် ၁၉၄၇ ခုနှစ် အခြေခံဥပဒေရေးဆွဲရာ ၌ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ဟူ၍ရှိခဲ့ရာ လူမျိုးစုလွှတ်တော်ရှိ ရှမ်းအမတ်များအားလုံးကို ရှမ်းစော်ဘွားများထဲကသာ ရွေးကောက်တင် မြှောက်ရမည်ဟူ၍ ပြဋ္ဌာန်းခဲ့သည်။ ထို့ကြောင့်လည်း စော်ဘွားများသည် ရွေးကောက်ပွဲဝင်စရာမလိုဘဲ အမတ်ဖြစ်လာခဲ့ကြသည်။
စော်ဘွားများအာဏာစွန့်ရေးကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်နေဝင်း က “ဒီလိုမှ အာဏာမစွန့်ကြဘဲ မိမိတို့ရဲ့အာဏာ အခွင့်အရေးတွေကို ဆက်ပြီးကိုင်ထားချင်ကြသေးတယ်ဆိုရင်တော့ ရှမ်းပြည်နဲ့ ပြည်ထောင်စုမှာ နိုင်ငံရေးရော၊ အုပ်ချုပ်ရေးရော၊ နှစ်ခုစလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်လာနိုင်ပါတယ်”ဟု ဆိုခဲ့သည်။
ရှမ်းစော်ဘွားများအာဏာစွန့်ခဲ့စဥ်ကာလသည် ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့် အစိုးရအာဏာယူထားခိုက်ဖြစ်သည်။ စော်ဘွားအချို့ကလည်း မိမိတို့အာဏာကို အမှန်တကယ်စွန့်လွှတ်လိုကြသဖြင့် အာဏာစွန့်လွှတ်ရေးအထမြောက်ခဲ့သည်ဟု ဆိုရပေမည်။ ဆိုခဲ့သလို ရှမ်းစော်ဘွားများ၏အပြောင်းအလဲကို ရှမ်းပဒေသရာဇ်တို့အပေါ် အောင်မြင်မှုတစ်ရပ်အဖြစ် အိမ်စောင့်အစိုးရနှင့် ဗိုလ် ချုပ်နေဝင်းတို့တစ်စုက ရှုမြင်ကောင်းရှုမြင်ကြမည်ဖြစ်သော်လည်း ရှမ်းအမျိုး သားရေးဝါဒီလူငယ်များအဖို့ကတော့ ဗဟိုအစိုးရကို လက်နက်ဖြင့်တော်လှန်ဖို့ စိုင်းပြင်းစေခဲ့ပါသည်။
တစ်ဖက်တွင်လည်း စဝ်ရွှေသိုက်၊ စဝ်ကြာဆိုင်နှင့် အချို့သောရှမ်းခေါင်းဆောင်များက ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ယုံကြည်ခဲ့ကြသဖြင့် တဖြည်းဖြည်းရင့်မှည့်ကူးစက်လာခဲ့ပြီဖြစ်သော ရှမ်းလက်နက်ကိုင်ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရန် ယခင်ကထက် အားသွန်ခွန်စိုက်ကြိုးစားလာခဲ့ကြသည်။ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်းကသာလျှင် ဖက်ဒရယ်ပြည်ထောင် စုကြီး ကြံ့ခိုင်တည်တံ့မည်ဖြစ်သလို လက်နက်ကိုင်နည်းဖြင့် ခွဲ ထွက်ရေးပြဿနာလည်း အပြီးတိုင်ကျေအေးသွားလိမ့်မည်ဟု မျှော်လင့်ထားကြပါ သည်။
******
စော်ဘွားလေးစဝ်ကြာဆိုင်အတွက်တော့ ဖြန့်ကျက်စဥ်းစားစရာအကြောင်း အရာများက များပြားလွန်းပါသည်။ ထို့ကြောင့်လည်း စော်ဘွားလေး စဝ်ကြာဆိုင် က တွေးလက်စအတွေးများ ခဏဖြတ်ချပြီး ဟဲဟိုးလေဆိပ်သွားရန် စိုင်းပြင်းတော့၏။
