ဓမ္မသဒေသခံများ နေရပ်ပြန်နိုင်ဟု စစ်ကောင်စီကြေညာထားသော်လည်း လက်နက်ကြီးဖြင့်ပစ်ခတ်နေ
*****
သဇင်
ဧပြီ ၂၇၊၂၀၂၄။
စစ်ရေးတည်ငြိမ်နေပြီဖြစ်သောကြောင့် မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ဓမ္မသကျေးရွာသို့ ဒေသခံများ ပြန် လည်အခြေချနေထိုင်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်ဟု ဒေသခံများထံက သိရ သည်။
ယမန်နေ့ ဧပြီ ၂၆ ရက်တွင် စစ်ကောင်စီတပ်က ကျိုက်မရောမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကတဆင့် “ဓမ္မ သကျေးရွာအုပ်စုသည် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ကျေးရွာသူ/သားများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာသည်” ဟု ဗီနိုင်းဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
ဒေသခံများအား ဓမ္မသကျေးရွာအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ပြီဟု ထုတ်ပြန်ထားသော်လည်း ဂျိုင်းမြစ် အတွင်းတပ်စွဲထားသောစစ်သင်္ဘောက အမြောက်များဖြင့် ဓမ္မသကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများအား ပစ် ခတ်မှုများလုပ်ဆောင်နေသေးသည်ဟု ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “သူတို့စာ ဘယ်လောက်ကပ်ကပ်၊ ဘယ်သူမှမပြန်ရဲဘူး။ ဘယ်သူမှလည်း မပြန်ကြသေးဘူး။ စစ်သင်္ဘောကနေ အမြောက်ထောင်ပြီး ပစ်နေတာ။ ရွာပြန်ရင်တောင် ကျွန်တော်တို့က ဘယ်လိုနေရမှာလဲ”ဟု ဆို သည်။
စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ အင်အားသုံးပစ်ခတ်မှုများကြောင့် ဓမ္မသကျေးရွာရှိနေအိမ် ၄၀၀နီး ပါး မီးလောင်ဆုံးရှုံးခဲ့သည်။
ဓမ္မသကျေးရွာသည် နေအိမ် ၁,၀၀၀ ကျော်ရှိသည့်ကျေးရွာဖြစ်ပြီး အိမ်ခြေထက်ဝက်ခန့် မီးလောင်ဆုံးရှုံးထား သည့်အတွက် နေအိမ်ဆုံးရှုံးခဲ့သည့်ဒေသခံများအတွက် ပြန်စရာနေအိမ်မရှိသည့်အပြင် ကျေးရွာဘုန်းကြီးကျောင်း လည်း မီးလောင်ပျက်စီးခဲ့သည့်အတွက် နေရပ်ပြန်ရန် အခက်အခဲများရှိနေသည်ဟု နေအိမ်ဆုံးရှုံးခဲ့သည့် ဒေသခံ အမျိုးသမီး ၁ ဦးကဆိုသည်။
“ခက်တာက အကုန် ခက်ခဲတယ်။ မှီခိုဖို့ဘုန်းကြီးကျောင်းလည်းမရှိတော့ဘူး။ မိသားစုတွေကလည်း တစ်ယောက် တစ်ကွဲတစ်ပြားစီ။ သူများအိမ်မှာလည်း အလွန်ဆုံး ၁ လ ၂လပဲနေလို့ရမှာပေါ့။ ကျွန်မတို့မှာ အရာရာခက်ခဲပါ တယ်။ သူများတွေအိမ်ပြန်ရင်တောင် ကျွန်မတို့မှာ ပြန်စရာမရှိတော့ဘူး” ဟုဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်မှုတို့ကြောင့် ဓမ္မသကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီလည်း မရသည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံအမျိုးသား ၁ ဦးက ဆိုသည်။
“အရင်ကတော့ စားစရာတွေလာပေးတယ်။ ဆန်တွေဆီတွေ။ အခုက ဖမ်းခံထိမှာစိုးလို့ ဘယ်သူမှလာမလှူကြ တော့ဘူး။ ဟိုဆရာ (မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦး) ဖမ်းခံထိပြီးကတည်းက အခုချိန်ထိ လာထောက်ပံ့ပေးတဲ့သူ မရှိသလောက်ပဲ”ဟုဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် မွန်စစ်ဘေးရှောင်များအား ကူညီမှုများလုပ်ဆောင်နေသည့် ကျိုက်မရောမြို့ နယ်၊ သံကလောင်ရွာ ကျောင်းထိုင်ဆရာတော်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သေးသည်။
ဂျိုင်းမြစ်ဝှမ်းဒေသဖြစ်သည့် မွန် – ကရင်နယ်စပ် ကော့ဘိန်းကျေးရွာတွင်လည်း ဧပြီလ ၂၅ ရက်တွင် စစ်ကောင်စီ က စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ-CJ
ပုံစာ – နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဓမ္မသကျေးရွာဒေသခံများ။
************
Telegram – > https://t.me/ThanLwinKhetNews/4469
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9622