![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာတွင် နွားကျောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားနှစ်ဦး ကို အာဆာအဖွဲ့ ARSA မှ ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင် မေယုတောင်တန်းအနီးတွင် နွားကျောင်းနေစဉ်တွင် အာဆာအဖွဲ့ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အသက် (၄၀)အရွယ် မောင်တော ဒေသခံတစ်ဦးမှ ပြောသည်။
” စုစုပေါင်း လူက ၆ ယောက်ပေါ့နော်၊ အဲဒီနားမှာ နွားကျောင်းရင် အာဆာအဖွဲ့တွေက ဓားတွေ ၊သေနတ်တွေ ရောက်လာပြီးတော့ ဖမ်းသွားတာပါ။ အဲဒီမှာ ထွက်ပြေးကြတော့ ၃ယောက်က လွတ်သွားတယ်။ ကျန် ၃ယောက်က ဖမ်းဆီးတာ ခံလိုက်ရတယ်။” ဟု ယင်းကိစ္စအား သိသည့် မောင်တောဒေသခံတစ်ဦးက ဆိုသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်မှာ အသက် ၁၆ နှစ်ဖြစ်ပြီး ကျန် ၂ဦးမှာ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။
ယင်းထဲမှ လွတ်မြောက်လာသူများမှာ လက်ရှိတွင် ကျေးရွာသို့ ရောက်ရှိနေပြီးဖြစ်ကာ တာဝန်ရှိသူများက ဆက်လက်ပြီးရှာဖွေမှုများ လုပ်ဆောင်နေကြောင်းသိရသည်။
အာရက္ခတပ်တော်နှင့် နီးစပ်သူ တစ်ဦးက ‘ ထွက်ပြေးလာတဲ့လူတွေကတော့ ရွာကို ရောက်နေကြပါပြီ။ ဖမ်းသွားကြတဲ့ လူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ တာဝန်ရှိသူတွေနဲ့လည်း ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ ‘” ဟုလည်းဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း ကျောက်ပန္ဒူကျေးရွာမှ ခရီးသည် ၅ ဦးအား အာဆာ အဖွဲ့မှ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနှစ်ဦးသေဆုံးပြီး ထွက်ပြေးလွတ်မြောက်လာသူထဲမှ ၂ ဦးမှာလည်း ဒဏ်ရာရရှိထားသည်။
အာဆာအဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် တောတောင်များထဲ့သို့ တစ်ဦးတည်းမသွားရန် အာရက္ခတပ်မတော် AA မှ သတိပေးထားသည်။
#မောင်တောဒေသခံ #အာဆာ #ထပ်မံဖမ်းဆီး #ThanLwinKhetNews