တောင်ကြီးမြို့၏မနက်ခင်းသည် ခါတိုင်းကဲ့သို့ပင် ပုံမှန်ရှိနေသည်ဆိုသော်ငြား လမ်းဘေးဝဲယာတလျှောက်မှာတော့ လက်နက်ကိုင်ဆောင်ထားကြသည့် မြန်မာစစ်သားအများအပြားကို တွေ့နေရပါသည်။
လမ်းတလျှောက်ပြေးလွှားမောင်းနင်နေကြသော မော်တော်ကားများကို မြန်မာစစ်သားများက ရပ်တန့်ရှာဖွေစစ်ဆေးခြင်းများမရှိသော်လည်း တောင်ကြီးမြို့ဝင်မြို့ထွက်ဂိတ်မှာတော့ မော်တော်ယာဥ်များအားလုံးကို လက်နက်ကိုင်မြန်မာစစ်သားများက ရပ်တန့်၍စစ်ဆေးလျက်ရှိသည်။
စော်ဘွားလေး၏မော်တော်ကားကိုလည်း ရပ်ခိုင်းထားသဖြင့် ယာဥ်မောင်းဖြစ်သူက ရပ်ထားလိုက်သည်။ မကြာခင်မှာပဲ မြန်မာအရာရှိ ၃၊ ၄ ဦး မော်တော် ကားဆီရောက်လာကြပြီး
“စော်ဘွားလေး စဝ်ကြာဆိုင်ပါသလား”
“ကျုပ်က စဝ်ကြာဆိုင်ပဲ။ ဘာကိစ္စရှိလို့လဲ”
“ဒါဆိုရင်တော့ ဧည့်ရိပ်သာကို ခဏကြွပါ”
ယင်းသည်ပင် သီပေါစော်ဘွားလေးစဝ်ကြာဆိုင်ကို နောက်ဆုံးမြင်လိုက်ရခြင်းဖြစ်၏။
******
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် သီပေါစော်ဘွား စဝ်ကြာဆိုင် ဖမ်းဆီးခံခဲ့ရပါ သည်။ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း မိသားစုဝင်များနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဖမ်းဆီးခံရချိန်တွင် အသက် ၃၈ နှစ်သာရှိသေး သည်။ စော်ဘွားလေးပျောက်ဆုံးသွားခြင်းနှင့်ပတ်သက်ပြီး ထိုစဥ်က နိုင်ငံတော်အာဏာသိမ်းယူထားသော ဗိုလ်ချုပ် နေဝင်း အစိုးရ၏တာဝန်ရှိသူများက တစ်ယောက်တစ်မျိုး ကပေါက်တိကပေါက်ချာ ပြောဆိုခဲ့ကြပါသည်။
တချို့က စော်ဘွားလေးကို ဖမ်းဆီးမထားပါဘူးဟု ဘူးကွယ်ငြင်းဆိုခဲ့သည်။ တချို့က ကောင်းမွန်စွာစောင့်ရှောက်ထားသည် ဟု ဆိုပြန်သဖြင့် ယင်းစကားများအရ စော်ဘွားလေးအခြေအနေမှန်ကို တိတိပပဖမ်းဆုပ်ဖော်ပြခွင့်မရ။
ထိုသို့ ရှေ့နောက်မညီသောသတင်းများက စဝ်နန်းသုစန္ဒီအတွက် စိတ်ရှုပ်စရာများဖြစ်ခဲ့ရပါသော်လည်း သူမမယုံရဲသောသတင်းမှန်ကို သူမကိုယ်တိုင်ကြားခဲ့ရပြီးဖြစ်ပါသည်။ ထိုသတင်းစကားမှန်ကိုပြောကြားခဲ့သူမှာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်စကြာဖြစ်၏။
“စော်ဘွားလေးကို တောင်ကြီးမြို့မြောက်ဘက်က ဗထူးတပ်မြို့ဆီကိုဖမ်းသွားပြီး မကြာခင်မှာဘဲ ပစ်သတ်လိုက်ကြတယ်”
******
စော်ဘွားစဝ်ကြာဆိုင်နှင့် စဝ်နန်းသုစန္ဒီ တို့သည် ၎င်းတို့ဒေသတွင်းရှိပြည်သူ များ၏ လူမှုဘဝဖူလှုံရေးကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသဖြင့် ထိုခေတ် ထိုအခါကိုသိမီလိုက်ကြသည့် ရှမ်းအဘိုး၊ အဘွားတို့ကဆိုလျှင် စော်ဘွားလေးစဝ်ကြာဆိုင်နှင့် စဝ်နန်းသုစန္ဒီလက်ထက်တော်အခါက သီပေါနယ်သူ နယ်သားများ၏ လူနေမှုအဆင့်အတန်းမြင့်မား၍ စည်ပင်သာယာကြောင်းကို မြန်မာစစ်တပ်အဆက်ဆက်၏ စစ်အုပ်ချုပ်ရေးနှင့်နှိုင်းယှဥ်ကာ ယခုကဲ့သို့ပြောဆိုလေ့ရှိကြသည်။
