နာမည်ကျော် သိပ္ပံပညာရှင်၊ ဇီဝဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူတစ်ဦးဖြစ်သည့် ဒေါက်တာ ဂျိန်း ဂူးဒေါလ်သည် အောက်တိုဘာလ ၁ ရက်တွင် ကွယ်လွန်သွားသည်ဟု ၎င်း၏ Jane Goodall Institute မှ တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
အင်္ဂလန်နိုင်ငံသူဖြစ်သည့် ဤသိပ္ပံပညာရှင်ကြီးသည် အသက် ၉၁ နှစ်အရွယ်တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ အိပ်ပျော်နေစဉ် ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး သားတစ်ဦးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။
ဒေါက်တာ ဂျိန်း ဂူးဒေါလ်သည် သူ၏ဘဝသက်တမ်း၏ ၆၅ နှစ်တာ ကာလ ကို ချင်ပန်ဇီမျောက်ဝံများ၏ လူမှုဘဝနှင့် အမူအကျင့်များကို လေ့လာစူးစမ်းခြင်းဖြင့် မြှုပ်နှံခဲ့သည်။ သူသည် ချင်ပန်ဇီများ၏ ကမ္ဘာကို လူသားများ အနီးကပ်ဆုံး သိရှိနားလည်နိုင်ရန်အတွက် အထူးပြုလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ချင်ပန်ဇီအကြောင်း အသိပညာ အများဆုံးပိုင်ဆိုင်သူ ပညာရှင် အဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းက အသိအမှတ်ပြုထားသည်။
ကွယ်လွန်သူ ဆရာမကြီးသည် ၁၉၇၇ ခုနှစ်က သူ တည်ထောင်ခဲ့သော Jane Goodall Institute မှတစ်ဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကမ္ဘာအနှံ့ ဆောင်ရွက်ခဲ့သည်။ ဤအဖွဲ့အစည်းသည် ယခုအခါ ကမ္ဘာတစ်ဝှမ်း အစိုးရအဖွဲ့အစည်းအမျိုးမျိုးနှင့် ပူးပေါင်းကာ ရုံးခွဲ ၂၅ ခု အထိ ဖွင့်လှစ်နိုင်ခဲ့သည်။
“လူငယ်တွေကို နောက်ဆုံးမကွယ်လွန်ခင်အထိ သူ့ရဲ့ ဖောင်ဒေးရှင်းမှတစ်ဆင့် ခေါင်းဆောင်မှု အရည်အသွေးနဲ့ ပညာရေးအကူအညီတွေ ပေးခဲ့ပြီး လူသားနဲ့ သဘာဝ ကင်းကွာလို့မရဘူး ဆိုတာတော့ သူ့ရဲ့ နာမည်ကျော် ဆောင်ပုဒ်တစ်ခု ဖြစ်ခဲ့ပါတယ်” ဟု Myanmar Astronomy & Science Enthusiasts Society လူမှုကွန်ရက်စာမျက်နှာက ဂုဏ်ပြုဖော်ပြသည်။
ဒေါက်တာ ဂျိန်း ဂူးဒေါလ် ကွယ်လွန်သွားသော်လည်း သူ ထားခဲ့သည့် လူသားတို့အတွက် ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုများနှင့် သိပ္ပံအမွေအနှစ်များသည် အနာဂတ်မျိုးဆက်သစ်များအတွက် ဆက်လက်၍ တွန်းအားဖြစ်စေပြီး လူသားသမိုင်းတွင် အကျိုးပြုခဲ့သည့် ထူးခြားသော ပညာရှင် တစ်ဦးအဖြစ် အမြဲတမ်းရှင်သန်နေမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။