ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ဖြစ်နေပြီး အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရခြင်းများ ကြုံတွေ့နေရသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
ထို့အပြင် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများအတွက် နစ်နာကြေးမရခြင်း၊ လုပ်ခလစာမရခြင်းနှင့် ပွဲစားများ၏ လိမ်လည်ခံရခြင်းများအား ကြုံတွေ့နေရသည်ဟုလည်း အလုပ်သမားအရေးကူညီပေးနေသူများက ဆိုသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ခံ ကိုမုန်တိုင်းက “အဆိုးဆုံးအခြေအနေကို ကြုံတွေ့နေရတယ်။ ထိုင်းမှာ အများစုက တရားမဝင်အလုပ်သမားတွေ အများစုရှိတယ်။ တချို့အလုပ်ရုံမှာ အထောက်အထားမဲ့ရှိတယ်။ ဘတ်ရိုက်ထားတယ်။ တချို့ သူဌေးဆို စာရွက်စာတမ်းပြည့်စုံအောင်တောင် မကိုင်ခိုင်းဘူး” ဟု လက်ရှိ အလုပ်သမားများ ကြုံတွေ့နေရသည့် အခြေအနေအား ရှင်းပြသည်။
ဘာကြောင့် ပြဿနာ ပိုဆိုးလာသလဲ
အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရခြင်းနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းများသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းကြောင့်လည်း ဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ကြသည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပဋိပက္ခဒဏ်ကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများ များပြားလာပြီး အလုပ်ရှာဖွေသူ များပြားလာခြင်းကလည်း ထိုင်းလုပ်ငန်းရှင်များမှ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ပိုမိုလုပ်ဆောင်လာစေသည်ဟု အလုပ်သမားအရေးလုပ်ဆောင်သူများက ဆိုသည်။
ကိုမုန်တိုင်းက “မင်းတို့ မြန်မာနိုင်ငံရေး မကောင်းဘူးနော်။ မင်းတို့ ပိုက်ဆံပေးစရာတောင် မလိုဘူး။ ပိုက်ဆံတောင်းမယ်ဆိုရင် ငါတို့ ပုလိပ်ကိုတိုင်ပြီး ဖမ်းခိုင်းရင် မင်းတို့ မြန်မာနိုင်ငံပြန်ရောက်သွားမယ်ဆိုပြီးတော့ ဒါမျိုးတွေ ခြိမ်းခြောက်တယ်” ဟု လုပ်ငန်းရှင်များ၏ အခွင့်ကောင်းယူမှုကို ဆိုသည်။
လက်ရှိတွင် အစုလိုက်အပြုံလိုက် အလုပ်ပြုတ်ခြင်းနှင့် ပွဲစားများ၏ လိမ်လည်ခံရမှုများမှာ မြန်မာအများစု အလုပ်လုပ်ကိုင်ကြသည့် ချွန်ပူရီနှင့် မဟာချိုင်တို့တွင် အဓိက ကြုံတွေ့နေကြရသည်ဟု သိရသည်။
ပွဲစား လိမ်လည်မှု ပုံစံများ
အလုပ်လက်မဲ့ဖြစ်မှုအပြင် အလုပ်သမားများသည် ပွဲစားများ၏ စနစ်တကျ လိမ်လည်မှုများကိုလည်း ကြုံတွေ့နေရသည်။
ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က “အခုက တချို့ စက်ရုံတွေမှာ ရှိတဲ့ မန်နေဂျာတွေနဲ့ ပွဲစားတွေနဲ့ ပေါင်းပြီးတော့ အလုပ်သမားကို အစမ်းခန့်ကာလ ခေါ်ခန့်တယ်။ အလုပ်သမားတွေကိုတော့ အစမ်းခန့်ကာလလို့ ပြောတာ မဟုတ်ဘဲနဲ့ သုံးလမတိုင်ခင်မှာ အလုပ်ကနေ ပေးနားတယ်။ အဲဒီအခါကျတော့ ဥပဒေကို ရှောင်တဲ့ သဘောနဲ့ အစမ်းခန့်ကာလမှာပဲ အလုပ်ဖြုတ်လိုက်တယ်” ဟု ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံမှ ပတ်စပို့လုပ်ခွင့်ပေးထားသည့် အေဂျင်စီများဖြစ်သည့် ဘတ်ငါးသန်း၊ ဘတ်တစ်သန်း အေဂျင်စီများနှင့် မြန်မာပွဲစားများပေါင်းကာ အလုပ်သွင်းပေးခ (စမတ်ကြေး) ယူပြီး သုံးလမပြည့်မီ အလုပ်မှ ရပ်စဲခံရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။
ကိုမုန်တိုင်းက “ထိုင်းနိုင်ငံမှာ ပွဲစားတွေက မြန်မာပြည်သားတွေကို အလုပ်သွင်းပေးကြတယ်ပေါ့။ စမတ်ကြေး တယောက်ကို ငါးထောင်၊ ခုနှစ်ထောင် ယူကြတယ်။ ကျန့်ခေါက်ကြေးတွေ ယူကြတယ်။ ဒီအလုပ်သမားတွေ အပေါ်မှာက အမြတ်ယူပြီးရင် သုံးလပြည့်ရင် သူတို့ကို မောင်းထုတ်တာပေါ့” ဟု ဆိုသည်။
အဆိုပါ အလုပ်သမားများသည် အလုပ်ရရန် အတွက် ပြန်လည် အလုပ်သွင်းပေးခပေး၍ အလုပ်ရှာဖွေနေကြရသည်ဟု သိရသည်။
အလုပ်သမားများ ဘာလုပ်သင့်သလဲ
ထို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားဝင် အထောက်အထားများ လုပ်ထားရန်နှင့် လုပ်ငန်းခွင်အတွင်း လိုအပ်သည့် အထောက်အထားများ ပြည့်ပြည့်စုံစုံ လက်ဝယ်ကိုင်ဆောင်ထားရန် လိုအပ်သည်ဟု အလုပ်သမားအရေး လှုပ်ရှားသူများက အကြံပြုသည်။
အထူးသဖြင့် ပွဲစားမှတစ်ဆင့် အလုပ်ရှာဖွေမည်ဆိုပါက အလုပ်သွင်းပေးခ မပေးချေမီ ပွဲစား၏ အထောက်အထားများဖြစ်သည့် ပတ်စပိုစ့်စာအုပ်နှင့် ဘဏ်အထောက်အထားများ တူညီမှု ရှိမရှိ စစ်ဆေးသင့်သည်ဟု ကိုမုန်တိုင်းက အကြံပြုသည်။
“ထိုင်းမှာ အလုပ်ရှာတော့မယ်ဆိုရင် ဒီလူတွေရဲ့ ပတ်စပို့စ်ပေါ့။ အခကြေးငွေ ပေးရတော့မယ်ဆိုရင် သူတို့ရဲ့ ပတ်စပို့တောင်းရမယ်။ ပေးတယ်ဆိုမှ ဒီအလုပ်က မှန်ကန်မယ်။ သူတို့ ပတ်စပို့ အလုပ်သမားတွေဆီကို ရောက်လာရင် ဒီကောင်တွေ မလိမ်ရဲတော့ဘူး။ လိမ်ပြီဆိုရင် အတိုင်ခံရမယ်ဆိုတာ သူတို့ သိတယ်။ တရားဝင် အထောက်အထားရှိတယ်ဆိုရင် အမှုဖွင့်ရတာ လွယ်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ခုနှစ်သန်းခန့်အထိ ရှိနိုင်သည်ဟု အလုပ်သမားအရေးလုပ်ဆောင်နေသူများက ခန့်မှန်းထားသည်။
#ထိုင်းရောက်မြန်မာရွေ့ပြောင်းလုပ်သား #သိန်းနဲ့ချီအလုပ်လက်မဲ့ဖြစ်နေ #ThanLwinKhetNews