![]()

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကျက်စားရာ KK Park မှ ထွက်ပြေးလာသူများအား ထိုင်းနိုင်ငံမှ ယာယီခိုလှုံခွင့်ပေးထားပြီးလျက်ရှိရာ အောက်တိုဘာ ၂၄ ရက် တွင် နိုင်ငံခြားသား ၁၀၀၀ ကျော်အထိ ခိုလှုံရန် ရောက်ရှိနေသည်ဟု ထိုင်းသတင်းဌာနဖြစ်သည့် Khaosod တွင် ဖော်ပြထားသည်။
အဆိုပါ ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများအား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ခရိုင်၊ မဲကူဒေသခွဲ၊ အမှတ် ၉ ရွာဖြစ်တဲ့ ဘန်မဲကူထာဆွန် (Ban Mae Ku Tha Sung) ရှိ ယာယီစခန်းတွင် အောက်တိုဘာ ၂၃ ရက်မှ စတင်၍ ခိုလှုံခွင့်ပြုထားခဲ့သည်။
လက်ရှိတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ထွက်ပြေး၍ ခိုလှုံနေသူ ၁၀၀၀ ကျော်အထိ ရှိနေပြီး နာရီနှင့် အမျှ ခိုလှုံသူများ တိုးလာနေသည်ဟု အဆိုပါ သတင်းဌာန၏ ဖော်ပြချက် အရသိရသည်။

လက်ရှိ ခိုလှုံနေသူများထဲတွင် အိန္ဒိယနိုင်ငံသား ၃၉၉ ဦး ပါရှိပြီး အများဆုံးဖြစ်ကာ ဒုတိယ အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အရေအတွက်အားဖြင့် ၁၄၇ ဦး အထိ ခိုလှုံနေသည်ဟု သိရသည်။
ထို့အပြင် ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများထဲတွင် ထိုင်းနိုင်ငံသား ၃၁ ဦးပါဝင်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံသားများလည်း ပါဝင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်၊ ခရီးသွားလာမှု အချက်အလက်နှင့် ရာဇဝတ်မှု မှတ်တမ်းများကို မိုဘိုင်းလ် ဇီဝဆိုင်ရာ သက်သေခံစနစ်များ (mobile biometric identification systems) နှင့် ဇီဝဆိုင်ရာ စကန်နာများ တပ်ဆင်ထားသည့် ကင်းလှည့်ယာဉ်များကို အသုံးပြု၍ စီစစ်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချောင်ရွန် ရင်မ်ပါဒီ (Police Lieutenant General Choengron Rimpadee) မှ ပြောသည်။
ထို့အပြင် အဆိုပါ အချက်အလက်များကို စီစစ်၍ ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်သွားမည်ဟု သိရသည်။
လက်ရှိ စိစစ်ချက်များအရ ဖမ်းဆီးထားသူ အများစုထဲမှ တရုတ်နိုင်ငံသားများသည် နိုင်ငံကူးလက်မှတ် မရှိသည့် အပြင် ယခင်က နိုင်ငံတကာ ဖမ်းဝရမ်းရှိသူများနှင့် မူခင်းမှတ်တမ်းရှိသူများ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် မဲဆောက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာကာကွယ်ရေး စေတနာဝန်ထမ်းများ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် နိုင်ငံခြားသားများကို လက်ခံအကူအညီပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ယင်းသို့ ခိုလှုံနေသူများထဲမှ ရာဇဝတ်မှု ကျူးလွန်ထားသူများအား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူခြင်းကိုလည်း လုပ်ဆောင်သွားမည်ဟု သတင်းတွင် ဖော်ပြထားသည်။
#ကျားဖြန့်ဂိုဏ်း #စိစစ်အရေးယူ #ထိုင်းအာဏာပိုင် #ThanLwinKhetNews
