၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို ဒုက္ခသည်ဝင်ရောက်မှု စံချိန်တင်မြှင့်တက်
******
သံလွင်ခက်
ဧပြီ ၁၁၊ ၂၀၂၄။
ကိုဗစ်နောက်ပိုင်း ဂျပန်နိုင်ငံတွင်းခရီးသွားလာမှုများ ပြန်လည်ကောင်းမွန်လာပြီးနောက် ခိုလှုံခွင့်လျှောက်ထားသူ အရေအတွက်သည် ယမန်နှစ်ကထက် ၃ ဆတိုးလာသည်ဟု ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနကပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံက ဒုက္ခသည်အရေအတွက် ၃၀၃ ဦး စံချိန်တင်လက်ခံခဲ့သည်။
ဂျပန်နိုင်ငံသည် ယမန်နှစ်ကထက် ဒုက္ခသည်အရေအတွက် ၁၀၁ ဦးတိုးမြှင့်လက်ခံခဲ့သော်လည်း အနောက်နိုင်ငံ များနှင့် နှိုင်းယှဥ်ကြည့်လျှင်မူ များစွာနည်းပါးသောပမာဏဖြစ်သည်။ အနောက်နိုင်ငံအများစုသည် ၁ နှစ်လျှင် ဒုက္ခ သည် ၁၀,၀၀၀ ကျော် ပုံမှန်လက်ခံလေ့ရှိသည်။
ဂျပန်နိုင်ငံကို ဒုက္ခသည်အဖြစ်ရောက်ရှိနေကြသူများတွင် အာဖဂန်နစ္စတန်နိုင်ငံကအများဆုံးဖြစ်သည်။ အာဖဂန် နစ္စတန်နိုင်ငံကို တာလီဘန်များထိန်းချုပ်ပြီးနောက်ပိုင်း ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန၏ ဝန်ထမ်းများ ဂျပန်နိုင်ငံကို ဒုက္ခသည်များအဖြစ် အများဆုံးထွက်ပြေးလာ ကြသည်ဟု လူဝင်မှုကြီးကြပ်ရေးဌာန၏ တာဝန်ရှိသူများကပြောသည်။
ဂျပန်နိုင်ငံတွင် ဒုက္ခသည်များအဖြစ်နေထိုင်နေကြသော အာဖဂန်နစ္စတန်နိုင်ငံသား ၂၃၇ ဦးရှိနေပြီး မြန်မာနိုင်ငံ သား ၂၇ ဦးကိုလည်း ဒုက္ခသည်များအဖြစ် ဂျပန်အစိုးရကလက်ခံထားသည်။ အဆိုပါမြန်မာနိုင်ငံသားများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်များအဖြစ် ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသည်။
ဂျပန်နိုင်ငံတွင် ဒုက္ခသည်များအဖြစ်ခိုလှုံခွင့်ရရန်လျှောက်ထားသူအရေအတွက်မြှင့်တက်လျက်ရှိပြီး စုစုပေါင်း ၁၃,၈၂၃ ဦးရှိသည်။ ၂၀၁၇ ခုနှစ်တွင် ဒုက္ခသည်အဖြစ်လျှောက်ထားသူ ၁၉,၆၂၉ ဦးရှိခဲ့ပြီး လက်ရှိလျှောက်ထားသူ အရေ အတွက်က ၂၀၁၇ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်လာသည်။
အများဆုံးလျှောက်ထားသူများမှာ သီရိလင်္ကာ၊ တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြသည်။
“ကိုဗစ်ကြောင့်ဆိုင်းငံ့ထားတဲ့ကန့်သတ်ချက်တွေ ပြန်လည်ရုတ်သိမ်းပြီးနောက်ပိုင်း ဂျပန်မှာခိုလှုံခွင့်တောင်းခံသူ အရေအတွက် မြှင့်တက်လာတယ်”ဟု လူဝင်မှုကြီးကြပ်ရေးဌာနကပြောသည်။
လျှောက်ထားသူအရေအတွက်မြှင့်တက်လာသော်လည်း ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ်လက်ခံသူအရေအတွက် က နည်းပါးနေဆဲဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများ၏ ပြည်တွင်းရေးအခြေအနေများကို ထည့် သွင်းစဥ်းစားပြီးနောက် (လူသားချင်းစာနာထောက်ထားမှုအရ) ဒုက္ခသည်များအဖြစ်အသိအမှတ်မပြုထားသော လူ ပေါင်း ၁,၀၀၅ ဦးကို ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ပြုထားသည်။
ဂျပန်နိုင်ငံတွင် တင်းကြပ်သောလူဝင်ကြီးကြပ်ရေးဆိုင်ရာဥပဒေများပြဋ္ဌာန်းထားသည်။ ထို့ကြောင့် မြောက်အမေရိ ကနှင့် ဥရောပနိုင်ငံများနှိုင်းယဥ်ပါက ဂျပန်နိုင်ငံခိုလှုံခွင့်ပြုထားသောဒုက္ခသည်အရေအတွက်က များစွာနည်းပါးနေ သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။
Ref: Kyodo
ဓာတ်ပုံ – NHK