မြန်မာစစ်ကောင်စီထံ လက်နက်ရောင်းချမှုများမှတစ်ဆင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် (Missile) အစီအစဉ်များအတွက် တရားမဝင် ငွေကြေးရှာဖွေပေးနေသူ ပုဂ္ဂိုလ်ငါးဦးနှင့် ကုမ္ပဏီတစ်ခုကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ ယခုလုပ်ဆောင်ချက်သည် မြောက်ကိုရီးယားနှင့် မြန်မာစစ်အုပ်စုအကြား လက်နက်ရောင်းဝယ်ဖောက်ကားမှု ကွန်ရက်ကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ပံ့ပိုးနေသည့် ငွေကြေးလမ်းကြောင်းကို ပြတ်တောက်သွားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဘဏ္ဍာရေးဌာနမှ အရာရှိများက ဤပိတ်ဆို့မှုသည် မြောက်ကိုရီးယား၏ လက်နက်ဖော်ထုတ်ရေး စွမ်းရည်ကို အားနည်းစေလိမ့်မည်ဟု ပြောဆိုသည်။ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန၏ အတွင်းဝန် ဂျွန် ကေ. ဟာလေ က “မြောက်ကိုရီးယားရဲ့ တရားမဝင်လက်နက်အစီအစဉ်တွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ရိုက်ခြိမ်းခြောက်နေပါတယ်” ဟု ပြောသည်။
လက်နက်ပွဲစား မြန်မာကုမ္ပဏီ ပိတ်ဆို့ခံရ ပိတ်ဆို့အရေးယူမှု၏ အဓိကပစ်မှတ်မှာ မြန်မာနိုင်ငံမှ လက်နက်ဝယ်ယူရေးကုမ္ပဏီဖြစ်သည့် တော်ဝင်ရွှန်းလဲ့ကုမ္ပဏီ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် တော်ဝင်ရွှန်းလဲ့ကုမ္ပဏီသည် မြောက်ကိုရီးယား၏ အဓိက လက်နက်ရောင်းဝယ်ရေးအဖွဲ့ဖြစ်သော KOMID (Korea Mining Development Trading Corporation) နှင့် ပထမဆုံးအကြိမ် လက်နက်ရောင်းဝယ်မှု စာချုပ်များ ချုပ်ဆိုခဲ့သည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစ၍ ကုမ္ပဏီဝန်ထမ်းများသည် တရုတ်နိုင်ငံတွင် KOMID ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာလေတပ်အတွက် လေကြောင်းဗုံး လမ်းညွှန်မှု ကိရိယာများ၊ ဗုံးများနှင့် လေယာဉ်ပေါ်မှ စောင့်ကြည့်ရေး စက်ပစ္စည်းများ ဝယ်ယူရန် ညှိနှိုင်းခဲ့သည်။
ထိုလက်နက်ရောင်းဝယ်မှုများတွင် ပါဝင်သူများဖြစ်သည့် တော်ဝင်ရွှန်းလဲ့ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် တင်မျိုးအောင်၊ ဝန်ထမ်း ကျော်သူမျိုးမြင့်နှင့် ဒါရိုက်တာ အောင်ကိုကိုဦး တို့ကို အမေရိကန်က တိုက်ရိုက်အရေးယူခဲ့သည်။ ထို့အပြင် ဘေဂျင်းရှိ KOMID မှ ကိုယ်စားလှယ် Kim Yong Ju သည် လက်နက်ရောင်းချမှုကို စီစဉ်ပေးခဲ့ပြီး နောက်ဆုံးအမှာမယူမီ စမ်းသပ်ရန်အတွက် လက်နက်နမူနာများကိုပင် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား ထောက်လှမ်းရေးအရာရှိ၏ ငွေကြေးခဝါချမှု မြောက်ကိုရီးယား ထောက်လှမ်းရေးအထွေထွေဗျူရို (Reconnaissance General Bureau) ကို ကိုယ်စားပြုသော ထောက်လှမ်းရေးအရာရှိ Nam Chol Ung ကိုလည်း ပိတ်ဆို့အရေးယူထားသည်။ Nam သည် ၂၀၁၃ ခုနှစ်မှစ၍ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ကုမ္ပဏီများနှင့် စားသောက်ဆိုင်များစွာကို ဖွင့်လှစ်ကာ မြောက်ကိုရီးယားအတွက် ငွေကြေးခဝါချခဲ့သည်။
၎င်း၏ ကွန်ရက်တွင် မြောက်ကိုရီးယား ဆေးရွက်ကြီးပစ္စည်းများကို အရှေ့တောင်အာရှသို့ မှောင်ခိုတင်သွင်းသည့် ကုမ္ပဏီများ ပါဝင်ပြီး ကုန်ပစ္စည်းတင်သွင်းမှုအတွက် ကုန်သွယ်မှုစာချုပ်အတုများလည်း ပြုလုပ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ခဲ့သည်။
ပိတ်ဆို့မှု၏ ရိုက်ခတ်မှု ဤပိတ်ဆို့အရေးယူမှုကြောင့် အမေရိကန်ပိုင်နက်အတွင်းရှိ အရေးယူခံရသူများနှင့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများအားလုံး ပိတ်ဆို့ခံရမည်ဖြစ်သည်။ အမေရိကန်နိုင်ငံသားများသည် ၎င်းတို့နှင့် စီးပွားရေးလုပ်ကိုင်ခွင့်မရှိသည့်အပြင် ၎င်းတို့နှင့် ငွေပေးငွေယူပြုလုပ်သည့် နိုင်ငံခြားဘဏ်များသည်လည်း အမေရိကန်၏ ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။
ဤအရေးယူမှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများ ပျက်စီးကာ အရပ်သားများစွာ ယနေ့အချိန်အထိ သေဆုံးနေကြရဆဲဖြစ်သည်။