ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်
********
ဧပြီ ၂၇၊ သံလွင်ခက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတိုက်ပွဲများကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသော ချစ်ကြည်ရေးတံတား ၁ အား ယနေ့ နံနက် မြန်မာစံတော်ချိန် ၁၀ နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။
တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဧပြီလ ၂၁ ရက် မနက်ပိုင်း ၈ နာရီအချိန်ခန့်မှစကာ မြန်မာဘက်ခြမ်းမှ ထိုင်းဘက်ခြမ်းသို့ ထွက်ခွာခွင့်ကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
” ဒီကနေ့ မနက် ၉ နာရီမှာ ပြန်ဖွင့်မယ်ဆိုပြီး သတင်းကြားတာ ၁၀ နာရီလောက်ကြတော့ ပြန်ဖွင့်ပြီး ကူးနေကြပြီ”ဟု အမှတ် ၁ တံတားအနီးရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်နေသူ ကိုအောင်ကြီးက ပြောသည်။
မြဝတီအမှတ် ၂ တံတားအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဧပြီလ ၁၉၊ ၂၀နှင့် ၂၁ ရက်များတွင် ထိုင်းဘက်ခြမ်း မဲဆောက်မြို့သို့ သွားရောက်လိုသူများ များပြားခဲ့သည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ဧပြီလ ၂၀ ရက်တွင် အမှတ်၁ တံတားမှ ဝင်ရောက်လာသူ ၂၀၀၀ ကျော်ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များက ည ၇ နာရီခွဲအချိန်အထိ ဖွင့်လှစ်ပေးခဲ့သည်။
“ဧပြီ ၂၁ ရက်မနက်အစောပိုင်းကတည်းက အထွက်ကို ရုတ်တရက်ထပိတ်လိုက်တာ၊ ထိုင်းဘက်ခြမ်းက တောက်လျှောက်ဖွင့်ပေးထားတယ်။ မြန်မာဘက်ကသာ ပိတ်ထားတာ”ဟု မြဝတီဒေသခံ မမီးမီးကပြောသည်။
ထိုင်း-မြန်မာ အဓိက ကုန်စည်စီးဆင်းမှုရှိနေသော အမှတ် ၂ တံတားအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းခြင်း၊ ပျက်စီးသွားသော အင်တာနက်လိုင်းများ၊ လျှပ်စစ်မီးများနှင့် စက်ပစ္စည်းများကို ပြင်ဆင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူအချို့က ပြောဆိုထားသည်။
ဓါတ်ပုံ – အမှတ် ၁ တံတားမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့်မြင်ကွင်း(သံလွင်ခက်)
************
Telegram – > https://t.me/ThanLwinKhetNews/4467
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9618