“စော်ဘွားလေးက အလုပ်ကြိုးစားတယ်။ ရိုးသားဖြောင့်မတ်တယ်။ အဲဒီခေတ်တုန်းကတော့ ကျုပ်တို့နယ်သူနယ်သားတွေအားလုံး အကောင်းဆုံးဆန်ကိုပဲ စားကြရတယ်” ဟူ၏။
စော်ဘွားများသည် ၎င်းတို့အပိုင်စားရာဒေသအလိုက်အုပ်ချုပ်ခဲ့သဖြင့် သက် ဆိုင်ရာစော်ဘွား၏ အတ္တနောမတိပေါ် မူတည်ပြီး ယင်းဒေသအတွက် ကောင်းခြင်း၊ ဆိုးခြင်းများသက်ရောက်ပေလိမ့်မည်။ ထို့ကြောင့်လည်း စော်ဘွား အုပ်ချုပ်ရေးက အမြဲတမ်းအတွက်တော့ အမှန်တရားတစ်ခုဖြစ်ချင်မှဖြစ်ပါလိမ့်မည်။
စော်ဘွားအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ကျေးသီးမြို့၏ကျေးလက်တစ်ခုတွင်မွေးဖွားခဲ့သည့် ရှမ်းဘုန်းတော်ကြီး ဘဒ္ဒန္တ အင်္ကုရ ကတော့ –
” စော်ဘွားများဆိုတာကလည်း သမိုင်းအရ စစ်အစိုးရလောက်မဆိုးရွားဘူးဆိုခဲ့ရင်တောင် ရာနှုန်းပြည့်တော့ အကောင်းဘက်ဦးတည်မလာနိုင်လောက်ဘူးလို့တော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ စီမံခန့်ခွဲမှု၊ ခေတ်မီသောအတွေး အခေါ်နဲ့ ရဲစွမ်းသတ္တိပိုင်းမှာတော့ သီပေါစော်ဘွားနဲ့ ကျိုင်းတုံ၊ လဲချား အဲ့လောက်ပဲ ထက်ထက်မြက်မြက်ရှိကြတာကိုး။ ပြီးတော့ လုပ်ပိုင်ခွင့်ကို ကိုယ် ကျိုးအတွက် အသုံးပြုတာများလိမ့်မယ်လို့ထင်တယ်” ဟု မိန့် သည်။
ပူပြင်းသောဧပြီလနှောင်းပိုင်း၏ ညနေခင်းဆည်းဆာသည် မကြာခင်ကွယ် ပျောက်သွားတော့မည်ဖြစ်၏။ ဧပြီလအပူဒဏ်ကိုအံတုရင်း ရဟန်းတော်ကလည်း စော်ဘွားများနှင့်ပတ်သက်၍ ယခုကဲ့သို့ပင် ဆက်လက်မိန့်ကြားပြန်ပါ သည်။
“တိုးတက်ပြောင်းလဲတဲ့ အရွေ့တစ်ခုကိုရောက်ဖို့အတွက်က ထင်သလောက်လွယ်မယ်မထင်ပါဘူး။ တစ်ဖက်ကလည်း ဗမာစစ်အစိုးရက ယုတ်မာတဲ့နည်းလမ်းပေါင်းစုံနဲ့ ဟန့်တားနေမှာဖြစ်တဲ့အတွက် စော်ဘွားများသာရှိနေဦးမယ်ဆိုရင်လည်း ထင်သလောက်တိုးတက်ပြောင်းလဲမယ့် အရွေ့တစ်ခုဆီတော့ ရောက်နိုင်မယ်မထင်ဘူး”
“စော်ဘွားတွေထဲမှာကလည်း ပညာသည်အုပ်စုကနည်းတယ်။ အမြော်အမြင် နည်းကြတယ်။ ကြောက်တတ်ကြတယ်။ အဓိကကတော့ သူတို့လည်း သူတို့ထိုင်ခုံတည်မြဲရေးကိုသာဦးစားပေးနေလေတော့ မက်လုံးများနောက် လိုက်ပါနေကြတာက သမိုင်းသက်သေပဲလေ”
“ဥုးဇင်းရဲ့ အတ္တနောမတိအမြင်ကတော့ စော်ဘွားများရှိနေသေးတယ်ဆိုရင်တောင် သိပ်ထူးလာမယ့် အနေအထားမရှိပါဘူး။ ပါတီကွဲ အုပ်စုကွဲနဲ့ ကွဲပြဲနေကြဦးမယ်လို့သာ ထင်မြင်မိတာပါပဲ”